12/26/2009

ပြည်သူများကို စောင်းငဲ့ကြည့်ခြင်း လိုတယ်

ခိုင်အောင်ကျော် (စစ်တွေ )
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေအထားအရ အခုအချိန်မှာ ဗဟိုကော်မီတီ အပြောင်းအလဲ လုပ်ကြရတော့မယ်ဆိုရင် အဓိက စဉ်းစားထားရမှာက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကာလက ဇွဲ့စည်းခဲ့သလိုမျိုး အခုအချိန်မှာ လုပ်လို့မရတော့ဘူး ၊ နိုင်ငံရေးပါတီတရပ်အနေနဲ့ ဖွဲ့စည်းခဲ့တဲ့အချိန်တုံးက အခြေအနေတွေဟာ ခုအချိန်မှာ ဘာမှ မပါတ်သက်တော့ဘူး၊ အဲဒီအချိန်တုံးက ဖွဲ့စည်းခဲ့ကြတာတွေဟာ အလုပ်အခုကို ဖြစ်စေဖို့အတွက် ရင်းနှီးရာ ခင်မင်ရာ စိတ်တူကိုယ်တူတွေကို ပေါင်းဖက်ပြီး ဖွဲ့စည်းခဲ့တဲ့ အခြေအနေ ဘဲဖြစ်တယ်၊ အနှစ်ဆယ်ကာလအတွင်း ဒီအဖွဲ့ချုပ်အတွက် အသက်သွေးချွေးပေါင်း မြောက်မြားစွာ အဖွဲ့ချုပ်
ဝင်တွေက သူတို့ ပေးဆပ်ခဲ့ရတဲ့ ဘ၀နဲ့တင် မကာမိစေလောက်တဲ့အထိကို ပေးဆပ်ခဲ့ပြီးပြီ၊ အခုအချိန်ထိလဲ အဖွဲ့ချုပ်ဝင်တွေက ပေးဆပ်နေရတုံး ၊ တချိန်တည်းမှာဘဲ အဖွဲ့ချုပ်ဝင်တွေ မဟုတ်ဘဲ ပြည်သူတွေဟာလဲ နဲတာမှ မဟုတ်တာရယ်လို့ ပြောရမှာဖြစ်တယ်၊ ဒီတော့ကာ တဖက်က စစ်အစိုးရဆီကနေပြီး အာဏာလွှဲပြောင်းပေးရေးအတွက် တောင်းဆိုနေရချိန်မှာ ကိုယ့်ပါတီအတွင်းစည်းတွေမှာကလဲ အာဏာရရှိလို့ နိုင်ငံကို အုပ်ချုပ်မယ် ဆိုရင်တောင်မှ လူတွေက မရှိတော့ဘူး ၊ သေဆုံးသွားတဲ့လူတွေ ။ အသက်အရွယ်ကြီးမြင့်နေတဲ့လူတွေနဲ့ နောက်တခါ အဖွဲ့ချုပ်က နုတ်ထွက်သွားတဲ့ လူငယ်တွေ ။ ထုတ်ပယ်ပလိုက်တဲ့ လူကြီးတွေ စသည်ဖြင့် နောက်ပြန်လှည့်ကြည့်ရင် ဘယ်သူမှ မရှိတော့ဘူးဆိုတဲ့ အတိုင်းဖြစ်နေတယ် ၊ အသက်အရွယ်ကြီးမြင့်တဲ့ လူကြီးတွေကို အရေးကြီးတဲ့ ရာထူးတွေ သွားပေးထားတော့ စိတ်ဓါတ်ရှိရုံကလွဲလို့ ဘာမှ မလုပ်နိုင်တဲ့အခါကျတော့ ဒါဟာ တကယ့်ကြီးမားတဲ့ ပြသနာဖြစ်တယ် ၊ အင်မတန်အရေးကြီးနေတဲ့ နိုင်ငံရေးကာလမှာ ဥက္ကဌ ငုတ်တုပ်ထိုင်နေတယ်ဆိုတဲ့ အမြင်က ပြည်သူတွေဆီမှာ ဂယက်ရိုက်ခပ်တော့ ဘယ်အဖွဲ့အစည်းမဆို ပြသနာကတော့ ရှိလာမှာပါဘဲ ၊ ဒါပေမဲ့ အခုဟာက သာမန်အဖွဲ့အစည်း မဟုတ်ဘူး ။နိုင်ငံတော်အာဏာ ရယူမဲ့ အဖွဲ့အစည်းဖြစ်နေတယ် ။ ဒီတော့ ပိုဆိုးတာပေါ့ ။ ပြည်သူတွေ အရမ်းဘဲ နစ်နာကြတာပေါ့ ၊အင်မတန်ခေါင်းဆောင်မူ ပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်း တယောက်ရှိနေတာတောင်မှ လက်မညီတော့ တက်လှော်ရတာ မလွယ်လှဘူးပေါ့။ ဒီလိုဆိုရင် အခု ဗဟိုကော်မီတီတွေ အပြောင်းအလဲ ရွေးချယ်ကြမယ်ဆိုရင် ဗဟိုကော်မီတီတွေကို အောက်ခြေကနေ ဗဟိုအထိ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ပေးရမယ် ၊ အရည်အချင်းအလိုက် ရှိတဲ့သူတွေကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိစေရမယ် ၊ အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ သူတွေကိုလဲ နိုင်ငံအကျိုးအတွက် လုပ်ချင်တဲ့ သူရှိတယ်ဆိုရင် လုပ်နေတဲ့ သူတွေ ရှိတယ်ဆိုရင် စည်းရုံးပြီးတော့ကို ယှဉ်ပြိုင်စေရမှာဖြစ်တယ်၊ အဖွဲ့ချုပ်က နုတ်ထွက်သွားတဲ့သူတွေကိုကော ထုတ်ပယ်ခြင်းခံသွားရတဲ့ သူတွေကိုကော ပြန်လည်ခေါ်ယူမဲဆန္ဒ ပေးစေရမှာဖြစ်တယ် ၊
