7/28/2013

" ခွင့်လွတ်ပါ နိုယူ"


" ဦးလေးကျမ၊ ငနီသူခြောက် နဲ့ ချဉ်ပေါင်ဟင်း စားချင်တယ်။ "
သုံးလသား ကလေးငယ်လေးကို ရင်ခွင်မှာ ပိုက်ထားပြီး၊ ရခိုင်သံ ဝဲဝဲ လေးနဲ့ ပြောလိုက်တဲ့ သူမရဲ့ အသံလေးကို အခုထိ ကြားယောင်မိနေပါသေး တယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ထဲက ခီးခတ်လို့ခေါ်တဲ့ ပင်လယ် ကမ်းခြေနဲ့ မဝေးလှတဲ့ ထိုင်းအစိုးရက ဖွင့်လှစ်ထားတဲ့ အမျိုးးသမီးနဲ့ ကလေး သူငယ်များ စောင့်ရှောက်ရေးဂေဟာကို သွားရောက် ကြည့်ရစဉ်က မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်က လှေစီး ထွက်ပြေးလာတဲ့ မူဆလင် အမျိုးသမီးအုပ်စု ထဲက တိုးတိုးလျလျ ပြောလိုက်တဲ့ အသံဖြစ်ပါတယ်။ သွားရောက်လည်ပတ် ကြည့်ရှကြတဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေရဲ့ ထုံးစံအတိုင်း " ဘာတွေ လိုအပ်သေးလဲ၊ ဘာတွေ အကူအညီပေးရမလဲ" လို့မေးလိုက်တဲ့ ကျနော့်ရဲ့ မေးခွန်းကို ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင် နိုယူက ပြန် ဖြေလိုက်တာ ဖြစ် ပါတယ်။ " ကျမတို့က မြန်မာပြည်သားတွေ၊ မြန်မာအစားအစာပဲ စားချင် တယ်၊ ဒီမှာက ထိုင်းအစားအစာတွေပဲ ကျွေးတော့ စားရတာ သိပ်အဆင် မပြေဘူး" လို့ ဆက်ပြောပါတယ်။ ကျမအဖေ၊ ကျမအမေနဲ့ ကျမတို့ မိသားစု အားလုံး၊ ကျောက်ဖြူမှာပဲ မွေးတယ်လို့ ရခိုင်သံ ပီပီသသနဲ့ ပြောပြနေပါတယ်။
လသားအရွယ်ကလေးလေး၊နဲ့ ဘယ်လိုလုပ်ပြီး ဒီကယ်ဆယ်ရေး စခန်းက ရောက်နေပါလိမ့်လို့ စဉ်းစားမိပြီး သူမနဲ့ စကားပြောဖြစ်တဲ့ အချိန် မှာတော့ သူမရဲ့အင်မတန်မှ ကြေကွဲထိရှ ဝမ်းနည်းစရာ၊ ကောင်းလှတဲ့ အမျိုး သမီးငယ် တစ်ယောက်ရဲ့  ရုန်းကန်ဖြတ်သန်းနေရတဲ့ သူမရဲ့ ဘ၀နဲ့ ရင်း ရေးဖွဲ့ သီထားတဲ့ ဇာတ်လမ်းလေးကို အခုလို ပြောပြပါတယ်။
နိုယူတို့ မိသားစုဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအနီးကျေးရွာတစ်ရွာ ကပါ။ ရခိုင်ပြည်နယ်အတွင်း၊ ဘာသာရေးအဓိကရုဏ်းတွေရဲ့နောက်ဆက်တွဲ၊ ကိုယ်ပိုင်အိမ်ယာတွေ ဖျက်ဆီးခံခဲ့ရမူ၊ အလုပ်အကိုင်၊ရှားပါးမှု၊ နိုင်ထက်စီးနင်း ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ စားဝတ်နေရေးကြပ်တည်းမှုတွေကြောင့် စစ်တွေကနေ ညဖက်ထွက်ခွာ ရှောင်ပြေးခဲ့ကြပါတယ်။ စတင်ထွက်ခွာချိန်မှာ ကိုယ်ဝန် (၉) လရှိနေပေမဲ့လည်း ရခိုင်ပြည်နယ်မှာ ဘယ်လို အခြေအနေမှာမှ ရပ်တည်လို့ မရတော့တဲ့ အတွက် မိသားစုနဲ့အတူ အလွန်ဆိုးရွား အန္တရာယ် ကြီးမားမယ်မှန်းသိလျက်နဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်ကျော် စွန့် စားခဲ့ကြရ တာပါ။ ပြင်းထန်တောက်လောင်လှတဲ့ နေအပူရှိန်၊ ကြမ်းတမ်းလှတဲ့ လှိုင်းလှေဒဏ်နဲ့ တခါတရံ မိုးသက်လေပြင်းတွေအောက်မှာ လှေငယ်လေးနဲ့ စုန်မျောလာခဲ့ရပုံတွေကို နွမ်းလျလျအသံနဲ့ စိတ်ရည်လက်ရှည် ရှင်းပြနေ ပြန်ပါတယ်။
"၂၀၁၃ ခု တလပိုင်း ၁၅ ရက်နေ့ ညက ကျမတို့လှေ စစ်တွေကနေ စထွက်ပြီး (၆) ရက်အကြာမှာ ကျမသားလေးကို လှေပေါ်မှာ မွေးပါတယ်။" ရင်ခွင်ထဲမှာ အိပ်နေ့တဲ့ကလေးငယ်ကို ညွှန်ပြရင်း ပြောပြရှာပါတယ်။ ကလေးငယ်ကတော့ မိခင်ရင်ခွင်ထဲမှာ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေ ရှာတယ်။ လှေပေါ်မှာ မီးဖွားပြီး (၇) ရက်အကြာမှာ ၂၀၁၃ ခု တလပိုင်း ၂၇ ရက်နေ့ မှာ ထိုင်းရေတပ်ရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီးခံခဲ့ရပြီး အခုနေနေရတဲ့ ကယ် ဆယ်ရေး စခန်းကို ရောက်လာတာဖြစ်ပါတယ်။
မြန်မာစကားပုံမှာ၊ အင်မတန် ကြမ်းတမ်းပြီး အသက်အန္တရာယ်၊ ကြီး မားတဲ့ အလုပ်နှစ်ခုကို တင်စားပြောဆိုတဲ့ " ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ (အမျိုးသမီးများ ကလေးမွေးဖွားခြင်း)" ဆိုတဲ့ စကားပုံရှိပါတယ်။ အင်မတန် ကြမ်းတမ်းပြီး အန္တရာယ် ကြီးပါတယ်ဆိုတဲ့ ယောင်္ကျားဖောင်စီးရတဲ့ အလုပ်နဲ့၊ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အမျိုးသမီးတွေ မီးဖွားရတဲ့ အလုပ်နှစ်ခုကို နိုယူက တစ်ချိန်ထဲ ( တပြိုင်ထဲ) မှာ လုပ်ခဲ့ရတဲ့သူလေးလို့  ပြောရလေမလား ပါပဲ။
အမိုးအကာမဲ့ လူ ၃၀ ယောက်လောက်သာ၊ စီးနင်းလိုက်ပါနိုင်တဲ့ လှေ ကလေးပေါ်မှာ ယောက်ျား မိန်းမနဲ့ ကလေးစုစုပေါင်း တစ်ရာကျော် လောက် လိုက်ပါလာကြတာဖြစ်ပါတယ်။ စားသောက်စရာ ပြည့်ပြည့်စုံစုံမပါကြတဲ့ အပြင် ဘာဆေးဝါးမှလဲ ယူဆောင်မလာခဲ့ကြပါဘူး၊ ကလေးနှစ်ယောက် မွေးဖူးထားတဲ့ မိခင်တစ်ယောက်အနေနဲ့ ကလေးမွေးရတာ မခက်ခဲပေမဲ့ နေပူမိုးရွာထဲမှာ ဆွေးဝါးပစ္စည်းမစုံလင်ဘဲ မွေးရလို့ တော်တော် စိုးရိမ် ပူပန် ခဲ့ရပါတယ် ဆိုတဲ့အကြောင်းနဲ့ သူ့အမျိုးသားနဲ့ လှေပေါ်မှာ အတူပါလာတဲ့ အမျိုးသမီး နှစ်ယောက်က ဝိုင်းဝန်းမွေးဖွားပေးခဲ့ရတယ် ဆိုတဲ့အကြောင်း ပြောပြရှာပါတယ်။
"ကျမကလည်း တစ်ခါမှတော့ ကလေးမွေးပေးဖူးတာ မဟုတ်ဘူး၊ အခုလို မဖြစ်မနေမွေးရတော့မယ်ဆိုတော့ ကြားဖူးနားဝနဲ့ ဝိုင်းပြီး မွေးပေး လိုက်တာပါ၊ လှေပေါ်မှာက သုံးရေ ပြတ်သွားလို့ ပင်လယ်ရေကို ကြို၊ အအေး ခံပြီး ဆေးကြောသန့် စင်ပေးရတာပါ၊ လှေပေါ်မှာ ယောက်ျားတွေကလည်း အများကြီးဆိုတာ့ ကျမတို့ မိန်းခလေးတွေကို စောင်တွေကာထားခိုင်းပြီး မွေးပေးခဲ့ကြတာပါ။

ကျမတို့ ကို ဘုရားသခင်က မစခဲ့တာပါလို့  နိုယူ ကလေး မွေးဖွားစဉ်ကူညီဆောင်ရွက်ပေးခဲ့တဲ့ မအမီနာက လှေပေါ်မှာ ကလေး မွေးပေးစဉ်က အတွေ့အကြုံရတဲ့ ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပုံကို ပုံပြင်ဆန်ဆန် ပြောပြပါတယ်။
မြန်မာအမျိုးသမီးအများစုဟာ မီးဖွားတဲ့အချိန်မှာ ကိုယ့်ရဲ့ခင်ပွန်း၊ ယောက်ျားကို အနားမှာ ရှိစေချင်ပေမဲ့ ထိုင်းရေတပ်က ဖမ်းဆီးခံရပြီး နိုယူတို့  သားအမိတတွေက ကယ်ဆယ်ရေးစခန်းကိုရောက်ခဲ့ပေမဲ့ သူမရဲ့အမျိုးသား ကတော့ ဖန်ငခရိုင်၊ လူဝင်မှုကြီကြပ်ရေး အချုပ်ခန်းထဲကို ထိန်းသိမ်းပို့ဆောင် ခြင်း ခံခဲ့ရပါတယ်။
" ကျမ အမျိုးသားရှိနေမယ် ဆိုရင်တော့ အားရှိတာပေါ့၊ ကျမ တစ်ခုခု လိုရင် အားနာစရာမလိုဘဲ၊ သူ့ကို လုပ်ခိုင်းလို့ ရတယ်လေ၊ အခုတော့ သူ့ကို တစ်နေရာ ခေါ်သွားတော့ ကျမနဲ့ ကလေးတွေနဲ့ပဲ၊ ဒီမှာ ကျန်ခဲ့တော့ တော် တော် ၀မ်းနည်းစိတ်အားငယ်ရပါတယ်။ "မိန်းမသားတစ်ယောက်အနေနဲ့ သူ့အမျိုးသားကို အားကိုးတစ်ကြီး မိန်းမ သဘာဝကျကျ ပြောပြရှာပါတယ်။
နိုယူအနေနဲ့ လက်ရှိကယ်ဆယ်ရေးစခန်းမှာ တစ်စုံတစ်ရာ အဆင်ပြေ တယ်လို့  ပြောရပေမဲ့ ရည်ရှည်မနေထိုင်လိုကြောင်း၊ သူမရဲ့သူငယ်ချင်းတွေ၊ ကယ်ဆယ်ရေးစခန်းက ထွက်ပြေးလွတ်မြောက်သွားပြီး၊ မလေးရှားရောက် နေပြီဖြစ်ကြောင်းနဲ့ တစ်နေရာရာမှာ မိသားစုနဲ့အတူ အခြေချ နေထိုင်လို ကြောင်း သူမရဲ့  မျှော်လင့်ချက်အိပ်မက်တွေကို အားငယ်တမ်းတနေရတာ တွေကို ပြောပြနေပြန်ပါတယ်။ မြန်မာပြည်ကို ချစ်ပေမဲ့ မြန်မာပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်မခြင်း၊ မြန်မာပြည်ကိုတော့ ဘယ်နည်းနဲ့မှ ပြန်လိုတဲ့ ဆန္ဒမရှိကြောင်း ထပ်လောင်းပြောပြတဲ့အခါ သူမရဲ့ တောင်းဆိုမှုတွေနဲ့ သူမရဲ့မျော်လင့်ချက်တွေကို ကျနော့် အနေနဲ့ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာ ပါးစပ်က ထုတ်ဖေါ်မပြောခဲ့ပေမဲ့၊ စိတ်ထဲမှာတော့ နာနာကျင်ကျင် ခံစားသိရှိနေပါတယ်။
ကျနော်တို့ ရဲ့မိခင်တွေ၊ ဇနီးမယား၊ အမ ညီမနဲ့ ချစ်ခင်ရင်နှီးကြတဲ့ မြန်မာအမျိုးသမီး မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေ နိုယူလို ပင်လယ်ထဲမှာ ဖွားတော်မူခန်းကို ကျနော်တို့ မြင်နိုင်ကြပါ့မလား မြင်ရက် ကြပါသလားလို့ စဉ်းစားရင်း မေးခွန်းထုတ်မိတဲ့အခါတိုင်း နိုယူလို အမျိုးသမီး လေးတွေ ဘယ်နှစ်ယောက်များ အလားတူပြသာနာတွေကို ရင်ဆိုင်နေရလဲ ဆိုတာ တွေးတောမိတဲ့အခါမှာလည်း ခွင့်လွတ်ပါ၊ နိုယူရယ်လို့သာ စိတ်ထဲက တောင်းပန်နေမိရင်းဖြင့်သာ။

