6/16/2008

မေတ္တာကျေးဇူး ဆပ်ဖူးလေအောင်

ဘလော့များကိုအလည်သွားရင်း ဖခင်များနေ့ ကိုအမှတ်ပြုမိပါတယ်။
အဲဒီထဲကတဆင့် မြန်မာပြည်ကိုလွမ်းသူ: ဘလော့ဂ် က(မ)မေရဲ့  (မားမားရဲ့တစ်လပြည့်ရက်လေး)နဲ့ 
ပန်းခရေရဲ့ FATHER ဆိုတဲ့ပို့ စ်၂ခုက ပြန်လာတဲ့အထိပါလာပါတယ်။
၂ခုလုံးကတော့အမိအဖကိုလွမ်းတခြင်းပါ။

(မ)မေရဲ့ အားတင်းလျက်လွမ်းတမှုကို နိုင်သလောက် အားပေးစကားလေးနဲ့ ။
ခိုကိုးရာပျောက်လို့ ခုတိုင်ယိမ်း ယိုင်နေဆဲပါဆိုတဲ့ ပန်းခရေမကိုတော့ (သားအဖလိုအပြန်အလှန်ခင်မင်ရင်းစွဲကလဲရှိကြသူများမို့ ) comment ရှည်လေးတခုလဲပွတ်ခဲ့ပါတယ်။

ကျနော့ရဲ့ ဆိုလိုရင်းကတော့ ဆပ်မကုန်အောင်ကြီးမားလှတဲ့မေတ္တာတရားကို အခါမလပ်နားလည်သိရှိ
သတိရနေခြင်းဟာလဲ ကျေးဇူးဆပ်ခြင်းမြည်ပါတယ်။မိဘများသက်ရှိထင်ရှားရှိခိုက်မှာ ကိုယ်စွမ်းရှိသမျှ
ကြွေးမွေးပြုစုကြပါ အနွံအတာခံပါ သီးခံပါ မိဘများသက်ရှိထင်ရှားရှိနေခြင်းရဲ့ ပြည့်စုံမှုထက် ပိုတဲ့ပြည့်
စုံခြင်းဆိုတာ လောကမှာမရှိပါ။

မိဘနှစ်ပါးက သားသ္မီးဆယ်ယောက်ကိုလူလားမြောက်အောင်ကြွေးမွေးစောင့်ရှောက်ခဲ့ပေမဲ့ သားသ္မီးဆယ်ယောက်ကမိဘနှစ်ပါးကိုပြန်ကြည့်နိုင်ခဲတယ်လို့ ရှေးစကားရှိပါတယ်။
ရွှတ်နောက်နောက်ပြောတတ်တဲ့ကျနော်က သားသ္မီးတွေကိုမိဘကပျိုးထောင်တုံးက ဂျီကျယင် ကျောပြင်ကို
ဗျောတင်နိုင်ခွင့်ရှိတာကိုး သားတို့ အလည့်ကျတော့အသက်ကြီးလာလို့ ဂွကျတဲ့ မိဘကို ဗျောပြင်ဖို့  နေနေ
သာသာလို့ အရွှန်းဖေါက်ဖူးပါတယ်။စော်ကားစိတ်နဲ့ ပြောခြင်းမဟုတ်ပါ။
သဘာဝကိုရည်ရွှန်းမှုနဲ့ ထောက်ပြတာပါ။
ဖြတ်သန်းလာရတဲ့လောကဓံရဲ့ ရိုက်ပုတ်မူတွေကြောင့်သက်ကြီးရွယ်ရင့်လာတဲ့အခါရှိတတ်တဲ့ သဘော
သဘာဝကိုနားလည်ပေးကြပါ။
မိဘကျေးဇူးကိုကျနော်သိမြင်ဆင်ခြင်တတ်လာတဲ့အချိန်ကစပြီး မိဘနှင့် အတိုက်အဆိုင်ဖြစ်တိုင်း
အကြောင်းအရာကိုမထည့်တွက်တော့ဘူး။အကြောင်းအရာအရကျနော်မှန်ကောင်းမှန်မယ် မူအရ
မေတို့ ဖေတို့  မှန်တယ် (ယောက္ခမများအပါအ၀င်) ။
ကျနော်ကတော့အမေနဲ့ ဘဲအတိုက်အဆိုင်ပြောရတာပါ အဖေကတခါတလေ တနေ့ လုံးနေလို့ စကား တခွန်းမှပြောမသွားတာ။
ပြောပြီဆိုရင်လဲ အချက်အလက်နဲ့ အကြောင်းအကျိုးနဲ့  တခါတလေ လတ်တလော ကိစ္စနဲ့ နွယ်ပြီး
လွန်ခဲ့တဲ့၃-၄ နှစ်က ကိုယ်ပေါက်ကရလုပ်ထားတာ ကိုယ်တောင် မှတ်မိတော့ဘူး ဟဲဟဲ အသာလေးသာငြိမ်နေယုံ။ အခုကျနော့မိဘများမရှိကြတော့ပါ မိဘတို့ ၏ကျေးဇူးကို ဦးထိပ်ထား၍
ဘ၀ပေးအခြေအနေအရ ကြုံကြိုက်ရသည့် မိဘသဖွယ်ပုဂ္ဂုလ်များကိုသာအလုပ်အကြွေးပြုရပါတော့သည်။

အချုပ်အားဖြင့်ကျနော်တို့ သားသ္မီးများရဲ့ တာဝန်ကတော့မိဘကျေးဇူးကို နားလည်ကြပါ။သက်ရှိထင်ရှားရှိစဉ်
မှာရောမရှိတော့တဲ့အခါမှာပါ ကျေဇူးမေတ္တာတို့ ကိုတရံမလပ်သတိရကြပါ။သက်ရှိထင်ရှားရှိစဉ် ရှိခိုက်မှာ
ဂါရ၀တရားအပြည့်ထား၍ကျိုးနွံမှုနှင့်မွေးကြွေးစောင့်ရှောက်ကြပါ လို့ လှိုက်လှာစွာတိုက်တွန်းပါသည်။ သားကောင်းသမီးမွန်များကိုလဲသာဓုခေါ်ပါသည်။

စိန်မမဂွက်ခရေ(အားးး..လက်ကွက်မှားသွားလို့ ) ပန်းခရေအတွက်ရည်ညွန်းရေးခဲ့သော comment ကို
အခြားသော ဖေချစ်သမီးများအတွက် ထည့်ပေးလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

မာတာပီတုဥပဌာနံ......။
ပီတု..ဖခင်ဂုနော အနန္တော၏ ဂုဏ်ကျေဇူးသည်..
ကုန်ပေလေစေ ဖေဖေ့ ငွေနဲ့ 
ထွေထွေတတ်ကောင်းသင်တို့ ကျောင်းဝယ်
တတ်အောင်သာကွယ် အားမငယ်နှင့်
ခါးသီးလှိုင်းထန် လောကဓံထဲ တိုးဝင်နွဲရေး
လေးမျှားပမာ မြတ်ပညာပေးတဲ့အပြင်
နေရေး စားဝတ် မယွင်းချွတ်တမ်း သူဆင်လွမ်းခဲ့.........။
-
လမ်းကန္တာနွေအလျှင်မှာ စမ်းတံတျာရေစင်ပမာ
ချမ်းမြကြည်မော တမ်းတရည်နှောလို့ 
မှန်းဆဦးတင်(လျှင် ) ဖခင်ကျေးဇူး
အထူးဆပ်ရာ ကျပါလေ၏ “မယ်ခရေ”သိလော့။ ။
-
သင်ပြုသမျှ လူ့ ဘ၀၀ယ်
တင့်တယ်စေရန် စိတ်ရည်သန်၍
ကိုယ်ကျင့်မျှတ ထိမ်းသိမ်းကလျှင်
ချစ်စွာဖခင်မေတ္တာရှင်သည် ရောက်ရာဘ၀ပီတိလှ၍
သောမန နှလုံးသူရွင်ပြုံးလိမ့်...။
အသိ သိက္ခာ ညဏ်ပညာနှင့်
ယှဉ်ကာမပြတ် မာန်မာနကင်း
နေတတ်ခြင်းဖြင့် ဖခင်ဂုနောအနန္တောကို
ဆပ်ခြင်းအရာ မြည်ပါလေ၏ “မယ်ခရေ”သိလော့။ ။
-
ပညာလက်နက် သိက္ခာစွက်၍
အားမာန်အပြည့် နှလုံးညှိက
အားငယ်စရာ ဖယ်ခွါသွေတိမ်း
ချမ်းအေးငြိမ်းလိမ့် ...။
ပီတု မာတာ စုံနှစ်ဖျာ၏
မေတ္တာခြုံလွှမ်းသစ္စာပန်းကြောင့်
မျက်နှာပွင့်လန်း အေးမြချမ်းအံ့
ပန်းအလှ“မယ်ခရေ”သိပါလေ။ ။


***
အစက လက်တမ်းရေးရင်းလျှာညိသွားတာကြောင့်သံချိုမယ်ထင်တာလေးဇောင်းပေးလို့ ပြန်ရေးလိုက်ပါတယ်။
အမြင်မပျော်အဆင်ချော်တာလေးများ Ignore All လေး လုပ်ပေးပါခင်ဗျား။

No comments:

Post a Comment