တချိန်တည်းမှာဘဲ အဲဒီဗဟိုကော်မီတီတွေကို ရွေးချယ်တဲ့ အခါမှာတော့ အရည်အချင်းကို ကြည့်ပြီး ရွေးချယ်ဖို့လိုပါတယ်၊ အသက်အရွယ်ကို ကြည့်ပြီး ရွေးချယ်ဖို့ လိုပါတယ်၊ ဒီတော့ တကယ်အလုပ်လုပ်မဲ့ ဥက္ကဌ တယောက်ကို အခုအချိန်ဟာ အဖွဲ့ချုပ်မှာ လိုအပ်နေတယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသင့်တော်ဆုံးဘဲ ဖြစ်တယ်၊ အရည်အချင်းအရ ကော အသက်အရွယ်အရကော နိုင်ငံရေးအရကော ဒီနိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ခေါင်းဆောင်ကောင်းတယောက်မို့ ရွေးချယ်ပေးရမှာဖြစ်တယ် ။ ဒေါ်အောင်ဆန်းစုကြည်သာ ဥက္ကဌ ဖြစ်သွားရင် အကျယ်ချုပ်နဲ့ ဖမ်းဆီးထားလို့ မရတော့ဘူး၊ တနည်းနည်းနဲ့တော့ တခုခုကို အပြောင်းအလဲ ရရှိစေမှာဖြစ်တယ် ၊ နေ့စဉ် ရုံးတက်နိုင်တယ် ၊ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်တယ် ။ လက်ကလဲ ညီပါလိမ့်မယ် ၊ လက်ညီတော့ တက်လှော်ရတာ ဦးတည်ရာကို ရွေ့လျှားသွားစေပါတယ် ၊နိုင်ငံတကာ အသိုင်းအ၀န်းကလဲဘဲ လက်ခုပ်သြဘာပေးကြပါလိမ့်မယ်၊ ဘာဘဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တခုခု ဆုံးဖြတ်ချက် ချပြီးတော့ လုပ်ပြီဆိုရင် လုပ်တာမကြာဖို့ ။ လုပ်တာမမှားဖို့ လိုတယ် ။ လုပ်တာကြာသွားရင် လုပ်တာမှားသွားပြီဆိုရင် ပြည်သူတွေ နစ်နာတယ်ဆိုတာကိုတော့ နဲနဲလောက် သိထားပေးဖို့လိုတယ်။ အခုအချိန်မှာ အဖွဲ့ချုပ်ဝင်တွေတောင် မဟုတ်ဘူး ၊ ပြည်သူတွေကတောင် ဝေဖန်ရေးတွေ လုပ်လာနေကြတယ် ဆိုတာကို သတိထားပေးဖို့ လိုပါတယ်၊ ဒီတော့ကာ စီအီးစီ ရွေးချယ်ရေးမှာ တိုးချဲ့ဖွဲ့စည်းရေးဆိုတာထက် ရွေးကောက်ပွဲအရ လူပါပြောင်းလဲဖွဲ့စည်းရေးအတွက်ကို ဆောင်ရွက်သင့်တယ်၊ ဒါကြောင့် မို့ ဒီမိုကရေစီ အခွင့်အရေးအရ လွပ်လွပ်စွာ ယှဉ်ပြိုင်ခွင့် လွပ်လွပ်စွာ မဲဆန္ဒပေးပိုင်ခွင့်ဟာ NLD မှာ လုံးဝဥသုံ ရှိနေရမယ်လို့ ပြောချင်တယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒိမိုကရေစီကို အခြေခံတဲ့ အဖွဲ့ချုပ်ဖြစ်နေလို့ပါဘဲ၊ ဒီတော့ အစကနေပြီး ပြောကြည့်ကြရအောင် ၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ အခုလို့ တွေ့ဆုံမှု မပြုလုပ်ခဲ့ဘူးဆိုရင် ဒီအတိုင်းဘဲ ဆက်ပြီး ရှိနေအုံးမှာကို သိသာနိုင်ပါတယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဗဟိုကော်မီတီတွေ အပြောင်းအလဲ လုပ်ကြရအောင်လို့ တိုက်တွန်းတဲ့ သူတွေတောင် ထုတ်ပယ်ခံခဲ့ရတာတွေ ရှိနေခဲ့တာတွေကတော့ အရုပ်ဆိုးလွန်းလှပါတယ်၊ ဒါဟာ ဒီမိုကရေစီမူကိုအခြေခံတဲ့ နိုင်ငံရေးအဖွဲ့အစည်းတရပ်ရဲ့ လက္ခဏာကောင်းတရပ်တော့ မဟုတ်နိုင်ဘူးလို့ ယေဘူယျသုံးသပ်မိပါတယ်၊ ဒီနေရာမှာ တိုက်တွန်းတဲ့ သူတွေဖက်က အကြောင်းပြချက်နဲ့ ထုတ်ပယ်ရခြင်းအကြောင်းပြချက်တွေ
ဟာ အကျိုးအကြောင်းများ အနေနဲ့ မကာမိလောက်အောင် အင်မတန်ကွာခြားလွန်းလှပါတယ် ၊ နောင်ကို ဒီလိုမျိုးတွေ မဖြစ်သင့်ဘူးလို့ ထင်မြင်ယူဆရပါတယ်၊ ဒီတော့ကာ အသက်အရွယ်ကြီးမြင့်သူတွေကို အနားယူပေးခြင်းဟာ အတိုက်အခံနိုင်ငံရေးပါတီတရပ်ရဲ့  အင်မတန် အရေးတကြီးလိုအပ်တဲ့ ပြသနာတခုဖြစ်တယ် ဆိုတာ ဒီနိုင်ငံရေးအဖွဲ့အစည်းက အခုမှ ထလုပ်လိုက်ခြင်းဟာ အချိန်တွေကို အလွန်နောက်ကျစေခဲ့တာတော့ အမှန်ပါဘဲ၊ ဒါဟာ အဖွဲ့ချုပ်ရဲ့  ပြသနာတခုမဟုတ်ဘဲ မြန်မာနိုင်ငံတခုလုံးရဲ့ ပြသနာ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ကံကြမ္မာတရပ်လုံးကို အလှည့်အပြောင်း ဖြစ်သွားစေမဲ့ အချိန်ကာလများကို ၀ါးမျိုစားသောက်ပစ်ခဲ့ခြင်းဖြစ်သွားတါပါဘဲ ၊ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ ပြောင်းလဲမှုတရပ်ဟာ တုံ့ဆိုင်းမှုများကို ဖြစ်သွားခဲ့စေပါတယ်၊ အဖွဲ့အစည်းတခုမှာ တဦးတည်းကသာ လှုပ်ရှားနေရပြီး ကျန်တဲ့သူတွေက ပရိတ်သတ်လို ၀ိုင်းပြီးတော့ ထိုင်နေခဲ့ကြတာမျိုး ဖြစ်နေလေတော့ မြန်မာနိုင်သူ နိုင်ငံသားတွေအဘို့ သူတို့မျှော်တဲ့ ရွှေပြည်တော်ကြီး ဝေးကွာနေမှာပါ၊ ဒီလိုဆိုရင် ပြည်သူတွေက ဘယ်သူ့ကို အပြစ်တင်စကားပြောဆိုကြမှာလဲလို့ စဉ်းစားစရာ ဖြစ်မနေဘူးလား၊ စစ်အစိုးရကို ဝေဖန်တာ ၊ လက်မခံတာ ။ စစ်ခုံရုံးကို တင်ချင်တာ ၊ ဗိုလ်ချုက်မှူးကြီးနဲ့တကွ အပေါင်းပါတွေကို သေဒဏ်ပေးလိုက်ချင်တာတွေဟာ ပြည်သူတိုင်းမှာလိုလို ရှိနေကြမှာပါ ၊ ဒီမိုက်ရေစီ မရရှိတာဟာလဲ သူတို့ကြောင့်လို့ဘဲ နားလည်ကြသူတွေဖြစ်ပါတယ် ၊ ထားပါတော့ ၊ ဒါဖြင့်ရင် အတိုက်အခံဖက်ကကော ၊ ခြောက်ပြစ်ကင်း သဲလဲစင်များဖြစ်နေသလား၊ ခက်နေတာက တဖက်သတ်ပြောဆိုနေတာတွေကဖြင့် တော်သင့်နေပါပြီ၊ အမှန်တရားတခုကို ရှာဖွေပြီး အကောင်းဆုံးတခုကို ရင်ဆိုင်သွားကြဖို့ အချိန်တွေက သင်ခဏ်းစာတွေ လှလှပပကြီး သင်ပေးနေပါပြီ ၊ ပြည်သူတွေ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ဝေဖန်နေကြတာမှာ ကြာပြီဖြစ်တာကို လက်ခံရပါလိမ့်မယ်၊ အဖွဲ့အချုပ်ကို တည်တန့်အောင် ထိမ်းသိမ်းထားတယ်ဆိုသော အချက်ကို မည်သူမျှမငြင်းဆိုကြပါ၊ သို့သော် တည့်နေသည်ထက် ဖိုးသက်ရှည် ဖြစ်နေတာကိုတော့ ညီးညူနေကြပြီဆိုတာ အသံတွေကြားနေရပါတယ်၊ ဒီတော့ ဒီကနေ့ ဖြစ်ပျက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မူတွေ အပြောင်းအလဲနဲ့ လူတွေအပြောင်းအလဲဟာ တကယ်လိုအပ်နေပြီဆိုတာကို ပြည်သူတွေက မီးမောင်းထိုးပြနေပါတယ်၊ အဖွဲ့ချုပ်ရဲ့ တဦးတည်းကိစ္စ မဟုတ်တော့ဘဲ တနိုင်ငံလုံးရဲ့ အရေးအရာ ဖြစ်နေတယ်ဆိုတာကို အဖွဲ့ချုပ်က နားလည်ထားဖို့ အရမ်းရေးကြီးနေပါတယ်၊ ဒီတော့ကာ ဒီမိုကရေစီ ရရှိရေးအတွက် အဖွဲ့ချုပ်ရဲ့ အပြောင်းအလဲ လုပ်ဖို့ အတွက် ဘာတွေလိုအပ်နေတာလဲဆိုတာကို ဆန်းစစ်ရပါလိမ့်မယ်၊
ပထမဆုံး ရွေးကောက်ပွဲကော်မရှင် တခုကို ဖွဲ့စည်းပြီး အမည်စာရင်းတင်သွင်းစေဖို့ ကျေးလက်ကနေ ဗဟိုအထိ ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ် အမည်ကို လက်ခံကျေညာပေးရပါလိမ့်မယ်၊ ဒါဟာ ဒီမိုကရေစီ လမ်းပေါက်ကို ဖွင့်ပေးတာဖြစ်ပြီး အရည်အချင်းရှိတဲ့သူတွေက လျှောက်လာနိုင်စေဖို့ အခွင့်အရေးကောင်းတခုကို ရရှိစေတာလဲ ဖြစ်ပါလိမ့်မယ်၊ ဗဟိုကော်မီတီ တခုမှာ ရှိသင့်တဲ့ အရည်အချင်းရှိသူတွေဟာ အဲဒီရွေးကောက်ပွဲကို ၀င်ပြိုင်လာမှာဖြစ်သလို့ မဲဆန္ဒပေးမဲ့ သူတွေကလဲ လွပ်လွပ်စွာ မဲဆန္ဒပေးကြမှာဖြစ်ပါတယ်၊ ခိုင်မာတဲ့ ဗဟိုကော်မီတရပ်ဟာ ခုအချိန်မှာ အဖွဲ့ချုပ်အတွက် အမှန်တကယ် လိုအပ်နေပါပြီ၊ ပြတ်သားတဲ့ မူတွေ ၊ ပေါ်လီစီတွေကို ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရမဲ့ ဗဟိုကော်မီတီတွေဟာ အနှစ်နှစ်ဆယ်အတွင်းက ကော်မီတီထက် လက်စောင်းထက်ရပါလိမ့်မယ်၊ ခါးရိုးပြတ်နေတဲ့ နိုင်ငံရေးကြော ပြင်ကို ဆွဲဆန့်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရပါလိမ့်မယ်၊ ဒုံရင်း သဘောမျိုးဖြစ်သွားလို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးဆုံးသွားတာနဲ့ ဖျာလိပ်သွားစေတာမဟုတ်ဘဲ သမိုင်းမှာ ပျောက်ကွယ်သွားနိုင်ကောင်း သွားတော့မယ်ဆိုတာ သတိထားဖို့လိုပါတယ်၊ ဘာကြောင့်ဆိုတော့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို လုပ်တော့မှာပါ၊ အကွက်ချပြီး စီမံကိန်းတွေ လုပ်ပြီး သူတို့အာဏာသက်ဆိုးရှည်ရေးအတွက် လုပ်သွားမှာပါ၊ အဲဒီအခါကျရင် နိုင်ငံရေးပါတီတွေကလဲ ပေါ်ပေါက်နေပြီးဖြစ်ပါတယ်၊ ဒီတော့ ဒီလို ၂၀၁၀ နိုင်ငံရေးပါတီတွေရဲ့ဘ၀မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားညှပ်နေမှာကတော့ လုံးဝငြင်းမရတဲ့ အချက်တွေဖြစ်ပါတယ်၊ ဒီတော့ ဒီလိုကြားညှပ်မဲ့ အဆင့်မှာ ဘယ်လိုလုပ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်ပေါက်နိုင်မှာပါလဲ ၊ နဂိုလ် ကတည်းက အေးအေးဆေးဆေး လွပ်လွပ် လပ်လပ် လှုပ်ရှားနေတဲ့ကာလမှာတောင် ဘူးကနေ ဖရုံမသီးခဲ့ရတဲ့ အခြေအနေမှာ ဆူးကြားက ဘူးခါးဖြစ်သွားမှာကတော့ ကျိန်းသေဖြစ်သွားနိုင်ပါတယ် ၊ ဒီတော့ ဒီအကြပ်အတည်း ကာလတွေကို ကျော်လွှားဖို့ တခုတည်းသော လက္ခဏာဟာ တောင့်တင်းခိုင်မာတဲ့ အဖွဲ့ချုပ်ရဲ့ အပြောင်းအလဲပေါ်မှာမူတည်နေပါတယ်၊ သူတို့တွေဟာ ရွှေဂုံတိုင်ကျေညာစာတမ်းကို အကောင်အထည်ဖေါ်ဆောင်ဖို့ အတွက် ပုဂ္ဂိုလ်များဖြစ်ကြောင်း ပြည်သူတွေရှေ့မှာ မားမားမတ်မတ် ရပ်တည်ရပါလိမ့်မယ်၊ လာနိုးငယ်မျှော်လို့ ကုလားအုပ်လည်တံရှည်နဲ့ ဇတ်တူသားဖြစ်မဲ့ သူများ မဟုတ်ကြောင်း ထပ်လောင်းသက်သေပြကြရမှာ ဖြစ်ပါတယ်၊ကျွန်တော်တို့ရဲ့ ပခုံးပေါ်က အမာရွတ်များဟာ ခုအချိန်ထိ ရှိနေတုံးပါဘဲ ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖေါ်ဆောင်ပေးဖို့ ဒီကနေ့အထိ တောင်းဆိုတိုက်ပွဲဝင်နေတာ စစ်အစိုးရကို ဖြုတ်ချချင်လို့ပါဘဲ ၊
စစ်အစိုးရကို ရွံရှာမုန်းတီးလေ နှစ်သက်ကြာလာလေ ဒီမိုကရေစီအတိုက်အခံအချင်းချင်း ကွဲပြဲကြ၊ ခွက်စောင်းခုတ်ကြနဲ့ နောက်ဆုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလဲဘဲ ပြည်သူတွေက ဝေဖန်စပြုလာကြပါပြီ၊ နာကျင်စပြုလာကြပါပြီ ၊ နောက်ဆုံးမှာ ရေဒီယိုအသံလွှင့်ဌါနတွေကိုတောင်မှ အတိုက်အခံကြားတွေမှာ နားမထောင်ချင်တဲ့ အဆင့်တွေ ရောက်လာနေပါပြီ၊ ဒါတွေကို အထူးသတိချပ်ရပါတော့မယ်၊ အားလုံးကောင်းပါသည်လို့ မပြောတာကို နားလည်ပြီး ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်လို့ကတော့ နောက်မှာလူမပါဘဲ တယောက်ထဲ ခရီးသွားနေသလိုဖြစ်သွားနိုင်ပါတယ်၊ ဒါကြောင့် ပြည်သူတွေရဲ့အသံတွေ ၊ အတိုက်အခံအချင်းချင်းတွေရဲ့ အသံတွေကို ဒီအချိန်မှာ ဂရုစိုက်ဖို့လိုပါတယ်၊ တနိုင်ငံလုံးရဲ့ ပြသနာကို အဖွဲ့ချုပ်ကဲ့ပြသနာလို့ သဘောထားပြီး မလုပ်မိကြဖို့ လိုပါတယ် ၊ ရှင်းပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မီတီ အပြောင်းအလဲ ရွေးချယ်ရေးဘဲဖြစ်ဖြစ် ပေါ်လီချမှတ်ရေးဘဲဖြစ်ဖြစ် ဒါဟာ ပြည်သူတရပ်လုံးရဲ့ အရေးအရာဘဲ ဖြစ်တယ်ဆိုတာကို နားလည်ထားမှသာ တက်ညီလက်ညီ ရှိကြမှာပါ၊ လက်မညီလို့ကတော့ တက်လဲလှော်လို့မရသလို ဦးတည်ရာလဲမဲ့စေတာပါဘဲ၊ ဘုန်းကြီးရူးနဲ့ လှေလူးတာက ပြသနာ မဖြစ်ပေမဲ့ နိုင်ငံရေးအဖွဲ့စည်းကတော့ ဦးတည်ရာကို မရောက်တော့ဘူးဆိုရင် ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးမှာ ဖြစ်ပါတယ် ၊ ဒီတော့ ဒီမိုကရေစီအခွင့်အရေးတရပ်ကို ကျင့်သုံးဖို့လိုအပ်နေပြီလို့ ထင်ကြောင်းပါဗျာ၊။။။။။။။။။။။။။
