1/01/2013

ဦးနုနှင့်နတ်ပွဲ

ဦးနု (၁၉၅၉) (မှတ်ချက်-မူရင်းမှာတော့ နတ်ပွဲမှာလို့ ရေးထားပါတယ်။) သို့မဟုတ် ဦးနုနှင့်နတ်ပွဲ
 


နတ်ပွဲဆိုယင် ကျနော်တို့ဗမာတွေရဲ့ အာရုံမှာ ပူနောင်ချပ်ခြိမ်း  နောင်ဗိန်ဘိန် ကန္နားစီးနဲ့ နတ်ဝင်သည်ကို တန်းပီး မြင်ယောင်တတ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့်ပါတ်သက်ပြီး ဗလိနတ်စာပူဇော်ပွဲကိုကျင်းပကြောင်း ဖတ်ရှုရလျှင် ထုံးစံအတိုင်းပင် နတ်စင် နတ်ပွဲ နတ်ကတော်များနှင့် ဆိုင်းသံခြိမ့်သဲ နတ်ပွဲကို မြင်ယောင်ကြလျှင်ကား မှားပါလိမ္မည်။ ထိုအမှားသည် ဦးနုအား အယူသီးသူ နတ်ကိုးသူဟုမြင်စေသည်။
ဗလိနတ်စာပူဇော်ပွဲဆိုသည်မှာ ဘုရားကိုးဆူကပ်သည့်နည်းတူ ကုသိုလ်ပြုအခန်းအနားတခုဟု အလွယ်အားဖြင့် မှတ်နိုင်မည် ထင်သည်။(ဗလိနတ်စာ) ပွဲတော်တွင် နတ်များကိုပင့်ဖိတ်ခြင်း ပြုသော်လည်း နတ်ပင့်သောအခါ နတ်ဝင်ခြင်း၊ နတ်ပူးခြင်း၊ နတ်ကခြင်းများ မပြုလုပ်ပါ။
မဟာဓမ္မိကဒေဝတာဗလိ(ဗလိနတ်စာ) ပူဇော်ပွဲကို တကောင်းခေတ်မှ စ၍ အင်္ဂလိပ်ခေတ် တိုင်အောင် မင်းနှင့်တကွ နိုင်ငံသူ နိုင်ငံသားတို့သည် ဘိုးဘွားမိဘများမှ ဆင်းသက်၍ ကိုးကွယ်လာခဲ့သော မိရိုးဖလာနတ်များ၊ အရပ်ဒေသအလိုက် ကိုးကွယ် လာခဲ့သော ဒေသန္တရနတ်များ၊ လုပ်ငန်းဆိုင်ရာနတ်များနှင့် နတ်အမျိုးမျိုးတို့ကို မဟာဓမ္မိကဒေဝတာဗလိ ပူဇော်ပွဲများပြုလုပ်ပြီး ခြိမ့်ခြိမ့်သဲ ပူဇော်လာခဲ့ကြသည့် အစဉ်အလာများရှိခဲ့ကြောင်း သိရသည်။




မြန်မာနိုင်ငံတွင် ယခုအချိန်တိုင် အချို့ဒေသများတွင် ပြုလုပ်မြဲရှိရာ ၂၀၁၁ ဇန်နဝါရီ ၁၂- က (၆၉)ကြိမ်မြောက် မဟာဓမ္မိကဒေဝတာဗလိ(ဗလိနတ်စာ) ပူဇော်ပွဲကို ပြာသိုလဆန်း ၁၂ ရက်မှ ပြာသိုလပြည့်ကျော် ၁ ရက်နေ့အထိ ၅ ညတိုင်တိုင် ဖျာပုံမြို့၊ မြောက်ပိုင်းရပ်၊ ပထမလမ်း မဟာဓမ္မိကဒေဝတာဗလိ ပူဇော်ပွဲမဏ္ဍပ်၌ ရှေးမူမပျက်ကျင်းပခဲ့သည်။ ဖျာပုံမြို့တွင် ကျင်းပသော (ဗလိနတ်စာ) ပွဲတော်တွင် နောက်ဆုံးပူဇော်ပွဲပြီးသောအခါ နံနက်အရုဏ်တွင် မြို့ပေါ်ရှိ သံဃာတော်များအား နှမ်းမနဲလောင်းလှူ၍ ဒါနပြုခြင်းဖြင့် မဟာဓမ္မိကဒေဝတာဗလိ ပူဇော်ပွဲ၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