 ကိုထူးချစ်၏စာကို ခံစားမှုဖြင့် ပြန်လည်မျှဝေပါသည်

ငတ်နေသောပြည်သူများနဲ့ စားမရသော ဒုံးလက်နက်များ



တီဗွီ ချယ်နယ်လ်တွေမှာမြောက်ကိုရီးယား နိုင်ငံတွင် ၆၀ပြည့် အောင်ပွဲနေ့သတင်းများကို  တာဝေးပစ် ဒုံးကျည်များ၊ ဒုံးသယ်ယာဉ် များ တိုက်လေယာဉ် များနှင့် ရဟတ်ယာဉ် များ ထောင်ပေါင်း များစွာသော တပ်ဖွဲ့ဝင် များက သံပြိုင် ကြွေးကြော်ချီတက်မှုများနဲ့ နိုင်ငံခေါင်းဆောင် ချာတိတ်လေးကို မြင်ရတိုင်း Sunday, January 29, 2013 က မြောက်ကိုရီးယား နိုင်ငံတွင် အငတ်ဘေးကြောင့် မိဘများသည် မိမိတို့၏ သားသမီးများကိုပင် သတ်ဖြတ် စားသောက်သည်အထိ အခြေအနေ ဆိုးရွားလာကြောင်း သတင်းများ ဖတ်လိုက်ရသည်ကို သတိမရဘဲမနေနိုင်အောင် ဖြစ်မိပါသည်။




မြောက်ကိုရီးယား လူဦးရေခြောက်သန်းဟာ ပြောင်းဖူး၊ ဂေါ်ဖီထုပ်နဲ့ ဆန်ကိုပဲ အဓိကစားပြီး ရှင်သန်နေ ရချိန်မှာဘဲ နှစ်စဉ် စားနပ်ရိက္ခာ မက်ထရစ်တန် တစ်သန်း လိုအပ်ချက် ဆက်ပြီးရှိနေတာကြောင့် ဒီနှစ်မှာ ရေကြီးတာကြောင့် အခြေအနေက ပိုဆိုးသွားပါတယ်။ ရေကြီးမှုကြောင့် အိုးအိမ်များ၊ အဆောက်အဦများ၊ လမ်းတံတားများ၊ လယ်ယာမြေများပျက်စီးခဲ့ရပြီး ပြောင်း၊ ပဲ၊ စပါးခင်းများလည်း ပျက်စီးခဲ့ကြောင်း သတင်းများကဆိုသည်။
ဒါပေမဲ့ စားနပ်ရိက္ခာအတွက်  ဒေါ်လာ ၂၁၈ သန်း အကူအညီပေးကြဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံ ပန်ကြားထားပေမဲ့ အဲဒီငွေရဲ့ သုံးပုံ တစ်ပုံပဲရပါသေးတယ်။
ပေးလိုက်တဲ့ အကူအညီတွေကို အသေအချာ ကြီးကြပ်စစ်ဆေးတာမျိုး အားနည်းတာနဲ့ စားနပ်ရိက္ခာ အကူအညီကို စစ်ဘက်အတွက် ပြောင်းလဲသုံးစွဲတယ် ဆိုတာတွေအပေါ် အလှူရှင်နိုင်ငံတွေက စိုးရိမ်တာတွေဟာ ပြည်တွေကို သန်းချီသေဆုံးစေခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရသည် ပြည်သူ လူထု၏ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ရန် အတွက် စောင့်ကြည့် ကင်မရာပေါင်း ၁၆,၄၂၀ လုံးကို စုစုပေါင်းတန်ဖိုး ပေါင်ခြောက်သန်းကျော်ဖိုးဝယ်သည့် သတင်းကလဲ လှည့်လည်လာသော ဒုံးတင်ယဉ်များကို တွေးမြင်နေသည်။…..။

7/27/2013

North Korea Military Parade 60th Anniversary of the Victory Liberation War



ဆယ်နာရီ ဆယ်နာရီခွဲလောက်မှာ အပြင်သွားစရာရှိတာမို့ ကြိုကြိုတင်တင် ရှစ်နာရီလောက် ရေချိုးခန်းထဲ အရောက်မှာ ဖုန်းမြည်သံကြောင့် ပြန်ထွက်ကိုင်ရပါတယ်။
ဆက်လာသူက အပြင်အတူသွားဖို့ချိန်းထားတဲ့ ကျနော့အကိုကြီးပါ “ ဟလို အချိန်ရွှေ့မလို့လား“ “ဘယ်ကလာ ..ခင်ဗျားတို့ ကျနော်တို့ သိထားတဲ့သမိုင်း အတော်လွဲနေတဲ့အကြောင်း ပြောမလို့ဗျ“ “လုပ်ပါအုံး သမိုင်းက ဘယ်ရောက်သွားပီလဲ“ “ကိုးရီးယား စစ်ပွဲတုံးက မြောက်ကိုးရီးယား စစ်နိုင်လိုက်တာ ခင်ဗျားမသိဘူးမှုတ်လား  ဒီနေ့ ပြုံယမ်းမှာ မြောက်ကိုးရီးယားရဲ့ စစ်နိုင်ခြင်း အခန်းအနား  parades လုပ်မလို့တဲ့“ “ဟုတ်လား ဒါဆိုလဲ ပြန်လာရင် ချယ်နယ်နယူစ်-အေရှ မှာကြည့်မယ်လေ
ကျနော်ကတော့ ခင်မမမျိုးစာတွေဖတ်ထားလို့ မြောက်ကိုးရီးယား စစ်နိုင်လိုက်တာ နဲနဲတော့ ရိတ်မိသလို ရှိသားဗျ“
ဒါနဲ့ဘဲ ရေမချိုး ဖြစ်ဘဲ စာရေးဖြစ်သွားပါကြောင်း ။

မြောက်ကိုးရီးယားက တောင်ကိုးရီးယား Ongjin ကျွန်းဆွယ်ကို (၁၉၅၀) ခု၊ ဇွန်လ (၂၅) ရက်၊ နံနက်လေးနာရီအချိန်မှာ လက်နက်ကြီးအကူအညီသုံးပြီး စတင်တိုက် ခိုက်ပါတယ်။
တောင်ကိုးရီးယား အနောက် ကမ်းရိုးတန်းဒေသကို မြောက်ကိုးရီးယား ပြည်သူ့တပ်မတော်က စတင်တိုက်ပြီး မကြာခင် နာရီပိုင်းအတွင်းမှာ် Kaesong ကို မြောက်ကိုးရီးယား တပ်တွေက သိမ်း ပိုက်နိုင်ခဲ့ပါတယ်။
စစ်စတင်ချိန်မှာ အမေရိကန်စစ်ဘက်အကြံပေးတွေအပါအ၀င် တောင်ကိုးရီးယားစစ်တပ်အရာရှိတွေ ခွင့်သွားနေတာမို့ Churchon ဘက်မှာ ခုခံမှုအနည်းငယ် ကြုံတွေ့ရပေမယ့် မြောက်ကိုးရီးယားတပ်တွေကပဲ အနိုင်ရခဲ့ပါတယ်။
စာရင်းအရဆိုရရင်တော့ တဖက်ကို စစ်အင်အား တသိန်းနီးပါးစီရှိတာကြောင့် အင်အားမျှတယ်လို ပြောနိုင်ပါတယ်။

ဒါပေမယ့် တောင်ကိုးရီးယားစစ်တပ်ရဲ့ အဆင့်အတန်းဟာ အမေရိကန် ရုပ်သေးအစိုးရရဲ့ စစ်တပ်ဖြစ်တာမို့ လက်ဝေခံလဲဖြစ် လေ့ကျင့်သင်ကြားပေးမှု မပြည့်မှုနဲ့ စစ်သက် အတွေ့အကြုံကလဲနည်းတာကြောင့် ကိုယ်တပ်ကိုယ်နင်းပီး ထိမ်းမနိုင် သိမ်းမရနဲ့ ရိက္ခာထောက်ပံ့ရေးနဲ့ စစ်လက်နက် အကူအညီ လမ်း ကြောင်းတွေကို ကိုယ်တိုင်ဖျက်ဆီးလိုက်မိတဲ့အပြင် ဟန်မြစ်ပေါ်က တံတားတွေကို ချိုးဖျက်လိုက်ချိန် တံတားတွေပေါ်မှာ စစ်ပြေးနေတဲ့ အရပ်သားတွေ ရာချီပီး သေကြေခဲ့ရပါတယ်။
တဖက်မှာကျတော့ အရည်အခြင်းနဲ့ စစ်သက်အတွေ့အကြုံ ရှိတဲ့ တပ်သားတွေနဲ့ အရာရှိတွေ တနည်းအားဖြင့် တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ် တွေဘက်ကနေ ၀င်တိုက်ပေးခဲ့သူတွေ ဆိုဗီယက် တပ်နီတော်မှာ အမှုထမ်းခဲ့သူတွေ ပါဝင်နေတဲ့ မြောက်ကိုးရီးယားတပ်မတော်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်စစ်လက်နက် ပစ္စည်းတွေဖြစ်တဲ့ T-34 တင့်ကား တွေ အပါအ၀င် လက်နက်အင်အား ကလဲ တောင့်တင်းခဲ့ပါတယ်။
ဒါကြောင့် မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ကျူးကျော်ပြီး သုံးရက်အတွင်းမှာပဲ တောင်ကိုးရီးယားရဲ့ ဆိုးလ်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒေါ်ခင်မမမျိုးရဲ့ သုံးသပ်ချက် အရဆိုရင်
 “ စစ်ပွဲတခုရဲ့ တရားမျှတမှုရှုထောင့်ကနေ ကြည့်ရင်တော့ ဒီပွဲက ပြီးဆုံးသွားပါပြီ။ မြောက်ကိုးရီးယားတပ်တွေက ပြည်ပလက်နက် အ ကူအညီ ယူထားပေမယ့် တိုက်ပွဲကို သူတို့ကိုယ်တိုင်ပဲ ဆင်နွှဲခဲ့တာပါ။ တောင်ကိုးရီးယားတပ်တွေကလဲ အမေရိကန်ရဲ့ လက်နက်အ ကူအညီတင်သာမက စစ်ရေးအကြံပေးမှုတွေကိုပါ ယူထားပြီး ခုခံတိုက်ပွဲဝင်ခဲ့တာပါပဲ။ ဒီတိုက်ပွဲမှာ မြောက်ကိုးရီးယား စစ်တပ်က အ နိုင်ရသွားခဲ့ပါတယ်။ ကိုးရီးယားတနိုင်ငံလုံးကို ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်ဖို့ Kim II Sung ရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝသွားပြီလို့ ဆိုနိုင် ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ မော်စီတုန်းတပ်တွေက ချန်ကေရှိတ်တပ်တွေကို အနိုင်ယူခဲ့သလိုမျိုးပဲ ဖြစ်ပါတယ်။ တရုတ်နိုင် ငံကို ဘယ်နည်းဘယ်ဖုံ တည်ဆောက်ကြမယ်ဆိုတာကတော့ တရုတ်ခေါင်းဆောင်တွေနဲ့ တရုတ်ပြည်သူတွေရဲ့ အရေးကိစ္စပါပဲ။ တ ရုတ်နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို တရုတ်ပြည်သူနဲ့ ခေါင်းဆောင်တွေကသာ ဖန်တီးကြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုးရီးယားပြည်သူတွေမှာတော့ ဒီအခွင့်အရေး မရှိခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို ကိုးရီးယားပြည်သူတွေ ဖန်တီးခွင့် မရခဲ့ကြပါဘူး။ ကိုးရီးယား အချင်းချင်း တိုက်ကြတဲ့ပွဲမှာ သူတို့ရဲ့ ရုပ်သေးသြဇာခံအစိုးရ အုပ်ချုပ်နေတဲ့ တောင်ကိုးရီးယား ဒေသရဲ့ စစ်တပ်တွေ စစ်ရှုံးတာကို အမေရိကန်နဲ့ မဟာမိတ်တွေက မနှစ်မြို့ခဲ့ကြပါဘူး။ ဗြိတိသျှဝန်ကြီးချုပ် အက်တလီက naked aggression လို့ ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်ကလဲ သူ့သြဇာခံနိုင်ငံဘက်ကနေ ၀င်ရောက်ကူညီပေးဖို့ စတင်ကြိုးပမ်းလာပါ တော့တယ်။ ပမာဆိုရရင် ငါးနှစ်အရွယ်ကလေးတွေကို အချင်းချင်း နပန်းလုံးကြတာမှာ ကိုယ့်ကလေးက မနိုင်တဲ့အခါ လူကြီးတွေကပါ တဘက်က ကလေးငယ်ကို ၀င်ရိုက်ကြသလိုမျိုးပါ။ အဲဒီအချိန်ကာလက အမေရိကန်ရဲ့ ရုပ်သေးအဆင့်လောက်သာ ရှိသေးတဲ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီကလဲ အမေရိကန်ရဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို legitimate ဖြစ်အောင် ပြုလုပ်ပေးပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက တောင်ကိုးရီးယားကို လိုအပ်တဲ့ ကူညီထောက်ပံ့မှု ပေးရမယ်လို့ ယူအင် လုံခြုံရေးကောင်စီက ကြေညာပါတော့တယ်။
 ဒီတုန်းက ဒုတိယကမ္ဘာစစ်ကြီးပြီးစ၊ စစ်အေးတိုက်ပွဲစကာစအချိန်မှာ တခါမှ မ ကွဲခဲ့ဖူးတဲ့ ကိုးရီးယားနိုင်ငံကို မြေပုံပေါ်မှာ တောင်နှင့်မြောက်ဖြစ်အောင် အမေရိကန် စစ်ဘက်အကြံပေးများက ခွဲခဲ့ပြီးမှ ကိုးရီးယား ပြည်သူအချင်းချင်း စစ်တိုက်ပြီး တဘက်မှ တဘက်ကို အနိုင်ရမှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်တာ မထိခိုက်တာတော့ မသေချာ။ အမေရိကန်ရဲ့ ကွန်မြူနစ်နှိမ်နင်းရေး Truman Doctrine ကို အရှိုက်ထိသွားတာတော့ သေချာပါတယ်။ ယူအင်ရဲ့ လုပ်ငန်းဆောင် တာတွေကို အနောက်နိုင်ငံတွေ အလိုကျမဖြစ်အောင် check and balance လုပ်ပေးနိုင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကလဲ ယူအင်မှာ မရောက်သေးပါ။ ယူအင်မှာ တရုတ်ထိုင်ခုံကို ယူထားတာက ချန်ကေရှိတ်အစိုးရ ဖြစ်ပါတယ်။ ဆိုဗီယက်ကလဲ အမေရိကန် နဲ့ ထိပ်တိုက် မတွေ့လိုသေးပါ။ ဒါကြောင့် ယူအင်က အမေရိကန် စိတ်တိုင်းကျ စီမံလို့ရတဲ့ နေရာကြီးတခု ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ UN Resolution ကို ကိုင်ပြီး အမေရိကန်က စတင်လှုပ်ရှားပါတော့တယ်။ ဂျပန်မှာ အ ခြေစိုက်နေတဲ့ အမေရိကန် ဗိုလ်ချုပ် Douglas MacArthur ကို ကိုးရီးယား ဆိုးလ်မြို့ရဲ့တောင်ပိုင်း ဟန်မြစ်ကမ်းတဘက်က တောင် ကိုးရီးယားတပ်တွေဆီကို သွားဖို့ စေလွှတ်ခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ ဗိုလ်ချုပ် မက်စ်အာသာ စစ်မြေပြင်ကိုရောက်သွားတော့ သွေးပျက်နေတဲ့ တောင်ကိုးရီးယားစစ်တပ်ကို တွေ့ရပါတော့တယ်။ သွေးပျက်နေတဲ့ တပ်သားတွေနဲ့ တိုက်ပွဲဝင်ဖို့ဆိုတာ မဖြစ်နိုင်တာ ကြောင့် အမေရိကန်တပ်သားတွေ ၀င်ရောက်စစ်ကူတိုက်ခိုက်မှ ရမယ်ဆိုတဲ့အကြောင်း ထရူးမင်းဆီကို အစီရင်ခံစာရောက်ပါတယ်။ အမေရိကန် သမ္မတက နောက်တနေ့မှာပဲ ယူအက်စ်တပ်တွေကို တောင်ကိုးရီးယားကို စပြီး ပို့ပါတော့တယ်။ အမေရိကန်က ကုလသ မဂ္ဂလုံခြုံရေးကောင်စီက Resolution ကို ကိုင်ထားတဲ့အတွက် တခြားယူအင်နိုင်ငံတွေကလဲ တောင်ကိုးရီးယားဘက်ကနေ ကူညီ တိုက်ခိုက်ရပါတော့တယ်။ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေက ကုလသမဂ္ဂတပ် တွေအနေနဲ့ ပါဝင်အားဖြည့်ကြပါတယ်။ “ လို့ဒေါ်ခင်မမမျိုးက ဆိုပါတယ်…….

ဒါကြောင့် ဒီစစ်ပွဲဟာ သူတို့နိုင်တဲ့ပွဲလို့ မြောက်ကိုးရီးယားပြောမယ်ဆိုရင် ကျနော်ကတော့ ပြေပြေလျော့လျော့ လက်ခံမယ့်အယူ ရှိပါတယ်။
ကျနော်တို့အပြင်သွားကြတော့ ကားပေါ်မှာ ကိုးရီးယားစစ်ပွဲကြီး ရက်ရက်စက်စက် ပြင်းထန်ခဲ့ပုံကို
ဆွးနွေးဖြစ်ပါသေးတယ်။
အမေရိကန်တို့ ၀င်မပါရင် မြောက်ကိုးရီးယား နိုင်တဲ့ပွဲလို့ ကျနော်ကလက်ခံပေးနိုင်ကြောင်း ကျနော်ကပြောတော့ တရုတ်အင်အား သန်းချီပါဝင်တဲ့အကြောင်း လူဒီလှိုင်းစစ်ဆင်ရေးအကြောင်း ရောက်သွားပြန်ပါတယ်။

စစ်ပွဲသည် တရုပ်၊ ရုရှား၊ မြောက်ကိုးရီးယား ကွန်မြူနစ်နိုင်ငံများနှင့် အမေရိကန်၊ အနောက်နိုင်ငံများ၊ တောင်ကိုးရီးယားတို့၏ အကျိတ်အနယ် အားစမ်းမှုဖြစ်သည်။

မြောက်ကိုးရီးယားစစ်တပ်နှင့် ဆိုဗီယက်စစ်အကြံပေးများ ၂လအတွင်း တောင်ကိုးရီးယားမြို့တော် ဆိုးလ်မြို့တော်ကို သိမ်းပိုက်လိုက်သည်။
အမေရိကန်နှင့် တောင်ကိုးရီးယားတပ်များ အကြီးကျယ်ဆုံးရှုံးမှုမှာ လေကြောင်းအင်အားအကူဖြင့် ၂ပတ်အကြာ ဆိုးလ်းမြို့တော်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး၊ရက်ပိုင်းအတွင်း မြောက်ကိုးရီးယားနိုင်ငံမြို့များစွာနှင့် မြောက်ကိုးရီးယားမြို့တော် ပြုံယမ်းအထိ ချီတက်၊ သိမ်းပိုက်နိုင်လိုက်သည်။ တောင်ကိုးရီးယားတပ်များ တန်ပြန်ထိုးစစ်ဖြင့် အနိုင်ရရှိနေချိန် မမျှော်လင့်ပဲ တရုပ်စစ်တပ်ကြီး 25Oct1950 တွင် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သမိုင်းတွင် အရှည်လျှားဆုံ တပ်ဆုတ်ခွာခရီး စတင်ခဲ့ရသည်။ ဆိုးလ်မြို့လည်း ပြန်လည်ကျဆုံးသွားပြီး တရုပ်၊ မြောက်ကိုးရီးယားတပ်များ တောင်ကိုးရီးယားတစ်ခုလုံး သိမ်းပိုက်လုနီးပါးဖြစ်ခဲ့သည်။ အမေရိကန်က ညူကလီယာလက်နက်သုံးလုနီးပါး အရှုံးကြီးရှုံးခဲ့သည်။ အမေရိကန်သမ္မတ ထရူးမင်းက စစ်ဗိုလ်ချုပ်မက်အာသာ MacArthur, နေရာတွင်၊ စစ်ဗိုလ်ချုပ်ရစ်ဝေး Ridgway ဖြင့်အစားထိုးလိုက်သည်။  Jul 1953 တိုင် ၂နှစ်ကြာအောင် အမေရိကန်၊ကုလနှင့်တောင်ကိုးရီးယားတပ်များက တိုက်ပွဲများစွာဖြင့်လက်လွတ်ခဲ့ရသော  မြို့၊ နယ်မြေများ ကို ပြန်သိမ်းခဲ့ရသည်။
၁၉၅၃ ဇူလိုင်လတွင် နေမြဲနေရာများသို့ ပြန်လည်ဆုတ်ခွာပြီး စစ်ရပ်စဲခဲ့သည်။

 အမေရိကန် ၊တောင်ကိုးရီးယား စစ်သားများ ၂သိန်းခန့်သေဆုံးပြီး၊ ၆သိန်းခန့် ဒဏ်ရာရခဲ့သည်။
 တရုပ်၊မြောက်ကိုးရီးယား စစ်သားများ ၄သိန်းကျော် သေဆုံးခဲ့ပြီး၊ ၇သိန်းခန့် ဒဏ်ရာရခဲ့သည်။
 ပြည်သူလူထု ၂သန်းခွဲခန့် သေကြေဒဏ်ရာရခဲ့သည်။
ဒီစစ်ပွဲမှာ မှတ်ကျောက်အဖြစ် မြောက်ကိုးရီးယားနဲ့ တရုတ်တပ်တွေက (၇၄၅) မိုင်အရှည် ရှိတဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်း ကွန်ယက်ကြီးဆင်ခဲ့တာ ၁၉၅၃ ခုနှစ်၊ နှစ်ဦးပိုင်းမှာ တရုတ်စစ်သည်အင်အား တသန်းကျော် (သေပီးသူမပါ) ယူအင်တပ်အင်အား ရှစ်သိန်းကျော် စစ်မြေပြင်ပေါ်မှာ ရှိနေခဲ့သည်။

 နောက်ဆုံးတော့ ကိုးရီးယား တောင်နဲ့ မြောက်ကို စစ်ရေးအရ တဘက်နဲ့တဘက် ကျူးကျော်ပြီး ပြန်လည်ပေါင်းစည်းပေးဖို့ ခက်ခဲကြောင်း နှစ်ဘက်စလုံးက သ ဘောပေါက်လာတာမို့ (၁၉၅၃) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုး ပီး သုံးနှစ်၊ သုံးလနဲ့ သုံးရက်ကြာခဲ့တဲ့ စစ်ကြီးပီးခဲ့ပေမဲ့ အခုအခါမှာ
မြောက်ကိုးရီးယားဖက်က ပြဿနာ ကတော့ မဆုံးသေးပါဘူး ၁၉၅၃ ကိုးရီးယား စစ်ပွဲမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်မျှသာ လက်မှတ် ရေးထိုးထားခြင်း ဖြစ်၍ တောင်နှင့်မြောက် ကိုးရီးယား ၂ နိုင်ငံ စစ်မပြီးသေးသည့် သဘော သက်ရောက်နေရာ၊ မည်သည့် အပြောင်းအလဲများကို ပြင်ဆင်နေသည်၊ တပ်ဖွဲ့ဝင် ၁.၂ သန်းနှင့် အရံစစ်သည် ၇.၇ သန်းရှိ စစ်အင်အားကို ဂျိုထောင်လာသော ဥမမယ်စာမမြောက် အာဏာရှင် လက်တောက်က မည်သို့ ကိုင်တွယ်မည် စသည်ကို ကမ္ဘာက  ထိန်းမရနိုင်ဖြစ်နေဆဲဖြစ်သည်။
လက်ရှိကာလမှာ ခြေလျှင်တပ် တစ်သန်းတစ်သိန်း နဲ့ ၇သိန်း အရေအတွက်အားဖြင့်၊ စစ်လက်နက်ပစ္စည်းများမှာ သာလွန်တဲ့အပြင် ညူကလီယာဗုံး ၄လုံးကနေ ၁၂လုံးအထိ မြောက်ကိုးရီးယားက ပိုင်ဆိုင်ပါတယ်။ 




လူအင်အားနဲ့ကြည့်ရင် တောင်ကိုးရီးယားစစ်သည် အင်အားတ၀က်ပဲရှိပေမဲ့ ကျန်းမာ၊ ကြံခိုင်၊ ခေတ်ပညာတတ်၊ ကျွမ်းကျင်မှုများရှိပါတယ်။ အထူးလေ့ကျင့်ထားသူများဖြစ်ပါတယ်။ လေကြောင်းစိုးမိုးမှုကို ခဏတွင်းမှာ ရယူနိုင်ပါတယ်။ အမေရိကန်တပ်သား ၂၈,၀၀၀ လည်း ရှိနေပါတယ်။ နည်းစနစ်ပိုင်းမှာ မယှဉ်နိုင်ပါ။

စိုးရိမ်စရာကောင်းတာက ဘာအတွေ့အကြုံမှမရှိတဲ့ ချာတိတ်လက်ထဲမှာ ညူကလီယာဗုံးများနဲ့ ဒုံးပျံပစ်စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်။ ဓါတုလက်နက်မှာလည်း ကမ္ဘာ့တတိယ အကြီးဆုံးအင်အား တန်ချိန် ၅၀၀၀ ပိုင်ဆိုင်ပါတယ်။ စစ်သည် ၁သန်း၁သိန်း၊ တင့်ကား ၄၁၀၀၊  သံချပ်ကား ၂၅၀၀၊ အမြောက်လက်နက် ၃၀,၀၀၀ ရှိပါတယ်။

ကိုင်းဘယ်လိုဖြစ်လာမလဲ။



7/26/2013

တေးပြုဆရာ၏ ငြိမ်းချမ်းရေး ဥယောဇဉ်

28.11.2012 ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီ ခန်းမ မှာကျင်းပပြုလုပ်တဲ့ `` ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းအခမ်းအနား´´ မှာ ဒေါက်တာစိုင်းခမ်းလိတ် မှ ပြောကြားသော မိန့်ခွန်းအပြည့်အစုံ


ဒီ “ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ရေး”  ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့လူကြီးမင်းများကို “မင်္ဂလာပါ” လို့နှုတ်ဆက်လိုက်ပါတယ်။ ကိုယ်နေတတ်သလို သက်တောင့်သက်သာနေကြပါလို့အရင်ဆုံးမေတ္တာရပ်ခံချင်ပါတယ်။ယုံကြည်မှုတည်ဆောက်ရေးဆိုတာ ပြောရတာလွယ်သလောက်လုပ်ရတာ သိပ်မလွယ်ကူပါဘူး။

ကျွန်တော်အနေနဲ့တော့ ဒီလိုပဲယူဆပါတယ်။ အခုတွေ့နေကြတဲ့ လူတွေဟာ စေတနာကောင်းနဲ့ လာကြတဲ့သူတွေဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ အားနာတယ်ဆိုတာ ကျွန်တော်တို့အရှေ့တိုင်းသားခပ်များများရဲ့ အကျင့်တစ်ခုဖြစ်နေတာ ကြာလှပါပြီ။ ယုံကြည်မှုရှိလာဖို့ဆိုတာ အားနာတယ်ဆိုတဲ့ ဘောင်ကျော်ဖြတ်ပီးမှသာ ဖြစ်နိုင်မှာပါ။အခုလဲရောက်လာကြတဲ့ လူကြီးမင်းများ ကျွန်တော့်ကို သီချင်းရေးသူတစ်ယောက်လို့သာ အကြမ်းဖျင်းသိထားကြမှာပါ။

ဒါပေမဲ့ကျွန်တော်သီချင်းတစ်ပုဒ်ကို ဖန်တီးဖြစ်အောင် လှုံဆော်ခဲ့တဲ့အကြောင်းအရာတွေ၊ အခြေအနေတွေ၊ ပါဝင်ပက်သက်ခဲ့တဲ့ သက်ရှိသက်မဲ့တွေကအစ အားလုံးထိ နားလည်သလား နားမလည်ဘူးလားဆိုတာ သိမှမသိဘဲ။ မှန်တယ်ထင်တာကိုပဲ ဦးစားပေးရေးရတဲ့ ကျွန်တော့်မူရင်းဝိညာဉ် ၊ မူရင်းစိတ် ၊ မူရင်းကိုယ်တွေကိုကောပြသနိုင်မှ တော်ကာကျမှာပေါ့။ ဒါမှလူဦးရေ(၂၆)သန်းကျော်ကနေ သန်းပေါင်း(၆၀) ကျော်တဲ့အထိနေလာရတဲ့တစ်ယောက်သောသူကတော့ ဒီလိုဘ၀မျိုးကို ဖြတ်သန်းခဲ့ရပါတယ်ဆိုတာ သိမှာကိုး။