ခိုင်အောင်ကျော် (စစ်တွေ )

12/03/2009

OF THE PEOPLE

ဗုဒဓဘာသာဝင် အများစုနေထိုင်ရာ ဗမာပြည်က လူအများစုမှာ ကံကိုယုံကြည်ကြပါသည်။ ကျနော်လဲ ဗမာပြည်သား ဗုဒ္ဓြွဘာသာဝင်တဦးပီပီ ကံကိုယုံပါသည်။ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့် ကွာခြားတာတွေကို ရှေးကံ အကျိုးပေးဟု ယူကြတာကိုလဲ ကျနော်တို့ ဗမာပြည်သားတွေ အ သားတကြ ရှိကြပါသည်။
အတော်အတန်ကတော့ ပြဿနာ ဟုမယူဆကြပါ။
ဒါပေမဲ့ ဒီ လက်ရှိအချိန်မှာ ဗမာပြည်ပုဂ္ဂိုလ်ကြီးငယ်တို့ ထူထောင်ထားသော ကုသိုလ်ကံ အယူအဆကတော့ လွန်လွန်းသည်။ သူတို့ရယူနေသမျှ အားလုံးကိုတော့ သူတို့ရဲ့ ဘုန်းကံကြောင့်ဟု သတ်မှတ်ယူဆကြသည်။
သူတို့က လုပ်ပေးရသည့် ကိစ္စဟူသမျှကိုတော့ သူတို့ရဲ့ စိတ်စေတနာ ဂရုဏာတော် အဖြစ် ဟိတ်ဟန်ထုတ်ကြ သည်။
နိုင်ငံရေး အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူ သိမ်းပိုက်ထားသော နအဖ ဗိုလ်ချုပ် များ နှင့် အဆင့်ဆင့်သော အရာရှိ ကြီးငယ်များကလဲ တိုင်းပြည်၏ သံယံဇာတ ဘဏ္ဍာ တော်တွေ ခိုးဝှက်ခြင်း နှင့်တကွ လဒ် စားရယူသမျှကို သူတို့ရဲ့ဖုန်းကံ ပါရမီကြောင့်ဟု ရုပ်လုံးဖေါ် ချင်ကြသည်။ တိုင်းပြည်အုပ်ချုပ်သူ ရာထူးအဆင့်တာဝန် ယူထားသူအနေနဲ့ လုပ်ကြရမည့် ဖွံ့ဖြိုး ရေးအပါအဝင် တာဝန်ဝတ္တရားများကိုတော့ သူတို့ရဲ့ စိတ်စေတနာ မဟာဂရုဏာတော် အဖြစ် ပုံဖေါ်တတ်ကြပြီး သက်ဆိုင်တဲ့ ပြည်သူအများက ကျေးဇူးတင် ရှိခိုးဦးခိုက်ကြရဦးမည့် အဖြစ် ရောက်အောင် ဖန်တီးချင်ကြသည်။ သူတို့ နအဖတွေဘာလို့ ဒီလိုလုပ်နေတာလဲ၊ တခြားအကြောင်းတွေလဲ အများကြီးရှိပါလိမ္မည် ကျနော့အနေနဲ့ သူတို့ရဲ့ စိတ်ကူးပုံရိပ်ကို ဒီခန့်မှန်းကြည့် မိသည်၊ “ ဂျပန်တွေက မေဂျီပြုပြင်ပြောင်းလွဲရေးခေတ် တွင် ဆာမူရိုင်းစစ်ဘုရင်မိသားစုကြီး များက ကာဝါဆာကီ မစ်ဆူ ဘီချီ ဆူဇူကီ စသော စစ်ဓနရှင်အုပ်စုကြီးများ အဖြစ်အသွင်ပြောင်း ပြီး စီးပွါးရေး နိုင်ငံရေး အာဏာကို ဆက်ကိုင်ပြီး အုပ်စိုးသူလူတန်းစားအဖြစ် ဆက်သယ်ဆောင် ရပ်တည်သွားခဲ့ကြသည်၊ စက်မှုတည်ထောင် ဖွံဖြိုးမှုနဲ့အတူ ပေါ်လာတဲ့ ပစ္စည်းမဲ့ စက်ရုံလုပ်သား လူတန်းစားရဲ့ ဦးဆောင် ကွန်မြူနစ်တွေကတော့ ဖြိုခွဲနှိပ်ကွပ်ခံလိုက်ရတယ် “ နအဖ ဗိုလ်ချုပ်တွေကလဲ အဲဒီလိုဖြစ်ချင်ကြပုံပေါ်တယ်။ ဒါပေမဲ့ ဒီနေ့ ဗမာပြည်ကို ၁၈-ရာစုက ဂျပန် ပြည်လို ကိုင်တွယ်လို့တော့ ရမယ်လို့ ကျနော်မထင်ဘူး။
------

