6/08/2011

တိုးချဲ့ ရမဲ့ အောင်ပွဲ ၊ ဆက်တိုက်ရမဲ့ တိုက်ပွဲ



ဂျွန်လ ၁- ရက်နေ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ချုပ်၏ ၁၀၀ကြိမ်မြောက် ညီလာခံ (100th International Labour Conference) စပါတယ်။ဒီနှစ်တော့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ကိုယ်စားလှယ်သုံးဦးလဲ တက်ရောက်နေပါတယ်။ ၁၉၉၂ က စလို့ ILC မှာ နှစ်စဉ် နှစ်တိုင်းFTUB အနေနဲ့လုပ်ခဲ့တာကတော့ စစ်အစိုးရက ကျူး လွန်ချိုးဖေါက်တဲ့အဓမ္မလုပ်အားခိုင်းစေမှု နဲ့ အလုပ်သမား အခွင့်အရေးချိုးဖေါက်မှု တွေကိုတင်ပြ အစီရင်ခံတာ၊ ကန့်ကွက်ရှုံ့ချတာ တွေနဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေကို ဗမာပြည်အခြေအနေတွေ ရှင်းလင်းတင်ပြ ဆွေးနွေး တာဖြစ်ပါ တယ်။ ဒီအလုပ်သမား အခွင့်အရေးနဲ့ ဆိုင်တဲ့ နယ်ပါယ်မှာတော့ FTUB ဟာ တပ်ဦးကအလံကိုင်နေရာကို ရထားခဲ့တာပေါ့။ အဖွဲ့ အစည်း အသီးသီး လူပုဂ္ဂိုလ် အသီးသီးတွေရဲ့ တိုက်ရိုက်နဲ့ သွယ်ဝိုက် ကူညီပံပိုးမှုတွေ ရတာက တကြောင်း၊ ပွဲကလဲပရိတ်သတ် ဗိုလ်ဘုံ အလယ်မှာ ကြိုးဝိုင်းစည်းကမ်း အပြည့် နဲ့ ကစားရတာမျိုးဖြစ်နေတာ တကြောင်း ကြောင့် ညစ်ပြီးမှ ကစားတတ်တဲ့၊ သေနပ်ထောက်ကြိုးတုပ်ပီး မှ အနိုင်ယူတတ်တဲ့ စစ်အာဏာရှင် အုပ်စုအတွက် တော့ ပွဲကြပ်ကွင်းကြပ်ပေါ့လေ။ ဒီနှစ်မှတော့ အရပ်သား အရေလေးခြုံလာတဲ့ သိန်းစိန်အစိုးရနဲ့ တွေ့ကြရမှာပါ။၁၉၉၂-ခုနှစ်တုံးက အကြိမ် ၈၀ မြောက် ညီလာခံပေါ့။ FTUB က ဖွဲ့ပြီးကာစ။ ILCကိုလဲ ပထမဆုံး ရောက်ဘူးတာ ဆိုရမှာပေါ့၊ နေ၀င်းလက်ထက်ကစလို့ ဒီကွင်း ထဲမှရှေ့ကျွမ်းထိုး နောက်ကျွမ်းထိုး ဟိုလည့် ဒီပါတ် နဲ့ မျောက်က က နေခဲ့တဲ့စစ်အာဏာရှင် အုပ်စုကို ကြည့်မရဖြစ်နေတဲ့ နိုင်ငံတကာ ပရိတ်သတ်၊ မျက်စေ့ဆံပင်မွေး စူးနေတဲ့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂတွေ က ယှဉ်မဲ့သူ ရပြီဟဲ့ဆိုပြီး ဖေးဖေးမမ ခွင့်ပြုခဲ့ကြတာ တကြောင်း၊ အတွေ့ အကြုံ အသက်အရွယ်အစဉ်အလာ တွေကို လေးစားပီး ရှေ့မျိုးဆက်ကို အသိအမှတ် ပြုတတ်ခဲ့လို့ ရှေ့မျိုးဆက်ဟောင်းကြီးတွေဖြစ်တဲ့ ………………………. တွေက လမ်းပြလို့ ဒီ ကွင်းထဲကိုရောက်ခဲ့ ပေမဲ့ အဲဒီအချိန်ကတော့ FTUB ဆိုတာ လူသစ်တန်းမှာ တောင်ပေမှီထောက်မှီ လူသစ် မဟုတ်ခဲ့ပါဘူး။ …….