ဗိုက်ဖောက်ခံရတဲ့ ဘုရား၊
ဘုမသိဘမသိကုလားနဲ့ ထောင်ကျခဲ့ရတဲ့သံဃာ
ယခု မိတ္ထီလာ အဓိကရုဏ်းတွေ မြင်ရ၊ တွေ့ရ၊ ဖတ်ရတော့ ဟိုးလွန်ခဲ့တဲ့
၁၉၉၉ မန္တလေး၊ အိုဘိုထောင်မှာ အတူနေခဲ့ရတဲ့ သံဃာတော် သုံးပါးကို မြင်ယောင်မိသည်။ ဦးမဟော်သဓ၊
ဦးသံဝရ၊ ဦးကေသရ ။ ဒီသံဃာတော်တွေက မဟာမြတ်မုနိ ဘုရားကြီး ဝမ်းဗိုက်တော် အဖောက်ခံရတဲ့
ကိစ္စမှအစ ဗုဒ္ဓဘာသာ၊ မွတ်စလင် အဓိကရုဏ်းအလယ်၊ နောက်ဆုံး ပုဒ်မ ၅/ညနဲ့ ထောင် (၇)နှစ်
မန္တလေး၊ အိုးဘိုထောင်တွင် ဘဝကိုပေးဆပ်ကြရတော့သည်။ ဒီသံဃာတွေထဲက မစိုးရိမ်တိုက်ဟောင်းက
ဦးဇင်း ဦးမဟော်သဓနှင့် ကျွန်တော် တခန်းထဲ အတူနေခဲ့ရသည်။ အသားဖြူဖြူ မျက်ခုံးထူထူ
၊နှုတ်ခမ်းမှာ ဘုသီးလေးနဲ့ ပုံစံ ပုဆိုးကို သင်းပိုင်လိုလုပ်ဝတ်ပြီး သင်္ကန်းကို တမ်းတတတ်သော
ဒီကိုယ်တော်
နောက်ကြောင်းတွေကို ပြန်ပြောင်း ပြောပြ တော့ မျက်ရည် ပိုးပိုးပေါက်ပေါက်
ကြပြီး တောက်ခေါက်ခဲ့သည်။
--
မဟာမြတ်မုနိ ဘုရားကြီးကို နဝတ လက်ထက် အထက်လူကြီးဆိုသူများ
အမိန့်ဖြင့် လူမသိသူမသိ ဝမ်းဗိုက်တော်ဖောက်တဲ့ကိစ္စ ဖြစ်လာသည်။ တရက်၊ တရက်နှင့် ရုပ်ပွားတော်ကို
သင်္ကန်းတော်ဖြင့် လွှမ်းထားသည်မှာ တပတ်ကြာလာသောအခါ မသင်္ကာစရာ ကိစ္စဖြစ်နေပြီမို့ မန္တလေးသံဃာတော်များ
ရုပ်ပွားတော်ကို သင်္ကန်းဖယ်ရန် တောင်ဆိုကြသဖြင့် ရုပ်ပွားတော်ကို ဗိုက်ဖောက်ထားသည့်ကိစ္စ
ဘူးပေါ်သလိုပေါ်ကာ မန္တလေး တမြို့လုံး သံဃာတော်များနှင့် မြို့ခံများ မခံမရပ်နိုင်ဖြစ်ပြီး
ထိုကိစ္စကို ပြုလုပ်ခဲ့သော တာဝန်ရှိသူများနှင့် ခွင့်ပြုခဲ့သော ဆရာတော်ကြီးများအား တနိုင်ငံလုံးသိအောင်
ဖြေရှင်းပေးရန် တောင်ဆိုမှုများ ဖြစ်လာတော့သည်။ ထိုကိစ္စသည် မရိုးမသားပြုလုပ်ထားသော ကိစ္စဖြစ်သောကြောင့်
နဝတ စစ်အစိုးရအနေဖြင့် တနိုင်ငံလုံးသိအောင် တရားဝင် ဖြေရှင်းခြင်းမှာ မဖြစ်နိုင်သမို့