ကျွန်တော်ရေးသားမဲ့ပုံစံက တောင်းခံထားတဲ့ပုံစံနဲ့ ကိုက်မကိုက် လိုက်မလိုက်တော့မသိပါဘူး။ ဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့ မပိုင်ပေမဲ့ဆိုင်နေတဲ့နိုင်ငံ့ ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းကိုတော့ နဂိုကတည်းကယုံကြည် ၊ နဂိုကတည်းကလည်းထပ်တူနီးပါး ရည်မှန်းချက်ရှိလို့ ဝေဖန်တာတွေကို ခါးဆီးပီး ၀ိညာဉ်ကော ၊ စိတ်ကော ၊ကိုယ်ရော ခံနိုင်လည်းခံ မခံနိုင်လည်းခံရင်း ကိုယ်ဝါသနာပါတဲ့ တေးရေးသူဘ၀ကိုကြိုးစားပြီးရယူခဲ့တဲ့သူတစ်ယောက်ပါ။ ပါတီနဲ့ အဖွဲ့အစည်းတွေပူးပေါင်းပီး “ ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ရေး ” ဆွေးနွေးပွဲမှာ ပါဝင်ပြောပြခွင့်ရလို့ အထူးကျေးဇူးတင်ရပါကြောင်း ပြောလိုပါတယ်ခင်ဗျား ။

ကျွန်တော်ငယ်တုန်းကတော့ ရှမ်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုမသိခဲ့ပါဘူး။ ကျောင်းနေတော့နမ္မတူမြို့ ရဲ့ Our Lady’s Convent , မေမြို့ St. Albert’s High school စတဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေမှာနေခဲ့တော့ ဘိုကျောင်းတက်ပြီး ဘိုလိုပဲ ၀တ်ခဲ့ပါတယ်။ ရှမ်းဝတ်စုံကို အစ်ကိုကြီးတို့ဝတ်တုံးကလည်း ကြည့်ပြီးသိပ်မကြိုက်ခဲ့ဘူး ။ ဒါပေမဲ့(၁၉၆၄) ကျောင်းတွေကို ပြည်သူပိုင်သိမ်းတော့ နဂိုကတည်းက ကိုယ့်မြို့ကိုပဲခင်တွယ်တဲ့ ကျွန်တော်ဟာ နမ္မတူအစိုးရတန်းမြင့်ကျောင်းကိုပြန်ပြောင်းခဲ့ပါတယ်။

အဲ့ဒီမှာ ကျွန်တော်ဘာလူမျိုးလဲဆိုတာ တေ့တေ့ဆိုင်ဆိုင်တွေ့ရတော့တယ်။ဘာလို့လဲဆိုတော့ တခြားရှမ်းတွေကရှမ်းဘောင်းဘီ ၊ ရှမ်းတိုက်ပုံ ၊ အမျိုးသ္မီးတွေကရှမ်းထဘီ ၊ ရှမ်းအင်္ကျီဝတ်လာကြတာကိုး ၊သူတို့ကတော့ဘာမှမပြောကြ ၊ လေးစားသမှုပြုကြပေမဲ့ ကျွန်တော်ကတစ်ယောက်ထဲ ရှမ်းတွေကြားမှာဘိုလိုဝတ်နေတော့ ရေရှည်မှာဘယ်နေနိုင်ပါ့မလဲ ။

ကိုယ့်ပင်ကိုယ်စိတ်သဘောထားကလဲ လူကြားထဲမှာလိုက်လျောညီထွေနေချင်တဲ့ဆန္ဒရှိခဲ့တော့ ကျွန်တော်လဲ ရှမ်းဝတ်စုံနဲ့ ဖြစ်သွားပြီပေါ့လေ။နောက်ထပ်ကြုံတွေ့ရတာကတော့ ကျွန်တော့ဘ၀မှာရှမ်းလိုဝတ် ရှမ်းလိုပြောတတ်ရုံနဲ့ရှမ်းမဟုတ်သေးဘူးဆိုတာကို ထပ်မံပြသလိုက်သလိုဖြစ်ရပ်ပါ။ (၁၉၆၅) မှာကျောင်းမှာ နံရံကပ်စာစောင်လုပ်ပါတယ်။ အဲ့ဒီမှာ ရှမ်းဆရာဦးစိုင်းရွှေထွန်းကနေ ရှမ်းကျောင်းသားတွေကိုသပ်သပ်အစည်းအဝေးခေါ်ပြီး ရှမ်းဘာသာနဲ့ရှမ်းနံရံကပ်စာစောင်တစ်ခုလုပ်ဖို့ပြောပါတယ်။အဲ့ဒါခေါင်းဆောင်တစ်ယောက်ရှိရမယ်ဆိုပြီးပြောတော့ အားလုံးသောကျောင်းသား ကျောင်းသူတွေ ကျွန်တော့်ဖက်ပဲလှည့်ကြည့်လာတော့ခက်ပြီပေါ့။ ဒါပေမဲ့ ကျွန်တော်ပြဿနာကိုနောက်မှကြည့်ရှင်းမယ်ဆိုပြီး ခေါင်းဆောင်တာဝန်ကို လက်ခံလိုက်ပါတယ်။ နောက်မှပြင်ဦးလွင်မှာနေခဲ့တဲ့ အစ်ကိုဆီကြေးနန်းရိုက်ပြီး ရှမ်းစာအမြန်လာသင်ပေးဖို့ ပူစာလိုက်ရတာပေါ့။ အဲ့ဒီမှာရှမ်းလိုဝတ် ရှမ်းစကားပြော ၊ရှမ်းစာရေးသားတတ်ပြီဆိုတော့ပြည့်စုံပြီလို့ထင်မိပါတယ်။

ဒါပေမဲ့မကုန်သေးပါဘူး။ ရှမ်းထုံးစံအရ ၀ါတွင်းအဖိတ်နေ့မှာ ရှမ်းလူငယ်မောင်မယ်တွေဘုန်းကြီးကျောင်းကိုလာပြီးဘုန်းကြီးတွေအတွက်ခဲဖွယ်၊ ရေနွေး၊ တရားနာမဲ့လူတွေအတွက်ရေနွးကြမ်း အကြော် ။ ဥပုသ်နေ့မှာဘုရားဆွမ်းတော်ကပ်ဖို့ ၊ ဘုန်းကြီးအာရုံဆွမ်း ၊ရေနွေးကော်ဖီ ၊ နေ့ဆွမ်း ၊ အသီးဖျော်ရည်များ ၊တရားနာသူတွေအတွက် နံနက်စာ နေ့လည်စာပြင်ဆင်ပြီးကျောင်းဝင်းသန့်ရှင်းရေးစတဲ့ ဝေယျာဝစ္စတွေလုပ်ကြရပါတယ်။
 ပြောချင်တာက အဖိတ်နေ့ည ရှစ်နာရီ ကိုးနာရီ ရေနွေးအိုး ဟင်းအိုးတည်ရင်း စောင့်ရင်း ဂီတာတီးတတ်သူတွေ (ညီစိုင်းခမ်းသီအပါအ၀င်) ကဂီတာတီးပြီးရှမ်းသီချင်းတီးကြဆိုကြတာပေါ့လေ။ တနေ့လာလာလဲဒီသီချင်း (၂)ပုဒ် ၊(၃) ပုဒ် တနေ့လာလည်း(၂)ပုဒ် ၊(၃) ပုဒ်နဲ့ဆိုတော့ ခေါင်းဆောင်စိုင်းအုံးမြင့်ကို ကပ်ပြီးငါတို့ရှမ်းသီချင်းဒါဘဲရှိတာလား ဆိုတော့ ဟုတ်တယ်။တခြားဟာတွေလဲရှမ်းနားနဲ့မကိုက်တော့ မကြိုက်ကြဘူးလို့ဆိုတယ် ။

ဒီမှာပဲ ကျွန်တော်ကတော့မပူပါဘူး St. Albert တုန်းကကြားဖူးခဲ့တဲ့ ကမ္ဘာကျော်Beatles ရဲ့ သီချင်းတွေရှိသားဘဲ ၊အဲဒီ tune ယူပြီး ရှမ်းစာသားသွင်းလိုက်ရင် ရှမ်းလည်းဘာသားနဲ့ထုထားတာမို့လို့လဲ ကမ္ဘာကြိုက်သီချင်းတွေ ကြိုက်ရမှာပဲပေါ့။ဒါပေမဲ့ တကမ္ဘာလုံးကြိုက်တဲ့သီချင်းတွေဟာ ရှမ်းနားနဲ့ကျ မကိုက်ဖူး ဖြစ်နေတော့တစ်ပုဒ်ပြီးတပုဒ်ဘာသာပြန်နေတာနှစ်ဝက်တောင်ကျော်ခဲ့ပြီ ၊ အဲဒါနဲ့ Pentatonic scale နဲ့သီချင်းစပ်ရင်း ပြင်ဆင်ရင်းနဲ့ ၁၉၆၈ ကျမှ ကိုယ့်စိတ်ထဲမှာ ရှမ်းကြိုက်နိုင်တဲ့ စာသားနဲ့ သီချင်းပုံစံကိုရတော့တယ် ။

ထင်မှတ်တဲ့အတိုင်းပါပဲ အဲဒီသီချင်းကတော့“ တို့ရှမ်းအ၀တ်အစားကိုဝတ်ပါ ဘာလို့လဲဆိုရင်တို့ကရှမ်းမဟုတ်လား ”“ တို့ရှမ်းစကားကိုပြောပါ ဘာလို့လဲဆိုရင် တို့ကရှမ်းမဟုတ်လား ” စတဲ့ စာသားတွေပါတဲ့(ရှမ်းစိတ်ဓာတ်ရှိကြပါ) ဆိုတဲ့သီချင်းပါပဲ `ရှမ်းတွေကြိုက်လာတော့လဲ အဲဒီလိုပုံစံသီချင်းတော်တော်များများရေးခဲ့ပါတယ်။
အဲဒါတွေကတော့ (ဥပမာ)

၁။ ရှမ်းစိတ်ဓာတ်ရှိပါစေ
၂။ မီးရှူးခံသီးချင်းသစ်
၃။ ၄။ ရှမ်းမှတ်မိတယ်
၅။ ပင်လုံစာချုပ်
၆။ တောင်ပေါ်မြေရဲ့ အခြားတစ်ဖက်မျက်နှာ
၇။ ရာသီပြောင်းချိန်
၈။ မန္တလေးရောက်ရှမ်းတစ်ယောက်
၉။ ဖြတ်သာသွားတယ် မနားတယ်
၁၀။ လူငယ်ခြေကျ
၁၁။ စာခြောက်ရုပ် အဲဒီသီချင်းတွေ အပါအဝင်ပေါ့။

မီးရှူးခံသီးချင်းသစ်

အဲဒီနောက်ထပ်ပြီး ဖော်ပြချင်တဲ့သီချင်းကတော့ မီးရှူးခံသီချင်းပါပဲ။ ရှမ်းမှာထူးခြားတဲ့အဖြစ် အပျက်တစ်ခုခုကိုရည်စူးပြီး (သို့) အောင်ပွဲခံခြင်းတစ်ခုခုကို ရည်မှန်းပြီး Carol Singing ဆိုပြီး ထွက်အလှူခံရပါတယ်။အဲဒီလိုပွဲမျိုးက ပျောက်ကွယ်စပြုလာပြီမို့ တောင်ကြီးမှာပြန်စရင်ကောင်းမှာပဲဆိုပြီး အစ်ကိုကြီး စိုင်းတုံခမ်းက ခေါင်းဆောင်အစီအစဉ်လုပ်ပြီး ကျွန်တော်သီချင်းစပ်ဖြစ်သွားတာပါ။

(၁၉၆၉)ခုနှစ်ကပေါ့ အဲဒီနှစ်မှာပဲ တောင်ကြီးမြို့မှာ ရှမ်းစာပေညီလာခံကျင်းပတော့ ကျွန်တော်ဟာ မန္တလေး တက္ကသိုလ်များကိုယ်စာလှယ်လေ့လာသူအနေနဲ့ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ သီချင်းနှစ်ပုဒ်သုံးပုဒ်သီဆိုခဲ့ပါတယ်။

အဲဒီမှာ စပ်ဖြစ်ခဲ့တဲ့ သီချင်းကတော့ " တိုင်းပြည်လောက်ကြီးတဲ့ ကျီကြီးရှိပေမယ့် ဆန်မရှိရင် ဘာလုပ်ရမှာလဲ " ဆိုတဲ့သီချင်းအဓိပ္ပာယ်က "အပြင်အကာအရံအလှအပတွေကိုပဲ အလေးထားလုပ်ကြပေမယ့် အတွင်းကျတာတွေ ဘာမှမထူထောင် မတည်ဆောက်ပေးရင်ဘာလုပ်ရမှာလဲ" ဆိုတာပါပဲ။

ရှမ်းမှတ်မိတယ်

" တည်နေရာက တောထဲမျက်မည်းဖြစ်နေတဲ့ အချိန်မြင့်မားတဲ့တောင်ကြီးတွေ လူမျက်စိနဲ့ မမြင်ရသေးတဲ့အချိန် သံလွင်မြစ်ကို ဘယ်သူမှမဖြတ်ကျော်နိုင်သေးတဲ့အချိန် . . . အဲဒီအချိန်ကစပြီး ရှမ်းမှတ်မိတယ်။ ဒို့အဖိုးအဖွားတွေရဲ့ အရိုးတွေလဲဖုန်မှုံ့ဖြစ်ခဲ့တယ် ၊ ချွေးတွေသွေးတွေနဲ့လယ်ယာကိုကျွေးဖို့ရေလုပ်ခဲ့တာပေါ့။ ဆက်နွယ်ထားတဲ့အသက်ပေါင်းများစွာနဲ့မျိုးစေ့ချခဲ့တာပါ။အဲဒီအချိန်ကစပြီး ရှမ်းမှတ်မိတယ်။ မြေကြီးဟာစောလာသူတွေအတွက်ရှိနေသေးတဲ့အချိန်မှာ ဘယ်သူငြင်းနိုင်မှာလ။ဲရှမ်းကအရင်ကျတယ်ဆိုတာ . . . ရှမ်းမှတ်မိတယ် ဖြစ်လာသမျှတွေရှမ်းမှတ်မိတယ် . . . ရှမ်းပြည်တစ်ပြည်လုံးသာမက နိုင်ငံဝေးရောက်ရှမ်းတွေပါ နှစ်သက်တဲ့သီချင်းပါ။

