ခိုင်အောင်ကျော်(စစ်တွေ)
အမေရိကန်သမတသက်တမ်း သုံးဆက်မြောက်အထိဥပေက္ခာပြုထားခံရသော စစ်အစိုးရအဖို့ ခုတော့ နဲနဲ အသက်ရှုပေါက်ရသည်ဟုထင်ချင်ထင်မည်၊ အကြောင်းက လေး ဆက်မြောက်သမတ ဖြစ်လာသူ ဘားရက်အိုဘားမားကတွေ့ဆုံဆွေးနွေးရေးဖြင့် ပဋိပက္ခများကို ဖြေရင်းနိုင်သည်ဟုယုံကြည်ထားသူမို့ မြန်မာနိုင်ငံစစ်အစိုးရကို လူလိုသူလိုအဖက်လုပ်ကြည့်သည်၊ သူတို့ချည်းမဟုတ်၊ မြောက်ကိုးရီးယား၊ကျူးဘား၊စသောနိုင်ငံတွေကိုလည်း သူတို့ တွေ့ဆုံစကားပြောနေသည်၊
မြန်မာနိုင်ငံစစ်အစိုးရကိုမူ ပြောသည့်အခါ သေသေချာချာကိုင်တွယ်ပြောထားသည်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကက်ကမ်ဘဲလ် ကမြန်မာနိုင်ငံအရေးကို နှံ့စပ်ကျွမ်းကျင်သူမို့ တလက်မမျှအလျှော့ပေးသူမဟုတ်၊ စီးပွါးရေးပိတ်ဆို့ထားမှူကို ဆက်လက်ထားမည်ဟု ကျေညာထားသူဖြစ်သည်။ ယခုလာသည့်အခါ၌လည်း Fact findingအချက်အလက်ရှာဖွေရန် လာသည်ဟုသာပြောသည်၊ သည်တော့ စစ်အစိုးရကအချက်အလက်ပေးလိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မည်ဆိုသောအချက်နှင့်စီးပွါးရေးပိတ်ဆို့ထားမှုကို ရပ်ဆိုင်းပေးရန်လိုလားသောအချက် ဖြစ်သည်။
မြန်မာ့နိုင်ငံရေးကို ကြေညက်စွာ သိထားသူများကအဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပါက နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာစေနိုင်သည်ဟု သံခင်းတမန်ခင်းစကားကို ပြောသည်၊ စစ်အစိုးရကလွှတ်မည့်အရိပ်အရောင်ကို မပြသည့်အပြင် ဆက်လက်ဖမ်းဆီးနေသေးသည်၊ထို့ကြောင့် ကျွန်တော့်အနေဖြင့် အမေရိက အထက်လွှတ်တော်အမတ်လက်ထောက်နိုင်ငံရေးဝန်ကြီး ကက်ကမ်ဘဲလ်၏ ခရီးစဉ်ကို ကြိုဆိုသည်ဆိုသောစကားထက် အခြားပြောနိုင်သောအခြေအနေ မရှိဖြစ်နေသည်၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရရှိသောအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရနှင့်စကားပြောနိုင်ရန် ကြားဝင်စေ့စပ်ပေးသူ Negotiator ရှိလာခဲ့လျှင်ပြောစရာမှာ ရွေးကောက်ပွဲ ရလဒ်ထက် အခြားမည်သို့မျှ မရှိဟုထင်သည်၊ ယင်းမှာအန္တိမ ရည်မှန်းချက်ဖြစ်သည်၊ ရည်မှန်းချက်ကိုပြောရတော့ပြီဆိုလျှင် တနည်းနည်းဖြင့်အသိအမှတ်ပြုရေးမဟုတ်၊ အါဏါလွှဲပြောင်းရေး ဖြစ်သည်။ စင်စစ်အားဖြင့် စစ်အစိုးရအမြင်နှင့် သူတို့၏အလိုတော်ရိများဖြစ်သော ရွေးကောက်ပွဲဝင်မည့်သူများ၏ အမြင်တို့မှာဒီမိုကရေစီအတိုက်အခံသမားတို့၏အမြင်နှင့် မတူ၊ ယခုလည်းကြည့်၊အမေရိကန်အစိုးရက စစ်အစိုးရနှင့် စကားလုပ်ပြီး ဆက်ဆံလိုက်သည်နှင့်သူတို့ကို ဖိအားပေး၍ မရဟု အမြင်ရောက်သွားသည့်အသံများထွက်လာသည်၊စီးပွါးရေးပိတ်ဆို့မှူများက အလုပ်မဖြစ်၍သာ ယခုလို ဆက်ဆံရေးလုပ်လာသည်ဟုပြောဆိုလာကြသည်၊ မည်သို့သော ဥဏှောက်မျိုးနှင့် ပြောဆိုကြမှန်း မသိ၊မှိုင်းမိသူများကတော့ သေသေချာချာ မှိုင်းမိခြင်းဖြစ်နေသည်၊အရိုးစွဲနေသည်မှာ မလွယ်၊ ဖျောက်ဖျက်ရမည့်အနေအထားက သူတို့အတွက်အလွန်တရာခက်ခဲနေသည်ဟုထင်သည်၊ မျက်စိမှိတ်ယုံကြည်နေသောအလိုတော်ရိများကြောင့် စစ်အစိုးရများအနေဖြင့် နေ သာနေခြင်းဖြစ်သည်၊ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံရေးမှာရွေးကောက်ပွဲလုပ်ခြင်းဖြင့် တိုးတက်ပြောင်းလဲမည့် လက္ခဏာဖြစ်မည်တော့မဟုတ်ချေ၊ ဒေါ်အောင်းဆန်းစုကြည်ကို လွှတ်ပေးလိုက်ရုံနှင့် လည်းပြီးမြောက်မည် မထင်၊ နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော်ကို မလွှတ်မပေးသမျှဒေါ်အောင်ဆန်းစုကြည်က လက်ခံသူမဟုတ်၊ နိုင်ငံအေးချမ်းသာယာရေးအတွက် အဖက်ဖက်ကကြိုးစားနေကြရာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေကအမေရိကန်ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခြင်းမပြုခဲ့၊ တချိန်ထဲမှာ ဒီမိုကရေစီနိုင်ငံဖြစ်လိုလျှင်ပြသနာအရင်းခံဖြစ်နေသော နှစ်ဦးနှစ်ဖက်တွေ့ဆုံမှသာ ဖြစ်မည်မို့ ယခုအချိန်ထိမတွေ့ဆုံခြင်းမှာ အကြောင်းအရာက ရှင်းနေသည်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာတွေ့ဆုံစကားပြောဆိုပြီးမှ အဖြေရှာညှိနှိုင်းဆောင်ရွက်ကြရန် အရေးကြီးသည်၊ခုတော့ သည်လိုမဟုတ်ချေ၊လွပ်လွပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကိုပြုလုပ် ကျင်းပပါဟုသာ ပြောနေရသော စစ်အစိုးရ၏ လုပ်ရပ်တို့မှာစိပ်ပျက်စရာကောင်းသည်၊ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ပင်လျှင်အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ပါဝင်မည်ဆိုပါက ဆိုသော စကားတွေကိုသုံးစွဲလာကြရာ သူခိုးက လူလူဟစ်နေကြခြင်းဖြစ်သည်၊ မည်သူကအမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြုလုပ်နေသည်ကို ကမ္ဘာကြီးက သိနေပါလျှက်ဝန်ကြီးချုပ် ဘိနပ်သိန်းစိန်က ထည့်ပြောသွားသည်ကို ကြားရသည်၊ဘိနပ်သိန်းစိန်ဟု နာမည်တွင်ခြင်းမှာ နယူးယောက်ကို လာစဉ် ဘိနပ်ပေါက်ပြီးဆန္ဒပြခဲ့ကြခြင်းကြောင့်ဖြစ်သည်၊ ဘိနပ်သိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို
ပါဝင်နိုင်သည်ဟုပြောရာ၌ ယင်းကဲ့သို့ ပြောဆိုသွားခြင်းဖြစ်သည်၊ တနည်းအားဖြင့်စစ်အစိုးရတို့ အနေဖြင့် ယခုအချိန်ထိ အလျှော့ပေးမည့် လက္ခဏါ အကြောင်းအရာတစုံတရာမမြင်ရသေး၊၂၀၁၀ ရွေးကောက်ပွဲကို လွပ်လွပ်ပြီး တရားမျှတအောင် လုပ်ပေးပါဟုပြောကြားသူများအပေါ် သူတို့ မည်သို့ ကောက်ကျစ်စွာ အဖြေရှာ ပြုလုပ်ကြမည်ကိုစောင့်ကြည့်နေရုံဘဲဖြစ်သည်၊ သူတို့အနေဖြင့် သူတို့၏သက်ဆိုးရှည်ရေးအတွက်သူတို့ကိုသူတို့ ကျားကန်ပေးမည့် အကြောင်းအရာထက်အခြားမည်သူ့ကောင်းစားရေးကိုမျှ လုပ်ချင်သူများ မဟုတ်ပေ၊ တချိန်က ဥရောပဘုံးဈေးအဖွဲ့ဝင်နိုင်ငံများကဒေါ်လာသန်းပေါင်းထောင်ချီကာ ကူညီပါမည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီး ဒီမိုကရေစီ နိုင်ငံတော်ဖြစ်အောင် လုပ်ပါ ဟုတိုက်တွန်းခဲ့သည်၊ စစ်အစိုးရက ယောင်လို့တောင်မှ မစဉ်းခဲ့၊ အကြောင်းမှာဒေါ်အောင်ဆန်းစုကြည် နာမည်ကြားသည်နှင့် တီတွန့်သလို တွန့်သွားခဲ့၍ဖြစ်သည်၊ ခုလည်း ဘယ်သူတွေ ဘာဘဲပြာပြော စီးပွါးရေးပိတ်ဆို့တာကိုဘဲရပ်ဆိုင်းစေချင်နေသည်၊ နိုင်ငံရေးပြသနာကို မဖြေရှင်းချင်ဘဲ မည်သူမျအဖက်လုပ်ကြမည့် ပုံမပေါ်သည်ကို ဂရုမစိုက်ကြ၊ သည်တော့ စစ်အစိုးရက နိုင်ငံရေးပြသနာကို နိုင်ငံရေးအရအဖြေမရှာလျှင် ဒီမိုကရေစီအင်အားစုတွေကမည်သို့ ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသည်ကိုစဉ်းစားထားရန်လိုသည်၊စစ်ပြန်ညီလာခံတွင် သူတို့၏ကျေညာချက်ကို ထုတ်ပြန်ထားပြီးဖြစ်သည်။ ၄င်းမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူတရပ်လုံးက ထောက်ခံထားသည်၊ ထို့ကြောင့်အတည်ပြုပြီးပြီမို့ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်သွားမည်၊ရွေးကောက်ပွဲပြုလုပ်ပြီးသော်လည်း ဒီမိုကရေစီကို မပေးသေးဟုအတိအလင်းပြောဆိုထားသည်၊
ဆိုရလျှင် မည်သည့်ကိုယ်စားလှယ်တွေဘဲ အနိုင်ရရဒီမိုကရေစီအစိုးရလည်း မဖွဲ့စည်းရ၊ ဒီမိုကရေစီအခွင့်အရေးလည်း မခံစားရဟုကြေညာချက်ထုတ်ပြန်ထားသည်မှာ စစ်အာဏါရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်နေသည်၊ သူ့အမိန့် သူ့အါဏါသည်တည်ဆဲဥပဒေဖြစ်နေသည်၊ သူ့အမိန့်ကို မည်သူမျှ လွန်ဆန်၍ မရ၊ စစ်အစိုးရကိုအလိုတော်ရိတွေက မည်သို့ပင်ထောက်ခံပြီး ကိုယ်စားလှယ်တော်အဖြစ်ရွေးကောက်ပွဲဝင်ပြီး ၀င်ရောက်ယှဉ်ပျြိုင်တောင်မှဘာမျှလုပ်ပိုင်ခွင့်မရှိ၊ ပြောပိုင်ခွင့်မရှိ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီမှာ ကောက်ရိုးပုံကိုစောင့်ခဲ့သောခွေးတကောင်အဖြစ် နိုင်ငံတကာမှာ လှည့်ပါတ်နေခဲ့သောနိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့သူ ဦးဝင်းအောင်ခမြာ အင်းစိန်ထောင်ထဲအကျဉ်းသားဘ၀နှင့် သေဆုံးခဲ့သွားသည်မှာ မနေ့တနေ့ကဘဲဖြစ်သည်၊သင်္ခမ်းစာယူတတ်လျှင် ယူသူအဖို့ အကျိုးရှိမှာ သေချာသည်။၊ ပြောစရာတခုမှာစစ်အစိုးရတွင် အတွင်းရေးမှူးသုံးဦးစလုံး၏ ကံကြမ္မာတို့မှာ တဦးကလေယဉ်ပျံပျက်ကျ၍ သေ၊ တဦးက အကျဉ်းထောင်ထဲရောက် ၊ တဦးက အထုတ်ခံရနှင့်သူတို့မှာ လှလှပပ စစ်အစိုးရ၏ ဒဏ်ကိုခံရသွားပြီဖြစ်သည်၊ သူတို့အကြောင်းကို ပြောနေသည်မှာ တကယ့်ကောက်ရိုးပုံကိုစောင့်သော ခွေးကောင်းသဘွယ် နေခဲ့သူများတောင်မှ ယခုလိုဂျွမ်းပြန်ကျခဲ့သည်၊ရွေးကောက်ပွဲဝင်မည်ဟု တကဲကဲပြောနေသော သူတွေမှာမူ စဉ်းစားစရာ တခုဖြစ်သည်၊ကောက်ကျစ်စဉ်းလဲသော သူတို့မှာ သစ္စာတရား ရှိသည်ဟု မည်သည့်ကျမ်းစာပေစာတို့မှာမျှ မတွေ့ဖူး၊ တနပ်စာကို တသက်စာဟု ထင်သူများကတော့ဖျာခင်းချင်လျှင်ပင် ဇွတ်ခင်းနေကြသည်မှာ ရွံ့စရာဖြစ်နေသည်၊ဇွတ်ခင်းလျှင်လည်း ဦးဝင်းအောင်တို့၏ ကျန်ရစ်သော မိသားစုတို့နှင့်တိုင်ပင်ဆွေးနွေးပြီးမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ကြိုးစားပါဟုပြောချင်သည်။ မည်သို့ပင်ဆိုစေ စစ်အစိုးရ၏နိုင်ငံရေးလှည့်ကွက်ပေါင်းများစွာကို ကြုံခဲ့ပြီးဖြစ်သော သူတို့မှာအရိပ်သုံးပါး နားလည်ပြီးသားဖြစ်သည်။ စီးပွါးရေးပိတ်ဆို့မှုများကိုဖယ်ရှားပေးရန် ပြောဆိုနေခြင်းမှာ မြန်မာပြည်သူများ အတွက် မဟုတ်၊သူတို့၏အကျိုးစီးပွါး ချမ်းသာကြွယ်ဝလိုရေးဖြစ်သည်၊ ထို့ကြောင့် ယင်းမှာယခုအချိန်တွင် အဓိက ပြသနာတော့ လုံးဝမဖြစ်နိုင်၊ လှည့်ပါတ်ကောက်ကျစ်မှုတခု သက်သက် ဖြစ်သည်၊ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိသော တနှစ်အတွင်း အမေရိကဒေါ်လာငွေ မှာ နဲနဲနောနောမဟုတ်ချေ၊ တရုပ်က သူတို့နှင့်ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေရာ တရုပ်၏ကျားကန်ပေးမှုမှာအားကောင်းလွန်းမက အားကောင်းနေသည်၊ သူတို့အတွက် မည်သို့နည်းနှင့်မျှငွေရေးကြေးရေး ပြသနာ မတက်နိုင်မှန်း သိထားပြီးဖြစ်သည်၊စီးပွါးရေးပိတ်ဆို့ထားမှုကို မမှုံ၊ ဂရုစိုက်စရာအကြောင်းမရှိ၊ သူတို့၏နိုင်ငံရေးချိန်ခွင်လျှာ မည်မျှအားသာမှု ရှိမရှိကိုသာသတိထားနေကြခြင်းဖြစ်သည်၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်က သဘာဝဓါတ်ငွေ့ မထွက်ရှိခင်မှာစစ်အစိုးရ၏ ဘက်ဂျက်မှာ ဆိုးဝါးနေသည့်တိုင်အောင် ရပ်တည်နေပြခဲ့သည်ဟုဆိုလျှင် ယခုအချိန်၌ သူတို့က အနေသာပင်ဖြစ်သည်၊ သည်တော့ သူတို့၏ ၂၀၁၀ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဆင်ခြေဆင်လက်များကို လေ့လာကြည့်ရန်လိုသည်၊အဖြေမှာ ရှင်းနေသည်။ သူတို့၏ ကြေညာချက်မှာ ပါရှိသည့်အတိုင်းရွေးကောက်ပွဲ ဥပဒေကို မပြင်ဆင်ဘဲ ပြုလုပ်သွားမည်ဖြစ်သည်၊နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်မဟုတ်၊ ယုတ်စွအဆုံး ဒေါ်အောင်ဆန်းစုကြည်၊မင်းကိုနိုင် နှင့် အခြားခွန်ထွန်းဦး တို့ကို မည်သည့်နည်းနှင့်မျှ လွှတ်ပေးမည်မထင်၊ ၂၀၁၀ရွေးကောက်ပွဲကို သူတို့သေသေချာချာ လုပ်မည်မို့ သူတို့၏ပွဲကိုဖျက်စေနိုင်သော သူတို့အား လုံးဝလွှတ်ပေးမှာမမြင်၊ သည်တော့ သူတို့အပေါ် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကို တနည်းနည်းဖြင့်အသိအမှတ်ပြုပေးရန် တောင်းဆိုနေခြင်းမှာ လုံးဝသဘာဝ မကျ၊ အကယ်၍တောင်းဆိုနေလျှင် ငယ်ငယ်က ဖတ်ခဲ့ဖူးသော ရာဇ၀င်ဒဏ္ဍာရီထဲကရှင်ဘုရင်မဖြစ်ခဲ့ရသော အိမ်ရှေ့မင်းသား မင်းလောင်းအကြောင်းကို သတိရမိသည်။အိမ်ရှေ့မင်းသားဆိုသည်မှာ ခမည်းတော်အရှင်မင်းမြတ် နတ်ရွာစံလျှင်ထီးနန်းကို သိမ်းပိုက်စိုးစံစေမည့် မင်းလောင်းအဖြစ် လျာထားသူဖြစ်သည်၊သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်မှာ အဖနတ်ရွာစံလျှင် သားဖြစ်သူက ထီးနန်းကိုဆက်ခံကြသည်။အိမ်ရှေ့မင်းသားမှာ မင်းလောင်းဖြစ်နေသော်လည်းရင်ခွင်ပိုက်နို့စို့ ခလေးအရွယ်ဆိုလျှင် ဖခမည်းတော် နတ်၇ွာစံသည့်တိုင်ထီးနန်းကို မအုပ်ချုပ်ရဘဲ ဘုရင်မဖြစ်ချေ။ အရွယ်ရောက်အောင်ထိမင်းလောင်းဘ၀နဲ့ နေရရှာသည်။ ကံဇာတာဆိုးဝါး၍ မင်းလောင်းလေးခမြာ လုပ်ကြံခံရလျှင် ဘုရင်မဖြစ်ခဲ့ရှာသော သူ့အကြောင်းကို အလင်္ကစာပေဖွဲ့နွဲ့၍ ရေးမှတ်ထား တတ်ခဲ့ကြသည်။ ယခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖြစ်ပြီဆိုလျင် မင်းလောင်းနှစ်ကြိမ်ဖြစ်နေခဲ့သောအိမ်ရှေ့မင်းသားနှင့် တူနေလိမ့်မည်ဖြစ်သည်။ ဘုရင် တခါဖြစ်ဖို့ မင်းလောင်းနှစ်ခါ ဖြစ်ရမည့် ရာဇ၀င်ထဲကပုံပြင်တွေလို မဖြစ်ရန် အရေးကြီးနေပါသည်၊
ခိုင်အောင်ကျော်(စစ်တွေ)
No comments:
Post a Comment