အကြိမ် ၈၀ မြောက်ကနေ အကြိမ် ၁၀၀အထိဆိုတော့ …….. အကြိမ် ၂၀။ အနှစ် ၂၀။ ခင်ဗျ….. FTUB လဲ လူကြီးတန်းလို့မပြောချင်တောင် တန်းဝင် လမ်းဝင် လူလတ်တန်းလောက်တော့ ရောက်လာပြီ လို့ပြောရမှာပါ။ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနှစ် .. .. ဒီအကြိမ်ကို ကျနော်တို့အတော်စိတ်ပူ နေခဲ့တာခင်ဗျ။ စစ်အာဏာရှင်အုပ်စုက ၂၀၀၈ အတင်းအဓမ္မဖွဲ့စည်းပုံကြီးနဲ့ ဗြောင်လိမ်ဗြောင်စား ရွေးကောက်ပွဲကြီး လုပ်ပီးစစ်အုပ်စု အမာခံ အရပ်သားအ ရေခြုံ အစိုးရ ကို ဖွဲ့ထားတော့ အတော်ကြီးပြင်ပြင်ဆင်ဆင် လုပ်လာမယ်ထင် ထားတာပါ။ ဒါပေမဲ့ ပွဲလဲစရော ခြေခွင်လဲယိုင်ကရော ဆိုပါတော့ဗျာ။ ဒီနှစ် ဗမာနိုင်ငံက အလုပ်သမား ကိုယ်စားလှယ်မပါလာဘူးတဲ့ဗျား။ ILC ကို လာတဲ့ ၁၈၃ နိုင်ငံ ထဲမှာ အလုပ်သမားကိုယ်စားလှယ် ပါမလာတာ ဗမာ တပြည်ထဲပါ။ပြည့်စုံတဲ့ ကိုယ်စားလှယ် အဖွဲ့တွေစေလွတ်ဖို့ ဆိုတာက ILO ရဲ့ဖွဲ့စည်းပုံဥပ ဒေ ပုဒ်မ ၃၃- အရပြဌာန်းထားတာပါ။ အူဇဘကိစတန် နဲ့ဘော့စနီးယား၊ဟာဇီး ဂိုဗီးနား ဆိုတဲ့ နှစ်နိုင်ငံကတော့ အလုပ်ရှင်ကိုယ်စားလှယ်မပါလာတာပါ။ နအဖ ကခေါ်လာတဲ့ အလုပ်သမားကိုယ်စားလှယ် ဆိုတာဘယ်ကလူလဲ ဆိုတာဖေါ် ထုတ်တာနဲ့ အစစ်မဟုတ်ဘူးဆိုတာတွေ့ရင်ကန့်ကွက်ရတာက ILCပွဲဦးထွက် တာနဲ့ FTUB က စချရတဲ့ ကိစ္စပါ။ များသောအားဖြင့်လဲထောက်လှမ်းရေးတွေ ကြံ့ဖွံ့ တွေ ခေါ်ခေါ် လာတတ်ပါတယ်။ ဘယ်လိုဖြစ်တယ်တော့အသေအခြာ မပြောနိုင်ဘူး၊ မေလ အတွင်း နေပြည်တော် အတွင်းရေး ဆိုတာတွေမှာပါသလို စစ်အုပ်စုထဲ ရုန်းရင်ဆန်ခတ် ဖြစ်နေလို့ပဲ ILO ကိစ္စ အာရုံမရောက်နိုင်ဖြစ်နေ သလား။ အရပ်ဝတ်လေးလဲပြီး အာဏာဆက်ယူ ထားတဲ့ စစ်အာဏာရှင်အစုနဲ့ ရွေးကောက်အတွက် ကြုံးရုံးလုပ်ပြီး ပါတီအနေနဲ့ အနိုင်ရပေမဲ့လူတွေအနေနဲ့ ဘာမှ ထူးမလာလို့ အစာမကြေ ဖြစ်နေတဲ့ ကြံ့ဖွံ့ တို့ ကြား မပြေမလယ် ဖြစ် နေလို့များလား။ စဉ်းစားစရာပါပဲ။ကျနော်တို့ ကတော့ ဒီနှစ်မှာ သူ့ဘက်ကလဲ အပြီအပြင် လုပ်လာပြီး ကျနော်တို့ကို မီးကုန်ယမ်းကုန် တိုက်လိမ္မယ် လို့ ထင်ထားတာဗျ။ ဘာလို့လဲ ဆိုတော့သိန်းစိန် အစိုးရ ဖွဲ့ပြီး ၂၀၁၁ - အဖွင့်မှာကတည်းက FTUB ကို ဆိုက်ဝါးထိုးနှက် ချက်တွေ အသဲအသန် လုပ်ခဲ့တာပါ။ ကျနော်တို့ ဘက်ကလဲတိုက်ပွဲအရှိန်မြှင့်ဖို့ ရည်ရွယ်ပြင်ဆင်ထားကြတာပါ။ILC ကွင်းမှာ ဘယ်အဆင့် ဘယ်အခြေအနေ ရောက်နေလို့ ကျနော်တို့က တိုက်ပွဲတဆင့်မြှင့်ဖို့တောင် စဉ်းစားနေရတာ ဆိုတာ ပြောဖို့ ဆိုရင် နောက် ကြောင်းနဲနဲ ပြန်ကောက် ဖို့ လိုပါ လိမ္မယ်။ ၉၂ ခုကစလို့ နအဖ ကိုယ်ဟန်တွေ ပျက်ပီးတလှမ်းခြင်းနောက်ဆုတ်ခဲ့ရတာတွေ အသာထား၊ ၂၀၀၀ ခုနှစ်မှာတော့ နအဖအသက်ရူမှား ဒူးညွတ်သွားရတာက၊ ILO က နအဖ အစိုးရကို အရေးယူမှု စလုပ်တော့ရန်ကုန်မှာ ILO ဆက်ဆံရေးအရာရှိရုံး ဖွင့်ခွင့်ပေးလိုက်ရတယ်ခင်ဗျ။လုပ်အားပေးခေါ်တာကို ခွင့်ပြုထားတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးရတာ အပြင်လုပ်အားပေး ခေါ်တဲ့သူကို အရေးယူဖို့ ပါ ပြဌာန်းလာရတယ်ခင်ဗျ။ သူတို့တွေမတရားလုပ်တာကို တိုင်ဖို့ နေရာပါ ဖွင့်ပေးလိုက်ရတော့ …. ပြည်တွင်းမှာလဲတိုက်ပွဲကွင်သစ်တွေ ပေါ်လာပြီး မစုစုနွေးတို့ ဦးအေးမြင့်တို့ လိုခေါင်းဆောင် သစ်တွေလဲ ပေါ်လာတာပေါ့။ နအဖ လူရမ်းကားတွေအတွက် ဘယ်လောက်ခံပြင်းစရာဖြစ်မလဲ စဉ်းစားသာကြည့်ပါတော့။ကျနော်တို့ကတော့ စင်ပေါ် ရောက်တဲ့ နှစ်ပေါ့ဗျာ။ ၂၀၀၁ လဲရောက်ရောအပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂတွေက ဂလိုဘယ်ဘားမားကင်ပိန်းလုပ်တယ်ခင်ဗျ။ အဲဒီနှစ် မေလမှာ နိုင်ငံတကာက မေဒေးနေ့ တက်ရောက်ဖို့ဖိတ်စာတွေကြောင့် FTUB ထဲက သွားနိုင်လာနိုင်လူတွေ တယောက်တနိုင်ငံသွားကြရတာပေါ့ဗျာ။ လူမလောက်လို့ တချို့ နိုင်ငံတွေကို အားနာနာ နဲ့ ငြင်းလိုက်ရသေးတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂတွေ ဆိုတာက အတော်အင်အားရှိကြတာခင်ဗျ။ သူတို့က ၀ိုင်းဝန်း အားပေးပံပိုးကြတော့ FTUB လဲအတော်ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာတာပေါ့ဗျာ။ ဗမာပြည် တော်လှန်ရေး အသိုင်းအ၀ိုင်းမှာလဲ အတော်လေး မျက်နှာပွင့်လာတယ် ပြောရမှာပေါ့။ ဒီတော့ကျနော်တို့ FTUB အဖွဲ့ အတွင်းမှာ ဆွေးနွေးကြတယ်ခင်ဗျ။ အဲဒါကတော့ FTUBတော့ အတော်လေး အင်ပြည့်အားပြည့် ဖြစ်လာပြီ၊ အောင်မြင်မှုလဲ အတော်အတန်ရပီ၊ရှေ့ကို ဘာဆက်လုပ်ကြမလဲပေါ့။ အလုပ်သမားသမဂ္ဂများ အခွင့်အရေးနဲ့ FTUBအဖွဲ့တိုးတက်ရေးပဲ ဆက်လုပ်ကြမလား။ ဒီမိုကရေစီရေး တစုံလုံး အတွက်တော်လှန်ရေးတာဝန်တွေကို ခွဲဝေထမ်းဆောင်ကြမလားပေါ့။တော်လှန်ရေး တစုံလုံးအတွက် လုပ်ကြစို့လို့ ဆုံးဖြတ်ချက် ကြသွားတာနဲ့အဖွဲ့ ချုပ်တွေမှာဝင်တာ မိတ်ဘက် အဖွဲ့တွေကို အကူအညီပေးတာ တချို့လူတွေကိုထောက်ပံတာ တွေလုပ်ခဲ့ကြတဲ့ အပြင်၊ ပြည်တွင်းလုပ်ငန်း အဆက်သွယ်သစ် တွေလူသစ်တွေ မွေးဖို့ တည်ဆောက်ဖို့လဲ လုပ်ခဲ့ကြပါတယ်။ အားလုံး အဆင် ပြေချောမွေ့တယ်တော့ မဟုတ်ပါဘူး။ မဟာမိတ်ဆက်ဆံရေးနဲ့ နိုင်ငံရေးဘက်လှဲ့ခဲကြတဲ့ လူဟောင်းတချို့က အသုံးစရိတ်လျော့သုံးပြီး။ ပြည်တွင်းလုပ်ငန်းလူသစ် တွေအတွက် ပိုသုံးခဲ့ကြပေမဲ့ လူသစ်အတော်များများက FTUB ကို ကြားခံခုတုံးလောက်ပဲ သဘောထားသွားတာလဲ တွေ့ရပါတယ်။(အောင်မြင်တာလည်း ရှိပါသည်ဟု ရှာရှာဖွေဖွေ ပြန်လည်ငြင်းချက်ထုတ်မည့်အချက်တွေလည်း ရှိပါသည်၊နိုင်ငံရေးအရ အနိမ့်ဆုံး အဆင့်ဖြစ်တဲ့ ပက်စီတို့ ယူနီကယ်တို့ပြည်တွင်းကပြန်ထွက်ခွာသွားရတဲ့ ကိစ္စ၊ယူနီကယ်ရဲ့ လျှော်ကြေးကို မျက်မျက်လေးဝါးလိုက်ရတဲ့ကိစ္စ၊ အဓမ္မခိုင်းစေမှု၊ ကလေးစစ်သား၊ မြေယာသိမ်း ကိစ္စများကိုအကြောင်းပြကြပါလိမ့်မည်၊) လို့ ရေးတဲ့ ကိုဖိုးသာအောင်လဲ အဲဒီကာလက FTUBနဲ့ လာတွဲလုပ်သွားခဲ့တဲ့ သူပါပဲ။ ထားပါတော့ အတိတ်ဆွေးတွေ ဘေးချ ပြီးရှေ့ရေးနဲ့ အောင်ပွဲအတွက် ပြောတာက ပို အဓိပ္ပါယ်ရှိမှာပါ။ကျနော်တို့ ထပ်ပြီးလေ့လာတွေ့ရှိတာက Freedom Of Association (FOA)ဆိုတဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှား ပိုင်ခွင့်အတွက်ကိုလဲ ILO တို့ UN တို့ ကွင်မှာ တိုက်လို့ ရတယ် ဆိုတာပါပဲ။အဓမ္မလုပ်အားခိုင်းစေမှု တိုက်ပွဲနဲ့ အတော်လေး အတွေ့အကြုံတွေရနေပြီးအရှိန်ကောင်းနေတဲ့ ကျနော် တို့ လူတွေဟာ FOA အတွက် တိုက်ဖို့လဲအတော်အဆင်သင့် ဖြစ်နေပြီလို့ ပြောရမှာပါ။ နည်းနာပိုင်းအပြောင်းအလဲ တော့နဲနဲ ရှိမှာပေါ့။ အဓမ္မလုပ်အား ခိုင်းစေမှု တိုက်ပွဲနဲ့ နအဖ ကိုဒူးညွတ်သွားအောင် ချခဲ့ကြပြီး၊ ကလေးစစ်သား အမှုနဲ့မျက်ကွင်းညိုအောင်ဆက်တီးကြပြီးတဲ့နောက်၊ ခု FOA နဲ့ စစ်အာဏာရှင်အုပ်စုကို ဒူးထောက်လျက် ကြသွားအောင် ဆက်ဆော်ကြပေါ့။ ပွဲသိမ်းကို တော့ဒေါ်အောင်ဆန်းစုကြည်က လုပ်ပါ လိမ္မယ်။ နှစ်ပေါင်း ၅၀ လောက် တည် ခဲ့တဲ့ဒီစစ်အာဏာရှင်စံနစ် ထုကြီးထည်ကြီးကို ဒီလိုပဲ တယောက်တလက် နေရာ ပေါင်းစုံ၊ဒေါင့်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ၀ိုင်းချမှ ရမှာပါ။ FTUB ကအခွင့်အ ခါ အလျောက် အလံကိုင်နေရာ ရောက်နေခဲ့ ပေမဲ့ ဒါဟာ FTUB တဦးကောင်းတဖွဲ့ရဲ့ လုပ်ဆောင် အောင်မြင်ချက်မဟုတ်ပါဘူး။ အားလုံးဝိုင်းလုပ်ခဲ့ကြတာပါ။ခု FOA အတွက် တိုက်ပွဲကိုလဲ အားလုံး ၀ိုင်းလုပ်ကြမှ အောင်မြင်မှာပါ။



အဓမ္မလုပ်အား ခိုင်းစေမှု နဲ့ ကလေးစစ်သား သတင်းအချက်အလက်များကို ပေးပို့ကြစုစည်းကြ ဖေါ်ပြပေးခဲ့ကြသော…….အညတရ ပြည်သူများရဟန်းရှင် လူပုဂ္ဂိုလ်များအသံလွင့် ဌာနများသတင်းဌာနများအဖွဲ့ အစည်းများညီနောင် သမဂ္ဂများ နှင့်FTUB အဖွဲ့ဝင်များ အားလုံးကို ကျေးဇူးတင်လေးစား လျက်



ဗလ

1 comment:

  1. အစီအစဉ်များကောင်းပါသည်။
    ဖတ်ရလို့ လည်း ကျေးဇူးတင်ပါတယ်။
    ငါတို့ ဗမာတွေ တတ်ကြပါတယ်။
    အားလုံးကောင်းသည်။
    တခုပဲ ပြောပါရစေ၊
    အမဲပေါ်မှာ အ၀ါဆိုတော့ မျက်လုံးစူးလာတယ်။
    စိတ်မဆိုးပါနဲ့ ၊ လွတ်လပ်တဲ့အမြင်တခုအနေနဲ့ 
    ပြောရတာပါ။
    ခင်မင်စွာဖြင့်-
    စိန်မောင်မောင်အေးမျင့်(ခေတ္ထ-ဂျာမဏီ)

    ReplyDelete