ပင်လုံစာချုပ်

အဲဒီသီချင်းကိုရေးချင်နေတာကြာလှပါပြီ။ နောက်ဆယ်နှစ်အကြာမှာ ခွဲထွက်ခွင့်ရလို့ခွဲထွက် ချင်ရင်ပေါ့လေ . . . အဲဒီအတွေးဟာတစ်ဘ၀လုံးကို လွှမ်းမိုးထားသလိုပါပဲ။ဒါပေမယ့် ဘယ်လိုကောင်းအောင် စိတ်ဝင်စားလာအောင်ရေးရမလဲဆိုတာ စဉ်းစာမရခဲ့ဘူး။ ဒါပေမယ့် ထူးထူးခြားခြင်းရှမ်းကာတွန်းတစ်ပုဒ်ကို တွေ့လိုက်ပြီး အတွေးရလာတာပါ။အဲဒီကာတွန်းထဲမှာ ဗိုလ်ချုပ်ကြေးရုပ်ရဲ့ အိပ်ထောင်ကို လူတစ်ယောက်ကနှိုက်ပြီး ‘သေသေချာချာရှာကြည့်ပါဦး’ လို့ နောက်တစ်ယောက်ကေ ပြောနေတာပါ။ အဲဒါနဲ့ပဲ ‘ဆယ်နှစ်တောင်ကြာခဲ့ပါပြီ။ ရှမ်းပြည်ကြီးလည်းပြန်မရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်နဲ့ပါသွားပြီထင်တယ်။ ဘယ်ရောက်သွားပြီလဲပင်လုံစာချုပ်ရယ် ‘ လို့အဓိပ္ပာယ်ရတဲ့ သီချင်းကို ရေးခဲ့ပါတယ်။(၁၉၇၁)လောက်ကထင်ပါတယ်။ စာပေစီစစ်ရေးကခွင့်ပြုမှာမဟုတ်လို့ ယနေ့ထက်တိုင်ထုတ်ဖော်ပုံနှိပ်ခြင်း သီဆိုခြင်း မပြုခဲ့ရပါဘူး။ မိုးကုတ်မှာထင်တယ်။ တစ်ခါတော့ဆိုပြခဲ့ဖူးပြီး ကျန်တဲ့သူတွေ ရသွားသီဆိုသွားကြတာပါ။ရှမ်းပြည်ကလူတွေ ရူးသွပ်ခဲ့တဲ့သီချင်းပါပဲ။

သက္ကရာဇ်၂၀၀၀ပြည့်နှစ်အတွက်စပ်ခဲ့တဲ့ကဗျာကတော့

A place beyond dream,
Where what dream is what has been,
A thought for onself persued,
Turns out for all living things

အိပ်မက်လွန်နေရာမှန်းတာ
ညီမျှခြင်းဖြစ်တာ
အတ္တတွေးဆုံးထိလိုက်ရှာ
များသတ္တ၀ါတွက်ဖြစ်လာ
ရှမ်း ၊ မြန်မာ ၊ အင်္ဂလိပ် (၃)ဘာသာနှင့်ရေးစပ်ခဲ့ပြီးပို့ကဒ် ၊ ပိုစတာ ၊ တီရှပ်များထုတ်ခဲ့ပါတယ်။

ဖြတ်သာသွားတယ်မနားတယ်

ကျွန်တော်ရှမ်းပြည်မြောက်ပိုင်းတွင် ကျင်လည်တာ များနေပါပြီ။ အဲဒီအချိန်မှာ ကျွန်တော်အစ်ကိုကတော့ GTIမှာဝင်ရတော့ သူနှင့်တစ်ခါ အလည်လိုက်သွားမိတယ်။ မန္တလေး ပတ်ဝန်းကျင်လောက်က မီးတိုင်ကြီးတွေကို အစ်ကိုက ' ဒီလျှပ်စစ်မီးတိုင်ကို ကြည့်ထားနော်။ အဲဒါကလောပိတကထွက်ပြီး ရှမ်းပြည်ကိုဖြတ်ပဲ ဖြတ်သွားတာ။ ဘာမီးမှလဲမပေးဘူး’ ဆိုပြီးပြောတော့ ရေးဖြစ်လိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။

မန္တလေးရောက်ရှမ်းတစ်ယောက်

မန္တလေးရောက်ပြီး ဘယ်နေရာမှ အဆင်မပြေနိုင်ဖြစ်နေသူရဲ့ ဘ၀ကိုရည်ရွယ်ပြီးရေးသား ထားတဲ့ ကို့ကိုယ်ပိုင်ခံစားချက် သီချင်းတစ်ပုဒ်ပါ အဆုံးသတ်ကျတော့ " ဘယ်လောက်နှိမ်ပေမယ့်လဲ မထူးတဲ့အကြောင်းကိုတော့ အချစ်နဲ့တိုင်းတာပြလိုက်တယ်။မန်းပျိုဖြူတစ်ယောက်ကို ရှမ်းချစ်လဲ ဗမာထက်မလျော့တာ တကယ်တမ်းပြခဲ့တယ်။ ဒါပေမယ့်လဲ ငွေဂုဏ်မရှိတော့ယောက္ခမ မကြည် မအောင်နိုင်သေးတော့ မိဘမကြည် မှီစရာခိုစရာမဲ့ ။ အိုနောက်ဆုံးတော့ မန္တလေးရောက်ရှမ်း တစ်ယောက်ရဲ့အဖြစ်ဟာမလွယ်ပါလား။ ဒါပေမယ့်လဲ နေရာချင်းတော့ မလဲချင်ဘူး။ တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူချင်ပါတယ်။ အို ….. မန္တလေးယောက်ရှမ်းတစ်ယောက်တော့ ပြုံးနေရီနေမြဲ

လူငယ်ခြေကျ

ဟိုတုန်းကတင်ဝင်း (ဆေး/မန်း) ကျွန်တော့်တို့အခေါ်အရတော့ ကို Ronald Yin ပေါ့လေ။ သူပြောလေ့ရှိတဲ့ စကားတစ်ခွန်းပေါ့။ ကျွန်တော်က တကယ်ကို သဘောကျသွားတယ်။ ဘာလို့လဲ ဆိုတော့ တက္ကသိုလ်တက်ပြီး အမျိုးဘာသာသာသနာအတွက်ဘာမျှ အသုံးမကျဘဲဖြစ်နေတဲ့ လူငယ်တက္ကသိုလ်ထွက်တွေ အများကြီးတွေ့ဖူးပြီးသား ဖြစ်နေတာကိုး။  ဒါနဲ့ပဲအဲဒီသီချင်းကိုရေးဖြစ်တာပါ။ ဆိုတဲ့သူရောတီးတဲ့သူရော အားလုံးကြိုက်ကြပြီး သီချင်းပြီးတဲ့အချိန်နဲ့ Regional College တွေစတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားလို့ ကျွန်တော်ကနှမျောတသစွာနဲ့ပဲပြန်နုတ် လိုက်ရတဲ့သီချင်းတစ်ပုဒ်ပါ။

စာခြောက်ရုပ်

အဲဒီဇာတ်လမ်းလေးကတော့ နိုင်ငံခြားစာရေးဆရာကြီး Nathaniel Horthorne ရဲ့ဝတ္ထုတိုကို အကျဉ်းပြန်ရေးထားတဲ့ Feather Top ဆိုတဲ့ဝတ္ထုလေးကို ဖတ်ပြီး ရေးဖြစ်သွားတာပါပဲ။ ဒီဝတ္ထုမှာ စုန်းမကြီးတစ်ယောက်ကနေ စာခြောက်ရုပ်တစ်ခုလုပ်ရင်းနဲ့ ရုပ်သိပ်ချောသွားတဲ့အတွက် အသက်သွင်းပြီး လူပြည်ကိုသွားခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သူထင်သလို အဆင်ပြေမလာဘဲ စာခြောက်ရုပ်က သူ့တကယ့်အသွင်ကို မှန်ထဲမှာမြင်ပြီး မှတ်မိသွားတဲ့အတွက် ပြန်လာတာကို စုန်းမကြီးကတော့ နောက်ဆုံးတော့ လက်လျှော့ပြီး အစကတည်းကရည်ရွယ်ထားသလို ငါ့ပြောင်းဖူးခြံကိုသာ စောင့်ပေတော့လို့ လိုက်လျောခဲ့ရတဲ့ဇာတ်လမ်းလေးပါ။

ဟိုတုန်းက (၇၂ - ၇၃)ခုနှစ်လောက်က သီချင်းအဖြစ်ရေးသားပြီး ရွှေကြယ်ငွေကြယ်စတဲ့စကားလုံးတွေပါနေလို့ ဆင်ဆာကို မတင်ဖြစ်လိုက်ဘဲ ချန်ထားတဲ့သီချင်းတစ်ပုဒ်ပါ။ အခုအခွင့်သာလို့ ပြန်တင်ပြရတဲ့သဘောပါ။ကျွန်တော်စာရေးသူဘ၀ကတော့ အဆင်မပြေမှုတွေကြားထဲကနေ အခကြေးငွေရယ်လို့ ရသင့်တာလဲမရ ။ မရသင့်တာ ဆိုပိုဝေးပြီပေါ့။ အဲဒီလိုအခြေအနေမျိုးမှာ အထူးသဖြင့် ဝေဖန်တာကိုတော့ တစ်ဖက်သက်ချည်းပဲခံပြီး ဆက်လုပ်လာရတာပါ။ ဒီကြားထဲမှာ ထွက်လာတဲ့သီချင်းတွေကို အားပေးနေကြတဲ့ပရိတ်သတ်ရဲ့ အင်အားကို ကိုးစားစောင့်မျှော်ရင်းနဲ့ဆက်ရေးဖြစ်ခဲ့တာပါ။ အရေးကြီးတာကတော့ ကိုယ်မှန်တယ်ထင်သရွေ့ ကိုယ်ရေးနိုင်ခဲ့ရင် ၊ သီချင်းဖြစ်ခဲ့ရင်ပြီးတာပဲဆိုပြီး မျက်စိမှိတ်လုပ်ခဲ့တာပါ။ မျှော်လင့်ချက်ကို မျက်ခြေမပြတ်ပါစေနဲ့။ ဘယ်တော့မှမပျောက်စေနဲ့ဆိုတဲ့ တစ်ခုတည်းသောရည်မှန်းချက်ကို ခိုင်ခိုင်မာမာချမှတ်နိုင်ဖို့ပါပဲ။

နိဂုံး

သီချင်းရေးသမားဘ၀ကိုခံယူပြီး တစိုက်မတ်မတ်လုပ်ခဲ့တာ ယနေ့ထက်တိုင်ပါပဲ။ ဒီအလုပ်က ပြီးသွားပြီ နားရပြီဆိုတာမရှိခဲ့ပါဘူး ၊ ခုတော့ဒီအစည်းအဝေးကြီးက ယုံကြည်မှုသာ တကယ်တည်ဆောက်ပြီး ပေးစွမ်းခဲ့တယ်ဆိုရင် အားလုံးအတွက်လုပ်ကိုင်ခဲ့တာတွေ တစ်ပိုင်းတော့ပြီးသွားနိုင်လောက်ပါတယ်။ ဖြစ်ပါစေလို့လဲ ဆုတောင်းရင်းနဲ့ပဲ နိဂုံးချုပ်ပါရစေ။

အားလုံးကိုကျေးဇူးတင်ပါတယ်

credit: ဒေါက်တာစိုင်းခမ်းလိတ်

 ရာသီပြောင်းချိန်သီခြင်း ဒေါင်းရန်
 http://www.mediafire.com/download/vkjpom82a6xndrl/21+Yar+Thi+Pyong+Chain.flv

7/25/2013

အိုစမာ ဘင် လာ ဒင် ၏အေကေ-၄၇


ဂျူလိုင်လ ၂၄ရက်တွင်'Secret' CIA museum features Osama bin Laden's AK-47 အမည်ဖြင့် ယူကျုတွင် mickystone10 တင်ထားသော ဗီဒီယို ကလစ်။


အိုစမာ ဘင် လာ ဒင် ဆို တာ ဘယ် သူလဲ


နိုင်ငံတကာ အကြမ်းဖက် မှု များ ကို ကျုးလွန် ပြီး အကြမ်းဖက်အဖွဲ့ များ ကို ငွေကြေး စိုက်ထုတ်ပေး ခဲ့သူအိုစမာဘင်လာဒင်ကို ၁၉၅၇ ခုနှစ်တွင် မွေးဖွါးသည်။
ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် အခြေစိုက်သော ယီမင် နိုင်ငံ သား ဆောက် လုပ်ရေး
လုပ်ငန်းရှင် မိုဟာမက် ဘင်လာဒင်၏ သားသမီး ၅၂ ယောက် အနက်မှ ၁၇ ယောက် မြောက် သား ဖြစ်သည်။
မိုဟာမက် ဘင်လာဒင်သည် သားသမီး များ ကို ဆော်ဒီအာရေး ဗီးယား နိုင်ငံ မှ ထိပ် တန်း တက္ကသိုလ်များ တွင် ပညာ သင်ကြား စေခဲ့သည်။
ဘင်လာဒင် သည် တက္ကသိုလ် တွင် ပါလက်စတိုင်း လူမျိုး ပါမောက္ခ အစ္စလာမ် ၀ါဒ သုတေသီ
အဗ္ဗဒူလ် လာ အာဇမ် နှင့် တွေ့ ဆုံ ပြီး နောက် ပိုင်း တွင် ထို ပါမောက္ခ တည် ထောင် ထားသည့်
မူဂျာဟေဒင် အဖွဲ့ များ ကို ငွေကြေး ထောက်ပံ့မှု များ ပြုခဲ့သည်။ အာဇမ်၏ မူဂျာဟေဒင် အဖွဲ့ များသည် နောက် ပိုင်း တွင် ဆိုဗီယက် ကျူးကျော်မှု ကို တွန်းလှန်နေသည့် အာဖဂန် နစ္စတန် တပ်ဖွဲ့ များ ဘက်မှာ ၀င်ရောက် တိုက်ခိုက် ရာ ဘင်လာဒင် လည်း ထိုအဖွဲ့ 
တွင် လိုက်ပါသွား ခဲ့ပြီး အာဖဂန် စစ်မြေပြင် ကို ရောက် ရှိခဲ့သည်။ ထိုအချိန် တွင် ဘင်လာဒင် ၏
အသက် သည် ၂၂ နှစ် သာရှိသေးသည်။


အမေရိကန်ကို ထိပ်ပုတ်ကစားသည့် ဘင်လာဒင်
၁၉၉၁ - အာဖဂန်မှဆိုဗီယက်တပ်များကို ပြောက်ကျားစစ်ဖြင့်အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ထောက်ခံသည့် လှုံ့ဆော်မှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ဘင်လာဒင်သည်ကန်ပြည်
ထောင်စုကိုရော သူ့အမိနိုင်ငံဆော်ဒီအာရေဗျကိုပါ ဆန့်ကျင်ခဲ့သည်။