ထုံစံအတိုင် ကုလား၊ ဗမာ အဓိကရုဏ်းကို ရုပ်လုံးဖေါ်တော့သည်။
ဘုန်းကြီးတူမကို ရှပ်ဖီးဆိုတဲ့ ကုလားက သားမယားပြုကျင့်ပြီး
ဗုဒ္ဓဘာသာကို စော်ကားမော်ကားပြောဆိုကာ ထိုကလေးမအား ရိုက်နှက်သည်။ ထို့ကြောင့် အမျိုးဘာသာသာသနာအတွက်
ကုလားများကိုရိုက်၊ ဗလီများကို ဖျက်ကြဆိုပြီး ပြဿနာကြီးတခု ပေါ်ပေါက်လာကာ ဘုရားဗိုက်ဖောက်သူ
တရားခံများဆီမှ မြှားဦးသည် ဘုမသိဘမသိ ဘယ်ကမှန်းမသိတဲ့ ဖြစ်စဉ်ကြောင့် ကုလားဘက် မြှားဦးလုည့်သွားတော့သည်။
မန္တလေးမှသည် မြို့အတော်များများကို ဖြတ်၍ ရန်ကုန်သို့ရောက်သောအခါ မန္တလေးမဟာမြတ်မုနိဘုရားကြီးအား
ကုလားများက ဗိုက်ဖောက်ပြီး ရွှေများ ခွာယူကြ သည်ဆိုသည်အထိ ချဲ့ကားမှုများဖြစ်လာပြီး မန္တလေး၊
ရန်ကုန် အပါအဝင် မြို့အတော်များများတွင် ကုလား၊ဗမာ အဓိကရုဏ်းများဖြစ်ပွားခဲ့ရပြီး။
သေကြေ ပျက်စီးမှုများဖြင့် အဆုံးသတ်ကာ ဘုရားကြီး ဗိုက်ဖောက်သည့်ကိစ္စ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
နဝတ စစ်အစိုးရသည် ထိုမျှနှင့် အားရပြီးဆုံးပြီးဟု မထင်လိုက်နှင့်
မှားပေးလိမ့်မည်။ ဘုရားကြီး ဝမ်းဗိုက်ဖောက်တဲ့ကိစ္စဖေါ်ထုတ်ရန် ဦးဆောင်သော သံဃာများအား
ဖမ်းဆီးတော့သည်။ ဦးဆောင်သံဃာတပါးဖြစ်သော ဦးမဟော်သဓလည်း စစ်ကိုင်း သံဃာဆေးရုံတွင်
နာမကျန်း၍ ဆေးကုသခံနေရာမှ ထောက်လှန်းရေးများ၏ ဖမ်းဆီးခြင်းကို ခံရတော့သည်။ စစ်ကြောရေးတွင်
ကုလား၊ ဗမာ အဓိကရုဏ်းကိစ္စ ဟတောင်မဟပဲ ဘုရားကြီးကိစ္စနှင့် ပတ်သက်ပြီးသာ ရိုက်နှက် မေးမြန်း
စစ်ဆေးခံခဲ့ရသည်။ စဖမ်းစဉ်ကာလထဲက သင်္ကန်းကို ဆွဲချွတ် လူဝတ်လဲခိုင်းပြီး ဖမ်းဆီး ခေါ်ဆောင်လာကာ
စစ်ကြောရေးစခန်းသို့ အရောက်တွင် ဝိုင်းဝန်းထိုးကြိတ် ကြသည်။ ဦးဇင်းကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း