ပုဂံခေတ်  ကောင်းမှုကုသိုလ် ဖြစ်သော ညောင်ဦးမြို့ ရှေးဟောင်း  အနော်ရထာ နှင့်ကျန်စစ်မင်း နှစ်ပါး တို့၏  သမိုင်းဝင် ရွှေစည်း ခုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓ ပူဇနိယ ပွဲတော်တွင်လည်း ဘုရားပွဲတော် အတွင်း စေတီတော် အတွင်းရှိ ၃၇ မင်းနတ်နန်း ရှေ့တွင် ဗလိနတ်စာ ကျွေးပွဲ ကျင်းပခြင်း၊ ညစဉ် အငြိမ့်ပွဲ၊ ဇာတ်ပွဲများ၊ ရပ်ကွက် အလိုက် နရည်းခုံ အတီး အမှုတ်များ၊ တရားပွဲများ ကျင်းပ သွားမည် ဖြစ်ပြီး လပြည့်နေ့တွင် သံဃာအပါး ၂ဝဝဝ ကျော်အား ဆွမ်း သပိတ်လုံးနှင့် လှူဖွယ်များ ဆက်ကပ် လှူဒါန်းသည့်အစဉ်အလာ နှစ်စဉ်ရှိခဲ့သည်။

ဗုဒ္ဓ ဘုရားရှင်သည် သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ်တွင် အပရိဟာနိယ တရား ခုနှစ်ပါးကို ဟောထားတော် မူခဲ့သည်၊ အပရိဟာနိယတရား ခုနှစ်ပါး အနက် ခြောက်ခုမြောက် တရားဖြင့် နတ်တို့အား ကိုးကွယ် ပူဇော်ခွင့် ပေးခဲ့ရာ ယင်း အမှတ် (၆) ဖြစ်သော ခွင့်ပြုချက် တရားမှာ အောက်ပါအတိုင်း ဖြစ်သည်။
     
ယာဝ ကိဝဉ္စ အာနန္ဒ ၀ဇ္ဇီ ယာနိ တာနိ ၀ဇ္ဇီနံ  ၀ဇ္ဇီ-စေတိယာနိ အဗ္ဘန္တရာနိ စေ၀ ဗာဟိရာနိ စ, တာနိ သက္ကရိဿန္တိဂရုံ ကရိဿန္တိ မာနေဿန္တိ ပူဇေဿန္တိ၊ တေသဉ္စ ဒိန္နပုဗ္ဗံ ကဘပုဗ္ဗံ ဓမ္မိကံ ဗလိံနော ပရိဟာပေန္တိ၊ ၀ုဒ္ဓိယေ၀ အာနန္ဒ ၀ဇ္ဇီနံ ပါဋိကင်္ခါ၊ နော ပရိဟာနိ။
  
အာနန္ဒာ - ဝေသာလီပြည် ၀ဇ္ဇီမင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ ၀ဇ္ဇီမင်း အဆက်ဆက်တို့၏ ပူဇော်ရာ ဖြစ်သော နတ်စင် နတ်ကွန်း နတ်နန်း နတ်နေရာ သစ်ပင် တည်းဟူသော စေတီတို့ကို အရိုအသေ ပြုမြဲ ပြုကြကုန်လတ္တံ၊ အမြတ်တနိုး ပြုမြဲ ပြုကြကုန်လတ္တံ၊ ထိုနတ်စေတီတို့အားလည်း ရှေးက တင်မြှောက်မြဲ-ပသမြဲ -ပြုလုပ်မြဲ ရိုးရာ အစဉ်အလာ ဖြစ်သော သတ်မှု ဖြတ်မှု ဒုစရိုက်မှ လွတ်ကင်း၍ တရားနှင့် လျော်သော ပူဇော်မှု (ဗလိနတ်စာ) ကို ပြုကြကုန်လတ္တံ၊ (ယင်းသို့ ပြုလုပ်နေသမျှ ကာလပတ်လုံး) ၀ဇ္ဇီမင်း အဆက်ဆက်တို့သည် ကြီးပွားရန် ရှိပေကုန်၏၊ ဆုတ်ယုတ်ရန် မရှိပေ။ ဟုဟောကြားတော် မူခဲ့လေ၏။

No comments:

Post a Comment