ပင်လယ်ကွေ့စစ်ပွဲအတွင်းက ကန်တပ်များ ဆော်ဒီအာရေဗျနိုင်ငံထဲ စခန်းချထားမှုကို ဘင်လာဒင်က ကန့်ကွက်ခဲ့သည်။
၁၉၉၆ - ဘင်လာဒင်သည် ဆူဒန် နိုင်ငံမှနေ၍ အယ်လ်ဂျီးရီးယားနှင့် အီဂျစ်ကဲ့သို့သောနိုင်ငံများရှိ အစ္စလမ္မစ် အစွန်းရောက်အဖွဲ့များကို ထောက်ပံ့မှု ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံ အချို့က သူ့ကိုနှင်ထုတ်ခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် အခြေခံဝါဒီ တာလီဘန်တို့ကျဆုံးသွားပြီးနောက် သူနှင့် သူ၏ အယ်လ်ကေဒါအဖွဲ့ ထပ်မံပေါ်ပေါက်လာပြန်သည်။
၁၉၉၈ - အာဖရိကတိုက်အရှေ့ပိုင်း ရှိ ကင်ညာနှင့် တန်ဇန်းနီးယားနိုင်ငံတို့မှ အမေရိကန်သံရုံးများ ဗုံးခွဲတိုက်ခိုက် ခံရပြီးနောက် အမေရိကန်တရားရုံး တစ်ရုံးက ဘင်လာဒင်ကို အမေရိကန် နိုင်ငံသားများအားသတ်မှုဖြင့် မျက်ကွယ်တွင် တရားစွဲဆိုခဲ့သည်။

၂၀၀၁ - စက်တင်ဘာလ ၁၁ ရက် နေ့တွင် အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ပြီးသောအခါ ဘင်လာဒင်၏ နာမည်သည် ကမ္ဘာတစ်ဝန်းရှိ အာဏာပိုင်များ အလိုအရှိဆုံးထိပ်တန်းစာရင်းဝင်လာသည်။
အမေရိကန်သမ္မတ ဂျော့ဒဗ္ဗလျူ ဘွတ်ရှ်က ဘင်လာဒင်ကို အသေရရ၊ အရှင်ရရ အလိုရှိကြောင်းကြေညာသည်။ ဘင်လာဒင်ကို မိအောင်သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ ၂၅ သန်း ဆုငွေပေးမည်ဟုလည်း အမေရိ ကန်ပြည်ထောင်စုက ကြေညာသည်။
ဒီဇင်ဘာလတွင် အမေရိကန်ဦးဆောင်သည့်တပ်များ အာဖဂန်နစ္စ တန်နိုင်ငံမှ တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ဘင်လာဒင် ပုန်းအောင်းနေသည်ဟုထင်ရသော အစွန်အဖျား တောင်တန်းဒေသများကို တိုက်ခိုက်ခဲ့ သော်လည်း ဖမ်းမမိခဲ့ချေ။
၂၀၀၂ - ဘင်လာဒင် အသက်ရှင် လျက်ရှိကြောင်း ဗီဒီယိုတိပ်ခွေအသစ် တစ်ခုထွက်လာသည်။ မည်သည့်အချိန် တုန်းက ရိုက်ကူးခဲ့ သည်ကိုကား အတည်ပြုနိုင်ခြင်းမရှိပေ။
၂၀၀၂-၂၀၀၅ - ဘင်လာဒင်၏ ယုံကြည်စိတ်ချရဆုံး အနီးကပ်ပုဂ္ဂိုလ် များဖြစ်သော အဘူဇူဘေဒါနှင့် ခါလစ် ရှိတ်မိုဟမ္မက်တို့အပါ အ၀င် စစ်သွေးကြွတသီတတန်းကြီးကို ပါကစ္စတန်နိုင်ငံ က ဖမ်းဆီးခဲ့သည်။ ခါလစ်ရှိတ်မိုဟမ္မက်သည် စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှုကို စည်းရုံးခဲ့သူဟု ယုံကြည်ကြသည်။
၂၀၀၃ - အီရတ်နိုင်ငံသည် လူအများအပြားသေစေနိုင်သည့် လက်နက်ကြီး များထုတ်လုပ်နေသည်၊ အယ်လ်ကေဒါအဖွဲ့ကိုလည်း ကူညီနေသည်ဟု အမေ ရိကန်အရာရှိတို့၏ အဆိုအရ အမေရိ ကန်ပြည်ထောင်စုသည် အီရတ်နိုင်ငံ ထဲသို့ဝင်တိုက်ခဲ့သည်။
၂၀၀၄ - ပါကစ္စတန်နိုင်ငံသည် ဘင်လာဒင်နှင့် သူ၏လက်ထောက် အေမန်အယ်လ် ဇ၀ါဟီရီပုန်းအောင်း နေသည်ဟုထင်ရသော အာဖဂန်နယ် ခြားအနီးရှိဒေသမှ အယ်လ်ကေဒါ တပ်သားများဟု သံသယရှိသူများကို စစ်ဆင်မှုများ စတင်ပြုလုပ်ခဲ့သည်။ သို့သော် ၎င်းတို့ကို ဖမ်းမိခြင်းမရှိပေ။
၂၀၀၅ - မိမိတို့ထောက်လှမ်းရေး အဖွဲ့များသည် ဘင်လာဒင်အား တစ်နှစ်နီးပါး ခြေရာခံလိုက်ရှာခဲ့သော်လည်း သတင်းအစအန ပင်မရဟု ပါကစ္စတန် နိုင်ငံက ကြေညာသည်။ အာဖဂန်နစ္စ တန်သမ္မတ ဟာမစ်ကာဇိုင်းကမူ ဘင်လာဒင်သည် အာဖဂန်နစ္စတန်နိုင်ငံ
၌ မရှိဟုဆိုသည်။

၂၀၀၆ - ထိုစဉ်က ကန်ထောက်လှမ်းရေး အကြီးအကဲ ဂျွန်နီဂရိုပွန်တီက ဘင်လာဒင်သည် အာဖဂန်-ပါကစ္စတန်နယ်ခြားတွင် လှုပ်ရှား နေသည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တိုက် ခိုက်မှုဖြစ်ပွားခဲ့သည်မှာ ငါးနှစ်ကြာ သောအခါ ကန်ကွန်ဂရက် လွှတ်တော်သည် ဘင်လာဒင်အား ရှာဖွေ၊ ဖမ်းဆီးနိုင်ရေးအတွက် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ကန်ဒေါ်လာ သန်း ၂၀၀ ခွင့်ပြုခဲ့သည်။
သို့သော်ငြားလည်း ပြင်သစ်ထောက်လှမ်းရေးတပ်ဖွဲ့ အစီရင်ခံစာကမူ ဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံ၌ အူရောင်ငန်းဖျားရောဂါဖြင့် ကွယ်လွန်သွားပြီဟုဆိုသည်။
၂၀၀၇ - စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှု ခြောက်နှစ်အကြာတွင် ဘင်လာဒင်က အသေခံတိုက်ခိုက်သူ တစ်ဦးအားချီးကျူးသည့် ဗီဒီယိုအခွေ ထွက်လာသည်။
၂၀၀၉၊ ဇူလိုင် - ယခုနှစ်စောစော ပိုင်းတွင် ပါကစ္စတန်နိုင်ငံ၌ အမေရိကန်ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ဘင်လာဒင်သားတစ်ဦး သေဆုံးသွားကြောင်း ကန် တန်ပြန်အကြမ်းဖက်မှု စစ်ဆင်ရေးအရာရှိ တစ်ဦးက ပြောကြားသည်။
၂၀၁၀ - ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ရာဇဂီလာနီက ဘင်လာဒင် သည် သူ့နိုင်ငံထဲ၌မရှိကြောင်းပြော ကြားသည်။ စီအိုင်အေ အကြီးအကဲ လီယွန်ပါနက်တာက ဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံ တိုင်းရင်းသားလူမျိုးစု များနေထိုင်ရာဒေသတွင် ကောင်းစွာ အစောင့်အရှောက်ခံရပြီး ပုန်းအောင်း နေကြောင်း ပြောကြားသည်။


၂၀၁၁၊ မေလ - အစ္စလမ္မာဘတ်မြို့မြောက်ဘက်အနီးရှိ အဘော့တာ ဘတ်မြို့တွင် ကွန်မန်ဒိုစစ်ဆင်ရေးတစ်ခုပြုလုပ်စဉ် ကန် ပြည်ထောင်စုသည် ဘင်လာဒင်ကိုသတ်ဖြတ်ခဲ့ပြီး ၎င်း၏အလောင်းကိုရခဲ့ကြောင်း အမေ ရိကန်သမ္မတ ဘာရက်အိုဘားမားက ကြေညာသည်။
 ယခုယူကျု ကလစ်ပါ ဘင် လာ ဒင် ၏အေကေ-၄၇ကို အဆိုပါစစ်ဆင်ရေးမှ ရရှိခဲ့သည်ဟု ဆိုသည်။




7/16/2013

၁၉၇၃ ခုနှစ် အသက် ၃၂ နှစ်အရွယ် တွင် ကွယ်လွန်ခဲ့သော ကွန်ဖူးမင်းသား ဘရုစ်လီ ၏ စွမ်းရည်များအမှတ်တရ။





ပင်ပေါင်ကို နံကျပ်ကူနဲ့ရိုက်တဲ့ ဘရုစ်လီ.





ဘရုစ်လီ၏ “ဂျိကွန်ဒို“တိုက်ခိုက်ရေး နည်းပညာသိုင်းကျမ်း


ဘရုစ်လီ၏ အညွှန်းစကားများ

၁) ဗဟုသုတက သင့်ကို တန်ခိုးစွမ်းအားတွေပေးလိမ့်မယ်... ဒါပေမဲ့ ကိုယ်ကျင့်တရားကသာ သင့်ကို အလေးစားခံရအောင် ပြုလုပ်ပေးနိုင်တယ်...
၂) သင့်ဘဝကို တကယ်နှစ်သက်မြတ်နိုးတယ်ဆိုရင် အချိန်ကိုမဖြုန်းပါနဲ့... ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာ အချိန်နဲ့တည်ဆောက်ထားလို့ပါပဲ...
၃) အခြေအနေတွေကို အလဲထိုးဖို့ အခွင့်အရေးကို ကျွန်တော်ဖန်တီးတယ်...
၎) ဝါးပင်တွေ မိုးမခပင်တွေဟာ လေနဲ့အတူလိုက်ကွေးညွှတ်နေချိန်မှာ မားမားမတ်မတ်ရပ်တည်နေတဲ့ အမာဆုံးသစ်ပင်တွေဟာ ကျိုးပဲ့ဖို့အလွယ်ကူဆုံးဖြစ်တယ်ဆိုတာကို သတိပြုပါ...
၅) သင်တွေးထင်ထားသလို သင်ဖြစ်လာပါလိမ့်မယ်....
၆) သက်တောင့်သက်သာ ဘဝကိုရဖို့ ဆုမတောင်းပါနဲ့ ခက်ခဲတဲ့အရာတစ်ခုကို ကြံ့ကြံ့ခံနိုင်ဖို့ ကြံ့ခိုင်သန်စွမ်းတဲ့ဘဝကိုရဖို့ ဆုတောင်းပါ...
၇) အမှားကိုဝန်ခံဖို့ သတ္တိရှိတဲ့သူရဲ့ မှားယွင်းမှုတွေကို အမြဲခွင့်လွှတ်နိုင်ပါတယ်...
၈) ခင်ဗျားရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်ဒီကမ္ဘာမှာရှိနေတာမဟုတ်ဘူး... ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ခင်ဗျားရှိနေတာလည်း မဟုတ်ဘူး...
၉) အသိနဲ့မလုံလောက်ဘူး အသုံးချမှုရှိရမယ်... ဆန္ဒနဲ့မလုံလောက်ဘူး အလုပ်ရှိရမယ်...
၁၀) ကိစ္စတစ်ခုအတွက် စဉ်းစားဖို့အချိန်အများကြီးယူနေမယ်ဆိုရင် သင်ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ဘူး...
၁၁) ရှုံးနိမ့်ခြင်းဆိုတာ စိတ်ရဲ့သတ်မှတ်ချက်တစ်ခုပါပဲ... တကယ်ရှုံးသွားပြီလို့ လက်မခံသေးသ၍ ဘယ်တော့မှ မရှုံးနိုင်ပါဘူး...
၁၂) ကျွန်တော်တို့အားလုံးမှာ သုံးဖို့နဲ့ ဖြုန်းဖို့ အချိန်တွေရှိကြပါတယ်... ရတဲ့အချိန်ကိုဘာလုပ်မလဲဆိုတာ သင့်ဘာသာဆုံးဖြတ်နိုင်ပါတယ်... ဒါပေမဲ့ ကုန်ဆုံးသွားတဲ့အချိန်ကိုတော့ ဘယ်တော့မှ ပြန်မရနိုင်ပါဘူး....