မဆက်ဆံပါနဲ့ ကောင်းကောင်းမေးပါ မင်းတို့ သိချင်တာ အကုန်ပြောမယ်လို့ ပြောတော့ မင်းကခုထိ
ဦးဇင်း လုပ်နေတုန်းလားကွဆိုပြီး စစ်ထောက်လှန်းရေးများက ထိုးကြိတ်တွန်းလှဲ၍ သိက္ခာချပေးမယ်ဆိုကာ
ခေါင်းကို ခြေထောက်များဖြင့် ဝိုင်းနင်းကြတော့သည်။ ဒီလောက်နဲ့ ဘယ်ရပ်ပ့ါမလဲ စစ်ထောက်လှန်းရေးတွေပဲ။
ဦးဇင်း ဦးမဟော်သဓကို လေးဘက်ထောက်ခိုင်းပြီး သူ့ရဲ့လူနာမည်ဖြစ်တဲ့ တင်ဝင်းဆိုတာကို
အဆက်မပြတ် ရွတ်ခိုင်းသည်။ ကျွန်တော်နာမည် တင်ဝင်းပါ၊ ကျွန်တော် နာမည် တင်ဝင်းပါဆိုတဲ့
အသံ ရပ်လိုက်တာနဲ့ နောက်က ခေါင်းကို ဖနှောက်နှင့် ပေါက်တာခံရသည်။ ဒီလို တညနှင့် တမနက်
အော်နေခဲ့ရပြီး စစ်မေးသမျှဖြေခဲ့ရသော ဦးမဟော်သဓမှာ ခုနှစ်ရက်မြောက်နေ့ ထောင်သို့ ပို့ခါနီး
ထောက်လှန်းရေးဗိုလ်ကြီးက မင်းဘာပြောစရာရှိလဲလို့ မေးတော့ ဦးဇင်းက စိတ်နာနာနဲ့ မင်းတို့ကောင်တွေ
ဂျပန်စစ်ကင်ပေတိုင်တွေနဲ့ ဘာမှမထူးဘူးလို့ ပြောလိုက်ရာ အနာပေါ် တုတ်ကျ ဒေါသပုန်ထသွားပြီး
ရိုက်မည် တကဲကဲဖြစ်နေသော ဗိုလ်ကြီးကို သူရဲဘော်များက ဆရာ စိတ်ထိန်း ထောင်ပို့တော့ မှာဆိုပြီး
ဝိုင်းဆွဲကြရသည်။ ဖြစ်ချင်တာဖြစ်ဆိုပြီး ပြောချင်တာပြောလိုက်တာ ဘာမှမဖြစ်လို့ တော်သေးတယ်ဟု
စိတ်ထဲက တွေးနေတုန်း ထောင်ပို့မဲ့ ထောက်လှန်းရေး ကားပေါ်အရောက် ခုဏက ပြောတဲ့အကောင် ဘယ်ကောင်လဲ
ဆိုတဲ့အသံကို ကြားလိုက်ရသည်။ ခေါင်းစွတ်နဲ့မို့ ဘာမှမတွေ့ရ အသံလာရာကို နားစွင့်လိုက်တော့
" ဟေ့ကောင် တသက်လုံးမှတ်ထား ဗမာစစ်ဗိုလ် ကင်ပေတိုင်ကွ " ဆိုတဲ့ ဗိုလ်ကြီးရဲ့
ပြောသံအဆုံး နားအုံတခုလုံး ဖြောင်းကနဲဆိုတဲ့ အသံအတူ ပူထူမူးနောက်သွားပြီး ဘာတွေဆက်ဖြစ်တယ်မသိတော့
ထောင်ရောက်မှ သတိပြန်လည်တော့သည်။
ထောင်က တိုက်ခန်းကျဉ်းလေးထဲမှာ ဘေးအခန်းက ဘယ်သူရှိလို့ ရှိမှန်းလဲမသိရ၊
အပြင်လဲမထွက်ရ ကပ်ထားတဲ့ ကဒ်ပြားမှာ (၅)ည အချုပ်ဆိုတဲ့ စာတန်းလေးတွေလို့ (၅)ည နေရမယ်ပဲ