နည်းပညာတိုးတက်မှုကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ကုန်လုပ်ဆက်ဆံရေး ပုံစံပြောင်းသည် အကျိုးစီးပွါး ဓနဥစ္စာ ခွဲဝေမှုပုံစံပြောင်းသည်။ ဒီလိုနဲ့ သက်ဦးဆံပိုင် ကံကြွေးချစံနစ်တွေနဲ့ ဘုရား ကျောင်းများ အာဏာစုရပ် ပြိုကွဲပြီး နိုင်ငံရေးစံနစ်များ လူနေမှုစံနစ်များ ပြောင်းခဲ့သည်။ ယခုလဲ ကမ္ဘာကြီးက အရှိန်အဟုန်နဲ့ ပြောင်းနေသည်၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာတိုးတက်မှု တွေကြောင့် ဖြစ်နေသော အပြောင်းအလွဲများကလဲ လူတွေရဲ့ သိမြင်ပုံ နားလည်ပုံ စဉ်းစားတွေး ခေါ်ပုံကစပြီး နေထိုင်မှုပုံစံ life style အထိအပြောင်းအလွဲများ ဖြစ်နေစေ ပါသည်။ ဗမာတွေ လဲ မကျန်ရစ်ပါ၊ အပြောင်းအလဲတွေဖြစ်နေပါသည်၊ အပြောင်းအလွဲတွေဖြစ်ပါလိမ့်ဦးမည်။ လူတွေစီးပွါး ရှာကြပုံနဲ့ ရွှေ့ပြောင်းနေထိုင်ကြပုံ အားလုံးဟာလဲ ကြီးမားတဲ့ အထုအထည် အရှိန် အဟုန်နဲ့ ဖြစ်နေကြပါသည်။ ဒါတွေက အနာဂါတ် ကမ္ဘာကြီးကို သွန်းလောင်းပုံဖေါ်နေသည်။ ဒီရေစီးကြောင်းကြီးထဲမှာ တက်မပါ ရွက်မပါ ၊အထူးသဖြင့် ပဲ့မပါဘဲမျောနေတာက ကျနော်တို့ ဗမာပြည်ဖြစ်သည်။ ဘယ်သောင်ဆိုက်လို့ ဘယ်ကမ်းရောက်မည် မသိသေး။
လောလောဆယ် တော့ NGO တခုက ထုတ်ပြန်တဲ့ အတည်မပြုနိုင်သေးတဲ့ စာရင်း ကိန်းဂဏန်း တခုကတော့ ဗမာပြည်သား ၁ဝ-ရာခိုင်နှုန်း ခန့်ဖြစ်တဲ့ လူ ၅-သန်းဟာ တိုင်းပြည် ပြင်ပကို ရောက်နေတယ်လို့ ဆိုပါတယ် ဒီလူအများစုကလဲ အသက်၁၇ ကနေ ၄၇ ကြားအသက် အုပ်စုဖြစ်တယ်လို့ ဆိုပါတယ်၊ တချိန်ကတော့ တိုင်းပြည်တွေက ပညာတတ်တွေ ထွက်ခွါတာကို ဦးနှောက်ယိုစီးမှုလို့ ပြောကြပါတယ်၊ ခုဗမာပြည်ကတော့ ဦးနှောက်တင်မက ကြွက်သားပါ ယိုစီး နေတာလို့ ပြောနိုင်သည်။ ခုလို တိုင်းပြည်က ထွက်ခွါနေကြတာ ဗမာပြည်အရေးကိစ္စ ဖြေရှင်းဖို့ မှန်ကန်တဲ့ နည်းလမ်းမဟုတ်မှန်းတော့ အားလုံးသိကြပါသည်။
နအဖ စစ်အစိုးရကတော့ လမ်းပြမြေပုံ အညွှန်းအရ ၂ဝ၁ဝ မှာ ရေွးှကောက်ပွဲ ကျင်းပ ပြီး ပြဿနာကို သူ့တို့စိတ်ကြိုက် အဖြေထုတ် နိဂုန်းချုပ်ဖို့ ကြိုးစားနေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အားနည်းချက်ကြောင့် လည်ကောင်း ဗမာပြည်ရဲ့ သဘောသဘာဝ အနေအထားကြောင့်လည်း ကောင်း သူတို့ လိုချင်သလို ဖြစ်မြောက် ပြေလည်သွားမည်ဟု တော့ မထင်၊ ပြဿနာသစ် တွေတော့ အများကြီးထပ်ပေါ်လာနိုင်သည်။ နအဖ မဟုတ်သော ကျန်လူ အပေါင်းကလဲ နည်း လမ်းကြံဆ ရှာဖွေကြိုးစားနေကြတုံးဖြစ်ကြသည်။ ကျနော်တို့ အမြင် အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ နိုင်ငံရေးစံနစ် ပြုပြင်ပြောင်းလွဲရေး အယူအဆဘက်ကကြည့်လျှင် နအဖနှင့် ကျန် လူတွေ ဘယ်ဘက်ကမှ ပြည်သူလက်ခံနိုင်လောက်သည့် အစီအစဉ်ကို မဖေါ်ဆောင်နိုင်သေးပါ။ နိုင်ငံရေးကိစ္စ၊ တိုင်းရေးပြည်ရေး၊ အစိုးရနှင့် နိုင်ငံရေးအာဏာ များကို သာမန်ပြည်သူတွေနဲ့ မဆိုင်သလို ထားနေ လုပ်နေကြတုံးဖြစ်သည်။
လက်ရှိဗမာအတွက် အစိုးရ နှစ်ရပ်ရှိပါသည်၊ တခုက SPDC နအဖ စစ်အာဏာရှင် အစိုးရဖြစ်ပြီး နောက်တခုက NCGUB အဝေးရောက် ညွှန့်ပေါင်းအစိုးရ ဖြစ်ပါသည်၊၊ ဝီကီ သုတစွယ်စုံကြီးတွင် အမေရိကန် ပြည်တွင်းစစ်နှင့် ပါတ်သက်၍ တချက်မျှ ကြည့်မိရာ သမတကြီး လင်ကွန်း၏ အကြောင်း နှင့် ဂတ်တီစဘတ် မိန်ခွန်း Gettysburg Address ကိုတွေ့မိသည့်၊ ကမ္ဘာ ကျော် သမိုင်းဝင် စကားလုံးများ ဖြစ်သော of the people, by the people, for the people, ဆိုတာလဲ တွေ့သည်၊ အဓိပ္ပါယ်ဖေါ်ပြချက် အနေနဲ့ made for the people, made by the people, and answerable to the people,……government of the people, by the people ...