7/15/2013

နေပြည်တော် ရန်ကုန် အမြန်လမ်းပိုင်း



ကျွန်တော်လည်း ရေးမယ်ရေးမယ် စိတ်ကူးပြီး မရေးဖြစ်ခဲ့တဲ့ စာတစ်ပုဒ်ကို ရေးသားလိုက်ပါတယ်။ ကျွန်တော်ဟာ နေပြည်တော် ရန်ကုန် အမြန်လမ်းပိုင်းကို တရားဝင် စတင်မဖွင့်လှစ်ခင်ကတည်းက သွားရောက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက တိုးဂိတ်တွေတောင် မဆောက်ရသေးပါဘူး။ တစ်လမ်းလုံးမှ ကိုယ့်ကား တစ်စီးတည်းလား ထင်ရအောင် ဘယ်သူမှ မဖြတ်သေးတဲ့အချိန်ပေါ့။ ခုချိန်အထိဆိုရင် အဲဒီလမ်းကို ကျွန်တော်ကားမောင်းတာ အခေါက်ရေး အသွားအပြန်ဆို ၄၀၀ လောက်ရှိပြီဖြစ်ပါတယ်။

ကျွန်တော် အဲဒီလမ်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လမ်းဖောက်ထားမှုပိုင်းဆိုင်ရာမှာ အကြောင်းအမျိုးမျိုးကြောင့် (ခုချိန်မှာတော့ ဘယ်လူကြီးကြောင့်ဆိုပြီး အပစ်တင်တာမျိုး မလုပ်ချင်တော့လို့ပါ) လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိတယ်ဆိုတာကို သတိထားမိပါတယ်။ ဆိုပါစို့ မိုင်တိုင်အမှတ် ၁၇၀ ကနေ ၁၉၀ ကြားဆို မြေသားက အရမ်းပျော့ပြီး ခင်းထားတဲ့ အင်္ဂဒေဟာ တစ်ခါတစ်ခါ နိမ့်လိုက်မြင့်လိုက်နဲ့ ဖြစ်တတ်ပါတယ်။ ကျွန်တော့်မိတ်ဆွေ နိုင်ငံခြားသားတစ်ဦးတောင် အဲဒီလမ်းဖြတ်ရင်းနဲ့ တင်စားသွားပါသေးတယ် မင်းတို့နိုင်ငံမှာ ကမ္ဘာ့အရှည်ဆုံး ရိုလာကိုစတာရှိတယ်တဲ့။ ထားပါတော့ ကျွန်တော်ပြောချင်တာ လမ်းဆိုးတယ် ကောင်းတယ်ဆိုတာထက် လမ်းသွားရင် အန္တရယ်ကင်းရှင်းစေရေးပါ။





နေပြည်တော်လမ်းမှာ ယခုနောက်ပိုင်း အနိမ့်ဆုံး တစ်ရက်ကို တစ်စီးစာ တိမ်းမှောက်မှုဖြစ်ပွားပါတယ်။ သေကြေ ဒဏ်ရာရမှုလည်း နိမ့်ကျသွားတယ် မရှိပါ။ အဲဒီလိုဆိုတော့ကား သေချာဆန်းစစ်ကြည့်မယ်ဆိုရင် ယခုနောက်ပိုင်း ယာဉ်အန္တရာယ်ဖြစ်ပွားမှုဟာ လမ်းခင်းမှုစနစ်ကြောင့် ဖြစ်ပွားမှုထက် ယာဉ်မောင်းသူများရဲ့ အားနည်းချက်ကြောင့် ဖြစ်တဲ့ဖြစ်စဉ်က ပိုများပါတယ်။

အမြန်လမ်းသွားမယ်ဆိုရင်တော့

၁။ မိမိကားတာယာကို သေချာစစ်ဆေးဖို့လိုပါတယ်။ ကတ္တရာခင်းထားတာ မဟုတ်ပဲ အင်္ဂဒေခင်းထားတာဖြစ်တာကြောင့် တာယာ မကောင်းပါက တာယာပွင့်တာများပါတယ်။ ကျွန်တော်ဆိုရင် ၃ လ သို့မဟုတ် ၄ လ လောက်တစ်ကြိမ် တာယာ ၄ လုံးစလုံး အသစ်လဲပြီးမှသွားပါတယ်။ ကျွန်တော် အဲဒီလမ်းကို အသုံးပြုနှုန်းဟာ တစ်ပါတ်ကို အနည်းဆုံး အသွားအပြန် ၂ ကြိမ်ကနေ ၆ ကြိမ်အထိသွားရပါတယ်။


၂။ မိမိကား အောက်ပိုင်း ကြံ့ခိုင်မှုကောင်းမကောင်း၊ ယာဉ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ဆီ ရေ လေ ဝိုင်တွေ စစ်ဆေးဖို့လိုပါတယ်။ တစ်ခါဆိုရင် လွန်ခဲ့တဲ့ ၉ လာလောက်က ကျွန်တော့်ကား အောက်ပိုင်းကြံ့ခိုင်မှု အားနည်းလို့ ကားမောင်းရင်း ရေဝတ်တဲ့နေရာမှာ ပါသွားကာ ၃ ပါတ်လည် သွားဖူးပါတယ်။ ကံကောင်းလို့မသေခဲ့တာပါ။ ဝေဟင်ချစ်သူ စာမျက်နှာ မပြုလုပ်ခင် ၂ ပါတ်လောက်အလိုကပေါ့။ နောက်ပိုင်း အဲဒီကားကို ရောင်းပြီး ကားအသစ်လဲခဲ့ရပါတယ်။

၃။ ကားမောင်းတဲ့အခါမှာ မိမိ speed ကို မိမိသတိအမြဲထားဖို့လိုပါတယ်။ ကျွန်တော်ကတော့ kilo 100 ကို setup ချပြီး cruise control ဖွင့်မောင်းပါတယ်။ cruise မပါတဲ့ ကားကို မောင်းပြီဆိုရင်လည်း မိမိကားရဲ့ console ကို အမြဲတမ်းကြည့်ပြီး rpm နဲ့ speed ကို အမြဲစစ်ဆေးပါတယ်။

၎။ နောက် လူနဲ့သက်ဆိုင်ပါပြီ အဲဒါက ကားမောင်းရင် ဘယ်တော့မှ အိပ်မငိုက်ဖို့ပါပဲ။ လမ်းက ရှည်ပြီး မြို့ရှောင်ဖြစ်တော့ တစ်ဦးတည်းဆိုရင် အလွန် အိပ်ငိုက်လွယ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလမ်းကို မောင်းတာ မောင်းကျင့်ဖြစ်သွားတော့ အိပ်မငိုက်အောင် ထိန်းနိုင်ပါတယ်။ သို့ပေမယ့် ခုမှ စတင်မောင်းမယ်ဆိုရင်တော့ အိပ်ငိုက်တာမရှိအောင် ဘေးကတစ်ယောက်ယောက်ကို စကားပြောခိုင်းဖို့လိုမှာပါ။

၅။ ကားလမ်းမှာ လမ်းပြောင်းပြန် စည်းကမ်းမဲ့ သွားနေတဲ့ လူ၊ ဆိုင်ကယ်၊ စက်ဘီးတို့ကို သတိထားရမှာဖြစ်ပါတယ်။ ဆိုင်ကယ်တွေက လမ်းချိုးတွေ တံတားထိပ်တွေမှာ ဖြတ်ထွက်တတ်ပါတယ်။ အဲဒါ သတိထားရမယ့်အန္တရာယ်ပါ။ အမြန်လမ်းဥပဒေအရ မောင်းနေတဲ့ကားက လူ ဆိုင်ကယ် စက်ဘီးတို့တိုက်မိလို့ လူသေဆုံးတောင် ယာဉ်မောင်းဘက်က အမှန်ပြုလုပ်ပေးထားပါတယ်။ တရားဝင်အရ လူ ဆိုင်ကယ် စက်ဘီးတို့ ပေးမတက်ပါ။ သို့ပေမယ့် ယခုတိုင် စည်းကမ်းမဲ့ သွားနေကြဖြစ်လို့ အန္တရာယ်များတုန်းပါပဲ။

၆။ ကျွဲ နွား ခွေး တိရိစ္ဆာန်တွေကြောင့်လည်း ဖြစ်ပါတယ်။ တစ်ခါဆို ညဖက်ကြီး မှောင်မှောင်မဲမဲထဲ ကျွန်တော်ကားမောင်းနေတုန်း ကျွဲတစ်ကောင်ဖြတ်ပေးလို့ ကားကို လမ်းဘေးထိုးဆင်းလိုက်ရတယ် ကံကောင်းလို့ မမှောက်တာ နောက် လမ်းဘေးကလည်း ချောက်မဟုတ်ဘဲ လမ်းချောနေလို့ မဟုတ်ရင်တော့ သွားပြီပဲ။ တစ်ခါ ဘေးက ကျော်တက်တဲ့ကားက ရှေ့ကပြေးတဲ့ ခွေးကိုဝင်တိုက်တာ ကားဘန်ပါ ပြုတ်ထွက်သွားပြီး ဘန်ပါရော ခွေးရော ကံကောင်းလို့ ကျွန်တော့်ကားကို လာမမှန်တယ်။ အဲဒီ တိရိစ္ဆာန်တွေကိုလည်း သတိထားရပါ့မယ်။

၇။ ကားမောင်းရင် အရက် ဘီယာ ဆေးလိပ် နှင့် အခြား မူးယစ်စေတဲ့ အရာတွေ လုံးဝမသောက်ဖို့လိုပါတယ်။ အလွန်တရာမှ အန္တရာယ်ကြုံတွေ့ လွယ်စေပါတယ်။

၈။ နောက်တစ်ခုက လမ်းပြုပြင်တဲ့ နေရာတွေမှာပါ အဲဒီနေရာတွေမှာ လူတွေဟာ ထွက်ထွက်လာတတ်သလို လမ်းပြုပြင်တဲ့ ဆိုင်းဘုဒ်တွေကို ညဖက် မမြင်မစမ်းနဲ့ ဝင်တိုက်တတ်ပါတယ်။

၉။ ကားမောင်းတဲ့အခါ နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် လမ်းလယ်မှာထားတဲ့ ရောင်ပြန် မီးခြောက်များကို ဘီးဖြင့်တက်မကျိတ်ပါနဲ့ တတ်နိုင်သလောက်ရှောင်မောင်းပါ။ အဲဒီမီးခြောက်တွေက တာယာတွေကို ပွတ်တိုက်မိပြီး ကွဲစေပါတယ်။

၁၀။ ယာဉ် ကျော်တက်မယ်ဆိုရင် တစ်ဖက်ယာဉ်က ကိုယ့်ကို မြင်မမြင် သေချာစမ်းစစ်ပါ။ ကိုယ်ကျော်တက်နေတုန်း တစ်ဖက်ယာဉ်က နောက်ကြည့်မှန်မကြည့်ပဲ ကိုယ့်ကို ဝင်တိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်တတ်လို့ပါ။

ဒီ ၁၀ ချက်က တော့ ယာဉ်မောင်းတွေ ကိုယ်တိုင် သတိထားရမယ့် အချက်တွေပါပဲ များသောအားဖြင့် အထက်ပါ အချက်တွေကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်စေတာပါ။

ခု လမ်းပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ယာဉ်အန္တရာယ်ဖြစ်စေတာကို ဆက်ရေးသားပါဦးမယ်။

၁။ လမ်းတွေဟာ အကွေ့တွေမှာ ဖြည်ထားတာနည်းပါတယ် တစ်ချို့နေရာဆို လုံးဝဖြည်မထားပါ ဒါကြောင့် high speed နဲ့ မောင်းလာမယ်ဆိုရင် စတီယာယင်ကို မနိုင်တဲ့အခါ ကားပါသွားပါတယ် အဲဒီအချိန်မှာ ကြောက်လန့်ပြီး break ကို နင်းတဲ့အခါ ကားလည် ထွက်သွားပါလိမ့်မယ် ကားကွေ့နေရင် ဘယ်တော့မှ high speed နဲ့ break နင်းပြီး မကွေ့ပါနဲ့ high speed ကို မောင်းနေရင်လည်း အကွေ့ကို လှမ်းတွေ့နေတာနဲ့ အရှိန်ရှော့ထားပါ။

၂။ လမ်းတွေဟာ အကွေ့ပြီးတာနဲ့ တံတားလာပါတယ်။ အလွန်ကြောက်ဖို့ကောင်းပါတယ်။ တစ်ချို့တံတားဆိုရင် နက်ပါတယ် အောက်မှာ ချောက်ပါ ကားက အကွေ့မှာ ပါသွားမယ် break လည်းနင်းလို့ ကားလည်သွားပြီး ချောက်ထဲကတာတွေ အများကြီးဖြစ်ဖူးပါတယ်။

 













၃။ လမ်းမျက်နှာပြင်ဟာ မညီညာပါဘူး။ မြေသားကို သေအောင်ထားမယ့်အစား အောက်ခြေမြေသားမသေမီ အချိန်မီပြီးအောင်လုပ်ရတဲ့အတွက် လမ်းတွေဟာ မြေပျော့တဲ့နေရာဆို နိမ့်ဝင်နေတတ်ပါတယ်။ အဲဒီအချိန်မှာ ကားဟာ မြောက်တက်လိုက် ပြန်ဆောင့်လိုက်ဖြစ်ပြီး တိမ်းမှောက်တတ်ပါတယ်။ နောက် ကားအောက်ပိုင်း ရှော့ဘားတွေလည်း ပြုတ်ထွက်တာ တိုက်ရော့ ပြုတ်တာတွေ ဖြစ်တတ်ပါတယ်။

၎။ ညဖက်တွေမှာ အခုဆိုရင် ရောင်ပြန်တွေ လမ်းမီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ရှသွားတာ ပျက်စီးသွားတာတွေ ဖြစ်ပါတယ် အဲဒါကြောင့် သွားနေကြမဟုတ်ရင် ညဖက်မသွားတာ အကောင်းဆုံးပါပဲ။

၅။ မိုးရွာတဲ့အခါ ရေတအား ဝတ်ပါတယ် အဲဒီရေက ကားကို လည်သွားစေပြီး လမ်းဘေး သို့မဟုတ် လမ်းလယ်ကျွန်းကို ဝင်တိုက်မိတတ်ပါတယ်။ နောက်ပြီး လမ်းဘေးကို ကားသိပ်မကပ်ပါနဲ့ လမ်းဘေးမှာ မိုးရာသီဆိုရင် ရေညှိတက်ကာ လမ်းချောတတ်လို့ အန္တရာယ်များပါတယ်။ ကိုယ်တွေ့ပါ ကျွန်တော်ဆို ၁ ဖာလုံလောက် ကား ၃ ပါတ်လည် လွင့်သွားဖူးပါတယ်။ ကံကောင်းလို့ မသေခဲ့တာပါ။

အခု ဖော်ပြခဲ့တာတွေကတော့ ကျွန်တော် မောင်းခဲ့တဲ့ အတွေ့အကြုံအရ ဖြစ်ပွားတတ်တဲ့ အန္တရာယ်တွေနဲ့ ကျွန်တော့် ကိုယ်တွေ့ဖြစ်စဉ်တွေပါပဲ ခုဆိုရင် ကျွန်တော် နေပြည်တော်လမ်းသွားခါနီးတိုင်း အမြဲတမ်းသတိဝီရိယထားပြီး သွားနေတုန်းပါပဲ။ တတ်နိုင်သလောက် အရှိန်လျော့မောင်းပါ အလျင်မလိုပါနဲ့ ကားအောက်ပိုင်းနဲ့ တာယာကို သေချာစစ်ပါ။ အိပ်မငိုက်ပါနဲ့ အရက်မသောက်ပါနဲ့ မူးယစ်စေသောအရာကို မမှီဝဲပါနဲ့ ဒါဆိုရင်တော့ ထိုက်သင့်သလောက် စိတ်ချရမှု ရပါပြီ။