ထင်ခဲ့တာ မနက်မနက် ဆန်ပြုတ်လာဝေတော့ ထည့်စရာ ဘာမှမရှိလို့ ကြွတ်ကြွတ်အိပ်နဲ့ ထည့်သောက်
(၅)ရက် ပြည့်မဲ့နေ့ကို စောင့်လိုက်တာ တပတ်ပြည့်လဲ မလွတ် နှစ်ပတ်ပြည့်လဲ မလွတ်။ တရက်တော့
ကုလားတယောက် အခန်းပေါက်ကို လက်အုပ်ချီရောက်လာပြီး ဦးဇင်း ကျွန်တော် ရှပ်ဖီးပါ ဖြစ်တဲ့ကိစ္စ
ကျွန်တော်လဲ ဘာမှမလုပ်ပါဘူး ရဲတွေလာဖမ်းပြီး ထောက်လှန်းရေးကိုပို့တယ်၊ ထောက်လှန်းရေးက
မင်းထောင်ထဲမှာ ခဏနေနေဆိုပြီး ထည့်ထားတာပါ။ ကျွန်တော်နဲ့ ဖြစ်တဲ့ကိစ္စ ဘာမှ မဆိုင်ပါဘူး
ဘာမှလဲမသိပါဘူး။ ဟိုဘက်ခန်းတွေက ဦးဇင်းတွေကို ဦးဇင်းပဲ ရှင်းပြပေးပါ နောက်ပြီး ဒီဟာတွေကို
ကြည့်ပေးလိုက်ပါ ကျွန်တော် ဟိုဘက်ထိသွားလို့မရဘူး ဦးဇင်းက ထိပ်မှာမို့လို့ တန်းစီးကိုပြောပြီး
လူအလစ်ခဏဝင်လာတာပါ ဘုရားဆိုပြီး မုန်းကြွတ်နဲ့ စားစရာ တချို့ပေးကာ အမြန်ပြန်ထွက်သွားသော
ရှပ်ဖီးကိုကြည့်ပြီး ဦးဇင်း ခံပြင်းမိတယ်။ ဘာသာခြားက သူမှာ ရှိတဲ့ စားစရာကို တောင်းပန်တိုးလျှိုး
ပြီးလာပေးဖေါ်ရပေမယ့် တို့ ဘာသာဝင်တွေဖြစ်တဲ့ ထောက်လှန်းရေးက သံဃာတော်တွေကို ကိုထိလက်ရောက်စော်ကား၊
ထောင် အရာရှိနဲ့ ဝန်ထမ်းတွေက နှုတ်နဲ့ စော်ကား တန်းစီးဆိုတဲ့ အကျဉ်းသားတွေက ဆဲဆိုတာခံရတာ
အသဲနာလိုက်တာလို့ ပြောပြီး မျက်ရည်တွင်တွင်ကျနေတဲ့ ဦးမဟော်သဓကို ကြည့်ပြီး နားထောင်နေတဲ့
ကျွန်တော် သူနဲ့အတူ မျက်ရည်ကျ တောက် ခေါက်မိတယ်။
သြော် ဦးဇင်းလဲ ထောင်ထဲ (၇)နှစ်ပြည့်လို့ ထောင်ကလွတ်ပြီး
ဘယ်ဆီရောက်နေပြီးလဲ တပည့်တော်မသိပေမဲ့ သိနေတာကတော့ ဒီလူမျိုးရေးဆိုတဲ့ ဝှက်ဖဲတချပ်နဲ့
အခါကာလမရွေး လှန်လှန်အစားခံနေရတာကိုတော့ဖြင့် တပည့်တော် သိနေပါတယ်ဘုရား။ ။
------------------------------------------ MoeMaKa
shared Thit Moe's status.
ခရက်ဒစ်- ကိုသောင်းပုလဲမြေ။
No comments:
Post a Comment