မုန်တိုင်းမှ အသက်ရှင်လွတ်မြောက်လာသူ ဒုက္ခသည်များ ကျန်ရစ်သည့် ပစ္စည်းများကို လိုက်လံ ခိုးယူမှုများ ဧရာဝတီတိုင်း လပွတ္တာတွင် ဖြစ်ပွားခဲ့သည်။ လပွတ္တာမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စု ပေါင်းငါးဆယ် ကျော်ရှိပြီး၊ ကျေးရွာပေါင်း တထောင်ဝန်းကျင်ခန့်ရှိရာ ခြောက်ဆယ်ရာခိုင်နှုန်းခန့်သည် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခြင်း ဖြစ်သည်။ယင်းသို့ ပျက်စီးသွားသော ရွာများတွင် လောဘသားများက ကျန်ရစ်သည့် စက်များ၊ ငါးဖမ်း ပိုက်များ၊ ရွာဝင်အိုးများ နှင့် မသေဘဲ ကျန်ရစ်သည့် ကျွဲနွားများကို လိုက်လံ ခိုးယူလျှက် ရှိကြသည်။
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မုန်တိုင်းနှင့် ရေလှိုင်းဒဏ်သင့် ကျေးရွာများတွင် ကူညီထောက်ပံ့မှု မရသဖြင့် ဒုက္ခသည် ရွာသားများသည် ကားလမ်းပေါ် ထွက်ကာ တောင်းခံနေရသည်။ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွက်ရှိ ဘုရားလမ်းထိပ်မှ ကွမ်းခြံကုန်းမြို့သို့ သွားသည့် ကားလမ်းဘေးတွင် လေဘေး ဒုက္ခသည် ၆ဝ ခန့်သည် 'ဒုက္ခသည်များကို ကူညီပါ' ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ လမ်းပေါ်ထွက် တောင်းခံနေရခြင်း ဖြစ်သည်။
နာဂစ်မုန်တိုင်းအလွန် လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်း တစခန်းလျှင် ၁ဝ ဦးထက်မနည်း ဝမ်းရောဂါ ဖြစ်ပွားနေသဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရောက်ရှိနေပြီဟု ကြားသိရသည်။သောက်သုံးရေ မသန့်ရှင်းခြင်း၊ အနေအထိုင် ကျပ်တည်းခြင်းတို့ကြောင့် လပွတ္တာမြို့ရှိ လေဘေး ဒုက္ခသည်စခန်း ၃၂ စခန်းတွင် စခန်းတခု၌ လူ ၁ဝ ဦးကျော် ဝမ်းပျက်နေကြပြီး အခြေအနေမှာ ပိုမိုဆိုးရွားလာမည့် အနေအထား ရှိသည်။ပင်လယ်နှင့်နီးသော မြို့တခြမ်းလုံးလုံး ပျက်စီးကုန်သော လပွတ္တာမြို့ပေါ်တွင် လေဘေး ဒုက္ခသည်များမှာ ၈ သောင်းကျော် ရှိပြီး စေတီ ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဗလီကျောင်း အစရှိသည့် မိုးရိပ်ခိုရာ နေရာ ၃၂ နေရာတို့တွင် ဖြန့်ကျက် နေထိုင်ကြရပြီး တနေရာတွင် အနည်းဆုံး ၂ ထောင်နှင့် ၃ ထောင်ကြားတွင် ရှိသည် လေဘေးဒုက္ခသည်များ၏ ကျန်းမာရေးကို စောင့်ရှောက်ရန်အတွက် မြောင်းမြနှင့် လပွတ္တာမြို့ပေါ်ရှိ ဆရာဝန်များ စုပေါင်းကာ စေတနာရှင် ဆရာဝန်များ အသင်းကို ဖွဲ့စည်းကာ ဒုက္ခသည်များကို ဓါတ်ဆားထုပ်များ ဝေငှခြင်း၊ အခမဲ့ ဆေးခန်းဖွင့်ကာ ဆေးဝါး ကုသပေးခြင်း စသည့် ဝမ်းရောဂါ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။ နိုင်ငံတကာမှ လှူဒါန်းသည့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အစားအသောက်များကို ဒေသအာဏာပိုင်များက လပွတ္တာ ဒုက္ခသည်များကို ထုတ်ပေးခြင်း မရှိဘဲ ကွပ်ကဲ ထိန်းသိမ်းရေးစခန်း ဂိုဒေါင်၌သာ ထိန်းသိမ်းထားပြီး အခြား အလှူရှင်များ၏ ပစ္စည်းများကို သိမ်းယူသဖြင့် ဆန်ဆီဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့် အစရှိသည့် အစားအစာများ တင်ဆောင်လာသည့် ကား ၁ဝ စီးမက မြို့ပြင်၌ ရပ်နားကာ အခြေအနေ စောင့်ကြည့်နေသည်ဟု လပွတ္တာ ဆရာဝန်က ပြောသည်။
ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံရပ်ခြားနှင့် မြန်မာ အကူအညီပေးရေး လုပ်သားများ ဝင်ရောက်ခွင့်ကို မြန်မာစစ်အစိုးရက ကန့်သတ် ချုပ်ချယ်မှုများ အသစ်တဖန် ထပ်မံ ပြုလုပ်လိုက်သည်။ ယခုအခါ စာနယ်ဇင်းသမားများ သွားရောက်ခွင့်နှင့် ကင်မရာများ အသုံးပြုခွင့်ကိုပါ ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ခရီးသည်များကို စစ်ဆေးမေးမြန်းရန် လမ်းတလျှောက် စစ်ဆေးရေးဂိတ်များ အစိုးရက ချထားသည်ဟု ဆိုသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ လေဘေး ဒုက္ခသည်များကို ကူညီလို၍ ရန်ကုန်မြို့မှ သွားရောက်ကြသည့် မြန်မာအလှူရှင် ၂ဝ ဦးပါ အဖွဲ့ကိုလည်း ဒေသခံ တပ်ရင်းတရင်းက ပြန်လှည့်သွားခိုင်း၍ လှူဒါန်းခွင့်မရဘဲ ပြန်ပို့ခံခဲ့ကြရသည်။ရန်ကုန်မှ ဘိုကလေးသွား လမ်းပေါ်တွင် တပ်ရင်းအမှတ် ၆၆ နှင့် ၇၇ တို့က အဆိုပါ အလှူရှင်များကို ရပ်တန့်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု အလှူရှင်များနှင့် နီးစပ်သူတဦးက ပြန်ပြောပြသည်။ အလှူရှင်များက သောက်ရေသန့်များ၊ ဆေးဝါးများ၊ ဆန်များ၊ သကြားနှင့် သောက်သုံး ဓာတ်ဆားရည် ထုပ်များကို သယ်ယူသွားခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို ကန့်သတ်မှုများနှင့် တားမြစ်မှုများ ပြုလုပ်နေခြင်းကြောင့် မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီ ပေးပို့ရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်ရှိ ကုလသမဂ္ဂရုံးနှင့် အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြသည်။
ကုလ အေဂျင်စီမှ အချို့ဝန်ထမ်းများမှာ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ရန် တရားဝင်ခွင့်ပြုချက် ရရှိထားသော်လည်း အဆိုးဝါးဆုံးထိခိုက်ခံရသည့် နယ်မြေများအနီး ရောက်မှ နောက်ပြန်လှည့်ခဲ့ရသည် ။အခြားနိုင်ငံများမှ အကူအညီများနှင့် ပတ်သက်၍ စစ်အစိုးရသည် အခွင့်ကောင်းယူ နေသည်။ နိုင်ငံခြား အစိုးရများမှပေးသော အစားအသောက်ထုပ်ပိုးပစ္စည်းများမှာ စစ်သားများ၏ စီမံရာအောက်တွင်ရောက်ရှိနေပြီး ၎င်းထုပ်ပိုးပစ္စည်းများသည် စစ်ဗိုလ်ချုပ်များမှ လှူဒါန်းသည်ဟူ၍ ပြန်လည် ကမ္မည်းထိုး နေသည်၊ ဤလုပ်ရပ်သည် ထိုင်းအစိုးရအား ဒေါသထွက်စေခဲ့သည်။ ရန်ကုန်ပြင်ပရှိ ဆင်းရဲသူများထံသို့ အစားအသောက်များဖြန့်ဝေရန် ကြိုးစားသောဒေသခံလူမှုအဖွဲ့အစည်းများသည်လည်း အတင်းအကြပ် ရပ်တန့်ခံရပြီး သူတို့၏ ဆန်အိတ်များလည်း သိမ်းယူခြင်းခံရသည်။
မြန်မာလေဘေး ဒုက္ခသည်များအတွက် ပေးပို့ထားသည့် နိုင်ငံခြားအကူအညီ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဈေးအချို့တွင် ရောင်းချနေသည်။
"ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက ဓာတ်ပုံတွေ အထောက်အထားတွေ ရယူထားတာ ရှိတယ်။ ညောင်ပင်လေးဈေးမှာ ဂျပန်နိုင်ငံအလံနဲ့ World Foods Program (WFP) ဆိုတဲ့ စာတမ်းပါတဲ့ ဆန်အိတ်၊ နို့ဆီတွေ ရောင်းနေတယ်။ (UNH) စာတန်းပါတဲ့ ခြင်ထောင်တွေကို ဘားလမ်းထိပ်မှာ ရောင်းနေတာ ရှိတယ်။ ခေါက်ဆွဲခြောက်ထုပ် ၁ ထုပ်ကို ၆ဝဝ နဲ့ ညောင်ပင်လေးဈေးမှာ ရောင်းနေတယ်။ ဒိ့ထက် ပိုဆိုးတာကတော့ လူနာတွေ အိပ်ဖို့အတွက် အသုံးပြုတဲ့ အမေရိကန်တဲ (ယာယီတဲ) တွေကို ၈၇ဝဝဝ နဲ့ မင်္ဂလာဒုံဈေးမှာ ဝယ်လို့ရပါတယ်" ဟု သူက ပြောသည်။ ယင်းကုန်ပစ္စည်းများကို ရေတပ်ဝန်း (ရိက္ခာသိုလှောင်သည့်တပ်) မင်္ဂလာဒုံ၊ သံလျင်နှင့် လပွတ္တာမှ ကျန်ရှိသည့် စစ်တပ်များမှ စစ်ကားများဖြင့် သယ်ဆောင်လာကာ ဈေးများတွင် ရောင်းချနေခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ ရန်ကုန်မြို့ခံတဦးကလည်း အတည်ပြု ပြောဆိုသည်။
သတင်းဌာနအသီးသီး၏သတင်းများကို ကောက်နှုပ်ဖေါ်ပြပါသည်။
No comments:
Post a Comment