1/15/2010

နအဖ စစ်တပ်ကို ပြိုကွဲအောင်

ခိုင်အောင်ကျော် ( စစ်တွေ )

တနေ့က အကြံပေးလာကြသည်၊စစ်တပ်ကို ကွဲပြဲအောင် လုပ်ရမှာ မို့ သူတို့ကွဲပြဲလာနေသော အကြောင်းတွေကို ဆောင်းပါးရေးပေးပါ ဟု ပြောလာကြခြင်းဖြစ်သည်၊ တပ်မ ၆၆ နှင့် ရရ က ပြသနာတွေ ဖြစ်လာနေသည်၊ တပ်ကလည်း ထွက်ခွင့်မရသလို့ မိသားစု စားဝတ်နေရေးကလည်း မပြေလည် သောကြောင့် တပ်တွင်းမှာ အကြီးအကျယ် ပြသနာတွေ ဖြစ်နေသည်ဟု ဆိုသည်၊ သည်ကြားထဲ လစာတိုးပေးမည်ဟု သတင်းများထွက်ပေါ်လာရာ မည်သည့်နည်းနှင့် မဆို ယာယီပြသနာတခုကိုတော့ တပ်တွင်းမှာ ဖြေရှင်းနိုင်စရာ ရှိသွားပြီဟုလည်း တချို့ ကပြောသည် ၊ တချို့ က လစာတိုးပေးလိုက်သည်နှင့် ရွှေပိသာလိုက် ၀ယ်နိုင်သွားသော သူတွေမှာ အရာရှိမိသားစု များသာ ဖြစ်သွားပြီး သာမန် ရဲဘော်ကအစ အရစ်မရှိ အဆင့်တွေမှာ ငတ်ပြတ်ရုံနေသည်ကလွဲလို့ ထူးမခြားနား ရှိနေသည့်အပြင် ပိုလို့ပင် အထက်အရာရှိများ အခြေအနေတွေကို သိသွားကြသည်မို့ စိတ်နာကျည်းသွားနိုင်ကြသည် ဟုဆိုသည်၊ သည်တော့ အရစ်မရှိ တပ်မတော်သားတွေကို ကြည့်လိုက်ပြန်တော့ သူတို့မှာ ကောက်ရိုးပုံစောင့်သော ခွေး လုံးလုံး ဖြစ်နေသည်ကလွှဲ၍ မည်သို့မျှ ပြောင်းလဲမှု မရှိဖြစ်နေသည်ကို တွေ့နေရသည်၊ ထို့ကြောင့် စစ်အစိုးရက လစာတိုးပေးလာသည့်အပေါ် ပြည်ပက အတိုက်အခံ ဒီမိုကရေစီ အဖွဲ့အစည်းများထံမှ လက်တွေ့ကျသော တန်ပြန်ဆောင်ရွက်ချက်များကို မည်သို့ ပြုလုပ်ကြမည်နည်းဟု ဆွေးနွေးဖြစ်သည်၊ လက်တွေ့ လုပ်နိုင်သော ကိစ္စများကို နှီးနှောခြင်း ဖြစ်သည်၊ လေသမားများကို ဆွေးနွေးခြင်းမဟုတ် ၊ ပရောဂျက်သမားများကို ဆွေးနွေးခြင်းမဟုတ်၊ အားရစရာကောင်းသော ဆွေးနွေးချက်များကို ကြားလာရသည်၊ ယင်းအထဲမှ ထူးခြားချက်တခုကို ပြော့ပချင်သည်။
အားရစရာကောင်းသော ဆွေးနွေးချက်များကို ကြားလာရသည်၊ ယင်းအထဲမှ ထူးခြားချက်တခုကို
ပြော့ပချင်သည်၊ ယင်းမှာကား တပ်မှထွက်ပြေးလာသော စစ်သားများအား တလကို မြန်မာငွေ နှစ်သိန်းစီ
ထောက်ပံ့ကြေးပေးရေး ဆိုသော အချက်တချက် ဖြစ်သည်၊ ဤသည်မှာ လက်တွေ့ကျသော အဖြေတခုအဖြစ်
သူတို့ ယုံကြည်စိတ်ချစွာ နားလည်ကြသည်၊ အရစ်မရှိ စစ်သားတွေက ဆင်းရဲသည်၊ မိသားစုများက
နပ်မှန်အောင် ကြံဖန်စားသောက်နေရသည်၊ သူတို့၏ မိသားစုများကို ထောက်ပံ့ပေးမည်ဟုဆိုလိုက်လျှင်