ဆိုတာလဲ တွေ့မိရပါသည်။ ဒါကိုကြည့်ပြီး ကျနော်တို့ရဲ့ အဖြစ်ကို စဉ်းစားမိတော့ စိတ်မကောင်း ဖြစ်ရသည်။ နအဖ အစိုးရက of the Generals, by the Generals, for the Generals, ဖြစ်နေပြီး၊ အန်န်စီဂျီယူဘီ အစိုးရကတော့ of the Elites, by the MPs, for the Elites ဖြစ်နေသည်။ ဒီနှစ်မျိုးလုံးကတော့ ကျနော်တို့ လိုချင်တဲ့ အစိုးရ မျိုးမဟုတ်သေး။ အထက်ပါအစိုးရနှစ်ရပ်လုံးမှာ ကျနော်တို့ လူထုအတွက် အစိုးရများ ဖြစ်လာစ ရာ အကြောင်းမရှိပါက ကျနော်တို့အနေဖြင့် လူထုကိုယ်တိုင်က လူထုရဲ့အစိုးရကို လူထုအတွက် လုပ်ကြရပါမည်၊
တလောကတော့ ကိုအောင်သူငြိမ်းက ဝီကီအစိုးရ၊ ဝီကီလွှတ်တော် ဆိုပြီး ရေးပါ တယ်၊ ဘာလို့များ အလုပ်ဖြစ်လောက်တဲ့အထိ ဆက်မရေးတာလဲ လို့ စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ ကျနော်စာသုံးပုဒ် ရေးအပြီး တချို့က ဆက်သွယ်ပြောကြားလာတယ် ရေးတာတွေက သိပ်ပွင့်လင်းပြီး လုပ်ဟန်တွေအထိ အသေးစိတ် ရေးတော့ သူများတွေ (အထူးသဖြင့် နအဖ ) က ကောက်စားသွားမည် ကောက်လုပ်သွားမည်၊ ကို စိုးရိမ်ကြောင်းဖြစ်သည်။ သည်တော့ ကိုအောင်သူငြိမ်း သဘောမျှသာ ရေးတာ ဒါ့ကြောင့်ဖြစ်တန်ရာ၏ဟု တွေးမိ သည်။ ကျနော့ သ ဘောကတော့ ဘယ်သူကလုပ်လုပ် ပြဿနာမဟုတ် ဟုထင်သည်။ ဗမာပြည်နဲ့ ပြည်သူတွေ အကျိုးရှိလျှင် ဝမ်းသာသည်။ ပြည်သူအတွက် တကယ့်စေတနာနဲ့လုပ်သလား တခြားရည်ရွယ် ချက်နဲ့ လုပ်သလား ဆိုတာလဲ သိသာထင်ခြားကွာ ပါလိမ္မည်၊ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား များကို နအဖက လဲ ပါတ်စ်ပို့ လုပ်ပေးဖို့ အစီစဉ်ချလာတာ ခုတလောကြားကြလိမ္မည် ပြည်သူ တွေ အတွက် လုပ်တာမဟုတ်တော့ ပြဿနာ တထွေနဲ့ အီလည်လည် ဖြစ်နေတာ ကြား ကြရသည်။
မည်သို့ပင်ဆိုစေ တကယ်တမ်း အသေးစိတ်လုပ်ငန်း လုပ်ငန်းညှိနှိုင်းမှု တချို့ကတော့ ခုလို စာမျက်နှာပေါ် တင်ရေးနေတာထက် ပို၍လိုသည်၊ တိုင်းပြည်တည်ဆောက်ရေး နဲ့ နိုင်ငံရေး စံနစ် ပြုပြင် ပြောင်းလဲရေး ဆိုတာလဲ ပြည်သူအများ ပါဝင်မှ ပြီးမြောက် အောင်မြင်မှာဖြစ်သည်၊ ကျနော်တို့ ဒီစာတွေကို ရေးနေတင်နေတာ ပညာရှင်တွေအနေနဲ့ အခြားသူများကို အကြံပေးယုံ မျှမဟုတ်ပါ၊ ကျနော်တို့၏ သဘောဆန္ဒနဲ့ ကြံဆချက်များကို တင်ပြနေတာဖြစ်ပါသည်၊ တူတာ ကွဲတာ ပြောဆိုညှိနှိုင်း နိုင်ပါသည်၊ ပေါင်းစည်းဆက်စပ် လုပ်နိုင်ပါသည်၊ တူတာတွဲလုပ် မည်ဟု မပြောပါ၊ တူတာတွဲလုပ်သည့် တပ်ပေါင်းစုထက် ပိုလို့ရည်ရွယ်ပါသည်၊ ခံစားချက်နဲ့ စေတနာတူ သူချင်း လုပ်ငန်းစဉ်ရသည်အထိ ညှိဖို့ အဆင်သင့်ဖြစ်ပါသည်၊ ကန့်သတ်ချက်မထားပါ။ ကျနော်တို့ ပြည့်စုံလုံလောက် ဖြစ်နေပြီဟု မပြောသလို၊ ဘာမျှ မရှိသေး မဟုတ်သေး ခုမှစမှာ လို့လဲ မပြောပါ၊ ထို့နည်းတူ အခြားသူတွေရဲ့ အဆင့်နေရာ အခြေအနေတွေကိုလဲ အသိမှတ်ပြုပါသည်။ ဘယ်သူ့ ဘယ်သူမှ ရပ်စောင့် နေဖို့မလိုပါ၊ အမှီလိုက်ပါ ကျော်တက်ပါ လက်ခံပါသည်။ ညှိနှိုင်းရင်းလုပ်ကြပါမည်၊ လုပ်ရင်းညှိနှိုင်းကြပါမည်။
နိုင်ငံတကာရောက် ချင်းအမျိုးသားများ စုစုစည်းစည်းရှိလာနေတာ၊ ချင်းအမျိုးသား နေ့ အောင်မြင်သိုက်မြိုက်စည်ကား ကျင်းပလာနိုင်နေတာ ဝမ်းသာအားရရှိပါသည်၊ ဗန်ကူးဗား မှာ ဘားမိစ် ကွန်မြူနတီ ယိမ်းယိုင်ဆုတ်ယုတ်နေတာ စိတ်ထိခိုက်ဝမ်းနည်းသည်၊ မလေးရှားမှာ ရခိုင်တွေရဲ့ အေအာအာစီ ရဲ့ အောင်မြင်မှုတွေနဲ့ အေအေအန်န်စီအက်စ်ရဲ့ တိုးတက်မှုတွေကို ဝမ်းသာအားကြမိသည်၊ ဒီပီအေ ဆုတ်ယုတ်မှုအတွက်တော့ စိတ်မကောင်းပါ။ ဒါက လက်ရှိအ ခြေအနေတွေထဲက တစိတ်တပိုင်းကို အကြမ်းတင်ပြခြင်း ဖြစ်ပါသည်။ ရှေ့ရောက်သူတွေထံက နည်းနာယူကြရပါမည်၊ နောက်ကျနေသူတွေကို ဖေးမလမ်းပြကြရပါမည်။ ရှေ့ကနေပိတ်ရပ်နေဖို့ မဟုတ်သလို နောက်ကနေ တွဲလွဲခို နောက်ပြန်ဆွဲနေဖို့ လဲမဟုတ်ပါ။ အမှီလိုက်ကြရပါမည် ကျော်တက်ကြရပါမည်။ တော်လှန်ရေး ခရီးပေါက်ဖို့ လိုပါသည်။ ဆက်သွယ်ကြပါ၊ ညှိကြပါ။
သဘာဝဝန်းကျင် ပြဿနာတွင် တိုင်းပြည်နယ်နမိတ်မရှိပါ၊ သတင်းအချက်အလက်များ တွင် နယ်နမိတ် မကျန်သလောက်ဖြစ်သည်၊ ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်စည်စီးဆင်းမှုတို့ အတွက် နိုင်ငံ နယ်နမိတ်များက အများကြီး ပါးလျှားနိမ့်ကြသွားပြီ၊ လူတွေအတွက်တော့ တိုင်းပြည်နယ်နမိတ် များက ထင်ခြားမြင့်မား နေဆဲဖြစ်သည်၊ ဒါပေမဲ့ ကြီးမားတဲ့ ရွှေ့ပြောင်းလုပ်ကိုင်သူဦးရေ၊ ရွှေ့ ပြောင်း နေထိုင်သူ ဦးရေကြောင့်၎င်း၊ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာတိုးတက်မှု ကြောင့်၎င်း အမျိုးသားနိုင်ငံတွေနဲ့ အမျိုးသားတွေရဲ့ အသွင်လက္ခဏာတွေ ( Integrity and Identity ) တွေလဲ ပြောင်းလာနေသည်၊၊ နိုင်ငံ နှစ်နိုင်ငံသား ခံယူခွင့် ပေးသော တိုင်းပြည်တွေနဲ့ နှစ်နိုင်ငံသားခံယူသော လူတွေလဲ ရှိလာနေသည်။ ဘယ်မှာ နေတယ်ဆိုတာထက် ဘာလုပ်နေလဲ ဘယ်သူ့အတွက် လုပ်နေလဲ ဆိုတာတွေက ပို ပြောစရာ ဖြစ်လာနေသည်။ အစိုးရတွေရဲ့ အုပ်ချုပ်မှုပုံစံ နဲ့ လုပ်ငန်းဆောင်တာ များလဲ ပြောင်းလာနေသည်။
ဒီအနေအထားမှာ ကိုအောင်သူငြိမ်း ပြောတဲ့ ဝီကီ အစိုးရ၊ ဝီကီ လွတ်တော်ဆိုတာလဲ ဖြစ်နိုင်စရာရှိပါသည်။ ကျနော်တို့ကတော့ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ် လွှတ်တော်ကို လိုချင် ပါတယ်။ တိုင်းပြည်ပြင်ပရောက် ပြည်သူတွေက အချိန်မှီ မလုပ်နိုင် မကာကွယ်နိုင် ရင် နအဖ အစိုးရက မြောက်ကိုရီးယား အစိုးရလို မာဖီးယား အုပ်ချုပ်ရေးနဲ့ ယာကူဆာ လွှတ်တော် တွေ လုပ်လာလိမ္မယ်။ လည်ပင်းမှာ ကွင်းလျှော ကြိုးကွင်း အစွပ် ခံရပြီးမှတော့ အရုန်းရခက်ပါလိမ္မယ်၊ လာစွပ်မဲ့ လက်ကို ကြိုပြီး ဖြတ်တောက် ကာကွယ်ထား နိုင်ပါမှ စိတ်ချ ရပါမယ်။ ကွန်မြူနတီတွေကို စုစည်းကြိုင့်ခိုင် အားကောင်းအောင် လုပ်ကြရပါမယ်၊ စစ်အာဏာရှင်စံနစ်ကို ဖျက်သိမ်းအစားထိုးနိုင်မဲ့ ဖက်ဒရယ် အစိုးရနဲ့ ဖက်ဒရယ် တပ်မတော် ကိုတည်ဆောက်ကြရ ပါမယ်၊ ပြည်သူတွေကိုယ်၌က ကွန်မြူနတီတွေကို အခြေခံပြီး ဖက်ဒရယ် လွှတ်တော်ကို တည်ထောင် နိုင်ကြတယ်ဆိုရင် လူထုကိုတိုင်က လူထုအတွက် လုပ်တဲ့ လူထုရဲ့ ဒီမိုကရက်တစ် အစိုးရ ဖြစ်လာပါမယ်။
စစ်အာဏာရှင်စနစ်အောက်မှာ ကြောက်နေကြရတဲ့ အကြောက်တရားကို ကျနော်တို့ ကိုယ်တိုင် ရဲ့ လက်ရုံးနဲ့ ဖြတ်တောက်ဖယ်ရှားကြပါစို့၊ ဒီအတွက် လူတိုင်းလူတိုင်းကို တိုင်းပြည်နဲ့လူမျိုးအ တွက် အသက်နဲ့ ခန္ဓြွာကို စွန့်လွှတ်ဖို့၊ ဘဝကိုပေးဆပ်ဖို့ တောင်းဆိုစရာမလို ပါဘူး။ ကိုယ့်ရဲ့ ဝင်ငွေထဲက တလမှာ အရက်တခွက်ဖိုး ဆေးလိပ် တဘူးဖိုး မျှဝေထည့်ဝင်ရင်၊ ကိုယ့် အချိန်တွေ ထဲက တပါတ်မှာ တနာရီ တန်သည် ၂ ပါတ်မှာ တနာရီ တန်သည် ခွဲဝေသုံးစွဲပေးနိုင်ရင် အများ ကြီး အရာထင်လာ နိုင်ပါတယ်။ ဒီထက်မကတဲ့ စိတ်စေတနာတွေကိုလည်း ငြင်းပယ်ဖို့ မရှိပါဘူး၊ မနာလိုဖို့ မရှိပါဘူး။ ပုံမှန်ဒီမိုကရေစီတိုင်းပြည် တွေမှာ အစိုးရတွေကို မဲပြားတွေနဲ့ လူထုက ထိန်းကြသလို တော်လှန်ရေးကာလ ကျနော်တို့ တိုင်းပြည်မှာ ဒီထည့်ဝင်မှုတွေနဲ့ ကျနော်တို့ရဲ့ အစိုးရကို တည်ဆောက်ထိန်းကွပ်ကြရပါမယ်။ ဒီလို နည်းနဲ့ အနာဂါတ် ပြည်ထောင်စုအတွက် လူထုဆန္ဒကို နာခံတဲ့ အစိုးရမျိုး တည်ဆောက်လေ့ကျင့် ယူကြအောင်လို့ ပြောချင်ပါတယ်။

ကောင်းမွန်သော အနာဂါတ်ကို မျှော်လင့်လျှက်
ဗလ