ယင်းစစ်သားများသည် ဧကန်မုချ ထွက်ပြေးလာကြမည်ဖြစ်သည်၊ ယင်းငွေကား ပြည်ပမှာ မဖြစ်နိုင်စရာ
အကြောင်းမရှိ၊ သူတို့နှင့် တိုက်ခိုက်နေရ၍ ကျည်ဆံဖိုးကုန်ကျစရိတ်ထက် အခုလို ထောက်ပံ့ကြေး ပေးမည် ဆိုလိုက်လျှင် ရန်သူလည်း အားပျော့သွားသလို ကျည်အားကိုလည်း ဖြုံးတီးရာ နည်းပါးသွားမည် ဖြစ်သည်၊
ပြီးတော့ ရန်သူတခြမ်းက ကိုယ့်ဘက်ကို ရောက်လာနိုင်သည်၊ အဓိက အားဖြင့် နအဖ အစိုးရက သူတို့ကို လစာပေးခြင်းထက် ဒီမိုကရေစီအတိုက်အခံဘက်က လစာပိုပေးလိုက်လျှင် လစာပိုပေးသည့်ဘက်ဆီသို့ ကူးပြောင်းလာကြမည် ဖြစ်သည်၊ ---- မြန်မာငွေနှစ်သိန်းဆိုသည်မှာ ဒေါ်လာ ၂၀၀ ခန့်မျှကို ထွက်ပြေးလာသော သူများ၏ မိသားစုများအား ထောက်ပံ့ရေးဖြစ်သည်၊ ဤသည်မှာ ပြည်ပမှာ ရောက်ရှိနေခိုက် အခက်အခဲများကို ဖြေရှင်းနေရစဉ်ကာလအတွင်း ယာယီထောက်ပံ့ငွေ ပေးထားရေး စီမံကိန်းဖြစ်သည်၊ တချိန်တည်းမှာပင် ပြည်ပ၌ ယင်းတပ်ပြေးစစ်သားများအား ဘေးကင်းလုံခြုံစွာနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးအထိ ၀ိုင်းဝန်းကူညီ ပေးသွားကြရမည်ဖြစ်သည်၊ တတိယနိုင်ငံများသို့ ပြန်လည်နေရာချထားရေး အစီအစဉ်တွင်လည်း ပါဝင် နိုင်အောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်သည်၊ သို့ဆိုလျှင် နအဖ စစ်သားများသည် ယင်းမက်လုံးများကို နှစ်သက်ခုံမင်စွာနှင့် ဘက်ကူးပြောင်း လာမည်မှာ သေချာသည်၊ သူတို့ဘက်ကူးပြောင်းလာသည်နှင့်အမျှ ဒီမိုကရေစီတိုက်ပွဲအတွက် ခြေလှမ်းနီးစပ်သွားနိုင်သည့် အခြေအနေလည်း ဖြစ်သည်၊ ရှင်းလင်းပြောဆိုတင်ပြပါမည်၊ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် အကြောင်းအရာများကို သုံးသပ်ကြပါသည်၊ ပထမ အချက်အနေဖြင့် အမျိုးသားဒီမိုကရေစီနှင့် တွေ့ဆုံ ဆွေးနွေးပွဲလုပ်ပြီး အာဏာလွဲပြောင်းခြင်းမျိုး ရှိနိုင်သည့် အကြောင်းအရာ မရှိချေ၊ ဒုတိယအချက်အနေဖြင့် ပြည်တွင်းမှာ ရှိသော အပစ်အခတ်ရပ်စဲရေးအဖွဲ့သည်၎င်း၊ နယ်စပ်ဒေသတွင် ရှိသော လက်နက်ကိုင် အဖွဲ့အစည်းတို့သည်၎င်း အာဏာပြောင်းလဲရေးကို အခြေအနေမရှိချေ၊ တတိယအချက်အနေဖြင့် နိုင်ငံတကာမှ မည်သည့်နည်းနှင့်မျှ စစ်ရေးအရ အကူအညီပေးပြီး အာဏာလွဲပြောင်းပေးခဲ့ဖို့ အခြေအနေ မရှိချေ၊ စတုတ္တအချက်အနေဖြင့် တပ်မတော်အတွင်း ကျစ်လစ်ခိုင်မာ နေသမျှ အာဏာလွဲပြောင်းရေး အခြေအနေ မရှိချေ ၊သည်တော့ မည်သည့် အချက်ကများ ဒီမိုကရေစီ အတိုက်အခံများအတွက် အခြေအနေတခုခုကို ဆွေးနွေးရန် ညွှန်ပြနေပါသနည်း ၊ နအဖ စစ်အစိုးရက တင်းမာလွန်းနေပြီး မည်သည့်နည်းနှင့်မျှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာလွဲပြောင်းပေးမှာ မဟုတ်ခြင်းကြောင့် ပထမအချက်သည် မည်သို့နည်းနှင့်မျှ ဖြစ်ပေါ်လာနိုင်စရာ မရှိကြောင်း သိသာနိုင်သည်၊ သို့အတူ ဒုတိယအချက်မှာ အာဏာလွြဲေ့ပာင်းပေးဖို့ နေနေသာသာ လက်နက်တွေကို ဖြုတ်သိမ်းနေသည်ကို တွေ့မြင်နေရသလို နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ ယခုအချိန်မှာပင် စစ်တပ်တွေ တိုးချဲ့ချထားနေသည်၊တတိယအချက်မှာမူ ပါးစပ်ပြောနိုင်ငံရေးကစားနည်းများကို ကျင့်သုံးနေရုံကလွဲ၍ လက်တွေ့မှာ သူတို့၏ အမျိုးသားကိုယ်ကျိုးစီးပွါးအတွက် အကျိုးအမြတ်ကိုသာကြည့်တတ်သောကြောင့် မည်သည့်နည်းနှင့်မျ စစ်ရေးအရ ၀င်ရောက်ဖြေရှင်းပြီး နိုင်ငံတကာမှ အာဏာလွဲပြောင်းပေးခဲ့ဖို့ အခြအနေ မရှိချေ၊ စတုတ္တအချက်အနေဖြင့်မူ တပ်မတော်အတွင်း ကျစ်လစ်ခိုင်မာမူ ရှိနေသမျှကို ပြောင်းလဲအောင် ပြုလုပ်ပြီး ချိနှဲ့အောင် မခိုင်မာအောင် ပြုလုပ်နိုင်သည့် အချက်ကို တွေ့နိုင်ခဲ့သည်၊ သို့ဆိုလျှင် ဤအချက်ကို အကောင်အထည် ဖေါ်ဆောင်သင့်သည်ဟု ထင်သည်၊ထို့ကြောင့် ဤအကြောင်းအရာနှင့်ပါတ်သက်၍ ဆွေးနွေးလိုသည်၊ အကယ်၍သာ ဤအချက်ကို အကောင်အထည် ဖေါ်နိုင်ခဲ့သည်ဟု ဆိုပါက တနည်းမဟုတ် တနည်း နည်းဖြင့် ဒီမိုကရေစီရရှိရေးအတွက် အထောက်အပံ့ အကူအညီ တခုခုတော့ ရရှိနိုင်မည်ဖြစ်သည်၊ စင်စစ် နအဖ စစ်တပ်ထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ရှိနေကြရာ သူတို့ကို စည်းရုံးရန် ဖြစ်နိုင်သည့် အချက်များ တော်တော်ကြီးကို ရှိနေသည်၊ စည်းရုံးရင်း တိုက်၊ တိုက်ရင်းစည်းရုံးရမည် ဆိုသောစကားလို စည်းရုံးရေး ပြုလုပ်ရေးအတွက် အောက်ခြေအရစ်မရှိ စစ်သားများထံသို့ သတင်းများရောက်ရှိစေရေးကို မီဒီယာမျိုးစုံများဖြင့် အသုံးပြုကြရန်လိုသည်၊ ရေဒီယိုနားထောင်နိုင်သူများနှင့် အင်တာနတ်ကြည့်နိုင်သော လူတန်းစားထဲတွင် ယင်းအဆင့်ရှိသူများ မပါဝင်ကြရာ သူတို့ထံသို့ လွယ်လွယ်နှင့် ရောက်ရှိနိုင်သော အချက်အလက်များမှာ အရပ်သားကြားများမှ သတင်းရရှိရေးကို ဆောင်ရွက်ရေးသာဖြစ်သည်၊ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရေး ပိုစတာကို နံရံကပ်ကြော်ငြာဖြင့် ကြေညာထားသည်ထက် နအဖ စစ်သားတို့အား ပြည်ပတွင် တလကို ဒေါ်လာ၂၀၀ စီထောက်ပံ့မည်၊ မိသားစုဝင်များကို မြန်မာငွေ နှစ်သိန်းစီထောက်ပံ့မည် ၊ ဆိုသော ပိုစတာများကို လူမြင်ကွင်း ဈေးများတွင် ၊ ကျေးလက်တောရွာများတွင် ၊ စာများဖြန့်ဝေခြင်းဖြင့် ဤနည်းပရိယယ်ကို စတင်အသုံးပြုကြရန် အချိန်ကျရောက်နေပြီဖြစ်သည်၊ တချိန်က အိန္ဒိယနိုင်ငံဘက်ဆီသို့ နယ်စပ်မှတဆင့် ၀င်ရောက်လာသော စစ်သားတွေမှာ အိန္ဒယထောက်လှမ်းရေးမှ မြန်မာစကားပြောဟိန္ဒူလူမျိုး ထောက်လှမ်းရေး အရာရှိတယောက်ကြောင့် ပြန်လည်ဖမ်းဆီး ပို့ဆောင်ခံခဲ့ရသည်၊ ယင်းအချိန်က မည်သို့ကိုင်တွယ်ရမည်ကို နားမလည်ကြခြင်းနှင့် အိန္ဒယထောက်လှမ်းရေး (မြန်မာစကားပြောသူ) ကြောင့် လည်း ယင်းကဲ့သို့ အဖြစ်ဆိုးများ ပေါ်ပေါက်ခဲ့ဖူးသည်ကို သင်ခင်္ဏးစာ ယူထားကြရန်လည်းလိုသည်၊ ယခုအချိန်တွင် စီမံကိန်းနှင့် လုပ်ကြရမည်မို့ သက်ဆိုင်ရာ နယ်စပ်အသီးသီးတွင် တိုင်းရင်းသားလူမျိုးများက ကြိုဆိုရေးစခမ်းဖွင့်လှစ်ထားလျှင် မည်သို့သော အဖုအထစ်ပြသနာမျိုး ပေါ်ပေါက်လာနိုင်မည့် လက္ခဏာ မထင်မှတ်ချေ၊ တခုသာ ရှိသည်၊ ဤစီမံကိန်းကို ယုံယုံကြည်ကြည်နှင့် လက်ခံလုပ်ဆောင်ရန်သာ အရေးကြီးသည်၊ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပြည်ပနှင့် ဆက်စပ်ပြီး ပြည်တွင်းမှ ဆောင်ရွက်နေသော အဖွဲ့အစည်းများမှာ ယခုအချိန်တွင် မပြောပလောက်သေး၊ ယခင်က တွဲလုပ်ကြသည့်အခါတွင်လည်း တချို့ထောင်ကျခဲ့ကြ၍ ဆက်လက်လုပ်ငန်းဆောင်ရွက်ရန် ရပ်တန့်ခဲ့ခြင်းများလည်း ရှိနေခဲ့ကြသေးသည်၊ မည်သို့ပင်ဆိုစေ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး ( လွယ်လွယ်နှင့် ဥပမာပေးတာပါ ) အဖွဲ့အစည်းလို တပ်ထွက်ပြေးသူများ ကူညီထောက်ပံ့ရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းပြီး လုပ်ငန်းကောင်အထည်ဖေါ်ရန် စီမံကိန်းများ ရေးဆွဲကြပါက ဒီမိုကရေစီတိုက်ပွဲ မြန်မြန်ထက်ထက် ပြီးစီးနိုင်မည်ထင်သည်၊ အကြောင်းမှာ ခိုင်မာကျစ်လစ်တောင့်တင်းနေသော နအဖ စစ်အစိုးရ၏ တပ်မတော်ကို ပြိုကွဲအောင် နိုင်ခဲ့လျင် ဖရိဖရဲ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့လျှင် သွေးထွက်နည်းပြီး တိုက်ပွဲအောင်ရေးမှာ တ၀က်ခန့် နီးစပ်သွားနိုင်သည်၊ တဦးစနှစ်ဦးစ တပ်ပြေးများကို လက်ခံကူညီပေးခြင်းက အရေးမကြီးသော်လည်း တပ်ရင်းလိုက် ထွက်ခွါလာခြင်းကိုမူ စနစ်တကျ ဆောင်ရွက်ရန် အရေးကြီးသည်မို့ လွယ်လွယ်နှင့် ပြီးစလွယ် သဘောမျိုး မလုပ်သင့်ကြောင်းကိုလည်း သဘောပေါက်ရလိမ့်မည်ဖြစ်သည်၊ ထို့ကြောင့် ပြည်ပတွင် အခြေစိုက်သော အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးအကောင်အထည် ဖေါ်ကြရန် လိုအပ်နေသည်ဟု ယူဆသည်၊ နအဖ စစ်တပ်ကို ပြန်ကြည့်လျှင် ၁၉၉၀ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ခြင်းအားဖြင့် လေ့လာသုံးသပ်နိုင်သည်၊ ယခုလည်း ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်က နအဖ စစ်ဗိုလ်ချုပ်ကြီးများ ထင်သလို မဲတွေကို သူတို့အနေဖြင့် ပုံအော၍တော့ မရနိုင်ဟု ထင်ကောင်းထင်ထားနေသည်လား မပြောတတ်၊ သူတို့ မစွန့်စားရဲကြမှန်း သိသာနေရသည်၊ သည်တော့ သူတို့ ယခုလိုချီတုံချတုံ ဖြစ်နေသည်ဟု ယုံကြည်ရလျှင် ယင်းအကွက်ကို ရွှေ့ပြောင်းကစားရမည်မှာ အတိုက်အခံသမားတို့ တာဝန်ဖြစ်သည်၊ သူတို့မှာ စစ်သား ၄ သိန်းရှိသည်ဟု ဆိုသည်၊ ကြံ့ဖွတ်က ၂ သိန်းရှိသည်ဟုဆိုသည်၊ အလုပ်သမားတွေက ၁ သန်းကျော်ရှိသည်ဟုဆိုသည်၊ ဤမျှ ရှိနေပါလျှက် ရွေးကောက်ပွဲကို နိုင်မည်ဟု သူတို့ မတွက်ထားခြင်းမှာ သူတို့ကိုယ်ကို သူတို့က မယုံကြည်ကြသောကြောင့်ဖြစ်သည်၊ အဆိုးဆုံးမှာ တပ်မတော်သားတွေကို မယုံကြည်၍ ဖြစ်နေသည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရွေးကောက်ပွဲသတင်းကို အောက်ခြေစစ်သားများက ကြားပြီးဖြစ်သော်လည်း စင်စစ် မဲပေးချိန်တွင်မူ ၁၉၉၀ ခုနှစ်ကလို ဖြစ်သွားနိုင်သည့် အခြေအနေတွေ ရှိနေသည်ဟု သတင်းတွေ ကြားနေရသည်၊ သည်တော့ တပ်မတော်သားတွေကို မယုံကြည်လျင် တပ်မတော်သားတွေက မည်သည်ကို ယုံကြည်ကြပါသနည်း၊ ယင်းအဖြေကို ကျွန်တော်တို့ ဖြေပေးကြရမည့် အချိန် ကျရောက်နေပြီဟု ထင်မြင်ယူဆပါသလား၊ နအဖ စစ်သားများ ကျွန်တော်တို့ ရှိရာသို့လာရန် မည်သို့သော လက်ကမ်းကြိုဆိုမူမျိုးကို ပြုလုပ်ရပါမည်နည်းဟု ထင်မြင်ယူဆပါသလဲ ၊ ဒီမိုကရေစီတံခါးဝဆီသို့ နအဖ စစ်သားများကို လာရောက်ရန် ဖိတ်ခေါ်သင့်သည်ဟု ထင်မြင်ယူဆပါသလား ဟု မေးခွန်းကို ကျွန်တော်တို့ ဖြေရတော့မည်ထင်သည်၊အကြောင်းမှာ နအဖ တပ်မတော်ကို ပြိုကွဲအောင် လုပ်လိုက်ကြရမှ ဒီမိုကရေစီ အမြန်ရရှိကြမည်ဖြစ်ကြောင်းလို့သာ ဆွေးနွေးလိုက်ရပါကြောင်း ။

ခိုင်အောင်ကျော် ( စစ်တွေ )

No comments:

Post a Comment