သို့ပေမယ့် ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လို့ သွားခါနီးတိုင်း ပြန်ရောက်တိုင်း အမြန်လမ်းမှ ၃၁ ပုံသတ္တဝါအားလုံးကို မေတ္တာပို့ အမျှဝေပြီးမှ သွားပါတယ်။ ဒါကလည်း ကျွန်တော့်ရဲ့ ဆရာတစ်ဦးရဲ့ ဆိုဆုံးမမှုနဲ့အတူ ဘုရား တရား အာရုံပြုပြီး အမျှဝေဖြစ်ခြင်းပဲဖြစ်ပါတယ်။

အမြန်လမ်းကိုမောင်းမယ်ဆိုရင် အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
 
ဝေဟင်ချစ်သူမှ ဆင့်ပွါး ဖော်ပြပါသည်

7/13/2013

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာ



ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာ အပေါ်မှာ နိုင်ငံတော်အစိုးရ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ နိုင်ငံရေးပါတီကြီးတွေ တိုင်းချစ် ပြည်ချစ် မျိုးနွယ်ချစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တိုင်းရင်းသားလူမျိုးဘာသာမရွေး မြန်မာပြည်သားအားလုံး အရေးတယူ အလေးမူမှဖြစ်တော့မယ် အခြေအနေကို ရောက်လာပါဘီ။
ဦးစွာပဌမ ရှင်းအောင်ပြောလိုတာက ရိုဟင်ဂျာ ပြဿနာလို့ ကျနော်ပြောတာ မွတ်ဆလင်ဆန့်ကျင်ရေးထဲ ဆွဲသွင်းမွှေဖွ မပြုကြပါနဲ့။ မြန်မာပြည်ကမွတ်ဆလင်ဘာသာဝင် မြန်မာပြည်သားများအားလုံးကို အသိအမှတ်ပြုရုံမက လေးစား ချစ်ခင်ကြောင်း ရိုးသားစွာပြောလိုပါတယ်။
အဓိကအားဖြင့် တရားဥပဒေ စိုးမိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်း အဖြစ် တခြားနေရာ တွေမှာ ပြန့်မသွားကြဖို့ လက်ရှိ အဓိကရုဏ်း ကို ရပ်တန့်ဖို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ကလဲ့စားချေတာ တွေရပ်ဖို့ လက်ငင်းလိုအပ်ချက်တွေ ဆောင်ရွက်ရင်း လူ့အခွင့်အရေးနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာတွေထက် အရင်းအမြစ်ကျတဲ့ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်လာတာကို သတိမူဖို့လိုပါသည်။

အဓိကကျတဲ့ အကြောင်းကတော့ အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးပြဿနာဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရခါစက အခုလိုပဲ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ကြတဲ့အခါ ဘင်္ဂါလီ ခေါင်းဆောင်တွေဟာ ဘာသာရေးစစ်ပွဲ ဂျီဟတ်ကိုဆင်နွှဲဖို့ နှိုးဆော်ခဲ့ပါတယ်။ ဒီလိုနဲ့ မူဂျာဟစ်သူပုန်ဆိုတာဖြစ်လာပြီး ၁၉၅၄ခုလောက်အထိ ထကြွ သောင်းကြမ်းခဲ့ပါတယ်။ ၁၉၆၀ခုနှစ်နောက်ပိုင်းကျတော့ မူဂျာဟစ်ကနေ ရိုဟင်ဂျာဆိုပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လာပြန်ပါသည်။

Rohingya Youth- Rohingya Student။- Rohingya Organization- စသည်စသည်ကနေ စစ်တပ်က အာဏာသိမ်းပီးတဲ့နောက် မြေအောက်ရောက်သွားပြီး ခွဲထွက်ရေးတောင်းဆိုသောင်းကျန်းပြန်လို့ ၁၉၇၈ ခုနှစ်မှာ နဂါးမင်းစစ်ဆင်ရေးနဲ့ နှိပ်ကွပ်ခဲ့သည်။ ၁၉၉၀ မှာ နောက်မျိုးတဆက် စစ်တပ်က အရပ်သား ရိုဟင်ဂျာတွေကိုပါ မောင်းထုတ်ခဲ့ပီး ၁၉၉၄ မှာ မောင်းတောဒေသအတွင်း စစ်ရေးလှုပ်ရှားလာတဲ့ Rohingya Solidarity (RS) ကိုလဲ နှိမ်နှင်းခဲ့ရပါသည်။
စစ်ရေးအရ တော်လှန်စစ် မဆင်နိုင်တာကြောင့် အာဖဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံတွေထဲက အကြမ်းဖက် အုပ်စုတွေနဲ့ ဆက်သွယ်ခဲ့သည်။ ပါကစ္စတန်က Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေး တဲ့ကျောင်းတွေမှာ ရိုဟင်ဂျာလူငယ်တွေကို အစွန်းရောက် အစ္စလာမ် ဘာသာကြီးစိုးရေးကိုအခြေခံတဲ့ Wahhabi လမ်းစဉ်ကို ရိုက်သွင်းပေးတဲ့အပြင် ဘူးသီးတောင်၊ မောင်းတောက ဘာသာရေးကျောင်း တွေကိုလည်း ထောက်ပံ့ငွေ ရှာပေးပါသည်။
Rohingya Solidarity Organization RSOက အာဖဂန်နစ္စတန်၊ ပါကစ္စတန်ပြန် နည်းပညာသည်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အစွန်းရောက်အဖွဲ့ Jamaat-ul Mujahideen Bangladesh (JMB)ကို သင်တန်း ပြန်ပေးတယ်လို့ သတင်းများက ဆိုပါသည်။ (JMBသည် ၂၀၀၅ခုနှစ် ဩဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး မြို့နယ် ၆၄ ခု ရှိတဲ့အနက်က ၆၃ ခုမှာ ဗုံးအလုံးပေါင်း ၅၀၀ ကိုတစ်နာရီအတွင်း အချိန်ကိုက်ခွဲနိုင်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ဖြစ်သည်)

ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း Arakan Rohingya National Organization ARNO လိုသဘောထားပျော့တဲ့ စစ်ရေးအရ သိပ်အရေး မပါတဲ့ အဖွဲ့မျိုးကိုသာ နှိမ်နင်းခဲ့ပြီး RSO ကိုတော့ဆက်မွေးထားခဲ့သည်။ ထိထိရောက်ရောက်နှိမ်နင်းမှုမျိုး မပြုဘဲ မြေအောက်မှာ တိတ်တဆိတ်နေခွင့်ပြထားသည်။ RSO ခေါင်းဆောင် ဒေါက်တာမူဟာမက်ယူနပ်စ်က ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်နေထိုင် လျက်ရှိပြီး နိုင်ငံတကာခရီးစဉ်များ သွားကာ ရံပုံငွေ ရှာခွင့်ပြုထားသည်။ 


University of Maryland မှာ လေ့လာမှုပြုတဲ့ အကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့ အုပ်စုတွေကို စီစစ်ရေး စနစ်တစ်ခု လုပ်တဲ့အခါမှာ ရိုဟင်ဂျာလူမျိုးစုက ပေါက်ကွဲမှုဖြစ်နိုင်ခြေအရှိဆုံးအုပ်စုမှာပါသည်။
 RSO အဖွဲ့အနေနဲ့ အကြမ်းဖက်မှု၊ ဖောက်ခွဲမှုတွေ လုပ်ဖို့လိုအပ်တဲ့ ငွေကြေးအထောက်အပံ့၊ နည်းပညာ၊ အိမ်ရှင်နိုင်ငံ၊ အယူဝါဒအခြေခံ၊ ဘင်္ဂါလီအနွယ် လူမှုရေးကွန်ရက်၊ အနာဂတ်မဲ့တဲ့လူထု စတဲ့ ရေခံမြေခံတွေအကုန်ရှိသည်။ 
အကြမ်းဖက်မှု၊ ဖောက်ခွဲမှုတွေအတွက် ပြင်ဆင်မှုလုပ်တဲ့ အထောက် အထားတွေလည်းတွေ့ရသည်။ 


မကြာသေးမီက ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးသည် အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက်၍ အမာခံ အုပ်စုများနှင့် တွေ့ဆုံကာ တိုက်ခိုက်ရေး သမားများ၊ လက်နက် ခဲယမ်းများ၊ ငွေကြေးနှင့် ဖောက်ခွဲရေး သင်တန်းပေးမည့်သူများ ရှာဖွေခဲ့ကြောင်း The Straits Times/ ANN တို့တွင် ဖော်ပြထားချက်အရ သိရသည်။ မော်လ၀ီAbu Arif (ဗလီဆရာ) နှင့် စစ်သွေးကြွခေါင်းဆောင် Abu Shafiyah တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့သည် Rohingya Solidarity Organisation (RSO) နှင့် ပတ်သက်သူများ ဖြစ်သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ် မှ ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည့် ဓာတ်ပုံ ၂၈ ပုံ ဖော်ပြခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများအား ''Ramadan gift'' ဟု ကြွေးကြော်ထားပြီး 'ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များအား ရခိုင်ပြည်နယ်တွင် ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် တိုက်တွန်း' ထားသည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံထက် ၄ဒသမ၆ ဆလောက် အကျယ်အဝန်းအရ သေးငယ် သော်လည်း လူဦးရေက ၃ဆနီးပါးပိုများပီး ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းဆ အများဆုံးနိုင်ငံစာရင်းဝင်သည်။ ထိုအခြေအနေတွင် ထပ်ဆင့်ဆိုးဝါးချက်မှာ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ လူသန်း ၄၀ လောက် တဖြည်းဖြည်းနဲ့ 'သဘာဝ ပတ်ဝန်းကျင်ဒုက္ခသည်' ဖြစ်လာမယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်း ကျင်ပညာရှင်များက ခန့်မှန်းထားသည်။
ဒီပြဿနာ ကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာပြည်နဲ့နီးတဲ့ စစ်တကောင်း (Cox's Bazar) ကမ်းရိုးတန်းဒေသဟာ တစ်နှစ်ကို အနည်းဆုံး ၇ ဒသမ၈ မီလီမီတာ နှုန်းနဲ့ မြင့်တက်လာနေသည်။
ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ တွေ့ရှိချက်များအရ လူကုန်ကူးလုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့်လုပ်တဲ့သူတွေထဲမှာ ရိုဟင်ဂျာကွန်ရက်ဟာ စနစ်တကျနဲ့ အချိတ်အဆက်ရှိရှိ တည်ဆောက်ထားသည်ဟုဆိုသည်။
 ရိုဟင်ဂျာ လူကုန်ကူးမှု နဲ့ တရားမဝင်ခိုးဝင်တဲ့ ပြဿနာဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆော်ဒီ အာရေးဘီးယား၊ UAE စတဲ့နိုင်ငံတွေ အထိပျံ့နှံ့နေပြီး ဒေသဆိုင်ရာ နယ်စပ်ဖြတ်ကျော်မှုခင်း (Transnational Crime) တစ်ခုအဖြစ် အလေးအနက်ထား စဉ်းစားရန် လိုလာသည်ကို လက်ခံလာကြကြောင်း တွေ့ရသည်။

အချုပ်အားဖြင့်ရခိုင်ဒေသမှ ရိုဟင်ဂျာတို့ရဲ့ ပေါက်ကွဲ ထွက်မဲ့အခြေအနေနဲ့ RSO ရဲ့ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ဆက်စပ်မှု၊ လက်ရှိနိုင်ငံတကာကကွန်ရက်၊ ဘင်္ဂလားဒေ့ရှ် 'သဘာဝ ပတ်ဝန်းကျင် အခန်းကဏ္ဍ၊ မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့် အားလုံး အဆုံတွင် တိုင်းပြည်၏ လုံခြုံရေး စိုးရိမ်စရာတွေ ဖြစ်နေသည်ကို မြင်ကြစေလိုပါသည်။

7/09/2013

အက်ဒ်ဝပ်စနိုဒန် အား လက်ထပ်မည်ဆိုသူ ရုရှား သူလျှိုမ


အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီသည် ကမ္ဘာတစ်ဝန်းရှိ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများကို လျှို့ဝှက် ထောက်လှမ်းလျက် ရှိကြောင်း NSA ၏ အစီအစဉ်များကို ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန် အား ရုရှား သူလျှိုမယ်ဟောင်း အန်နာချက်ပ်မန်းက လက်ထပ်ခွင့် ကမ်းလှမ်းခဲ့သည်။
ရုရှား သူလျှိုမယ်ဟောင်း အန်နာချက်ပ်မန်းသည် သူမ၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် စနိုဒန် အနေဖြင့် မိမိကို လက်ထပ်နိုင်ခြင်း ရှိ၊ မရှိ ဇွန် ၂၃ ရက်မှစ၍ နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် တောင်းခံလျက် ရှိသည့်  စနိုဒန်အား မေးမြန်းခဲ့ခြင်း ဖြစ်သည်။
 အန်နာ ချက်ပ်မန်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုက ဖမ်းဆီးခဲ့သော ရုရှားသူလျှို ၁ဝ ဦး အနက် တစ်ဦးဖြစ်ပြီး ယခုအခါ ရုရှား ရုပ်သံလိုင်းက ထုတ်လွှင့် ပြသ လျက်ရှိသောSecret of the World (ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များ) အစီအစဉ်တွင် ရုပ်သံ တင်ဆက်သူအဖြစ် နာမည် ကျော်ကြားလျက် ရှိသည်။


စနိုဒန်သည် ပြီးခဲ့သည့်လက ဟောင်ကောင်သို့ ထွက်ပြေးခဲ့ပြီး အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီသည် ကမ္ဘာတစ်ဝန်းရှိ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများကို လျှို့ဝှက် ထောက်လှမ်းလျက် ရှိကြောင်း NSA ၏ အစီအစဉ်များကို ဖွင့်ချခဲ့သည်။ ထို့ပြင် ဥရောပ တစ်ဝန်းရှိ အဆောက်အအုံများတွင် လျှို့ဝှက်ကိရိယာများ တပ်ဆင်ခဲ့ပြီး ဥရောပ၏ ကွန်ပျူတာ ကွန်ရက်များကိုလည်း လျှို့ဝှက် စောင့်ကြည့်ခဲ့ကြောင်း၊ NSA သည် ဥရောပသ မဂ္ဂ၏ အစည်းအဝေးများ၊ အီးမေးလ်နှင့် လျှို့ဝှက် အချက်အလက်များကို ရယူနေကြောင်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းသို့ ဥရောပ သမဂ္ဂက တင်ပြမှုများကို အလားတူ စုံစမ်း ထောက်လှမ်းမှုများ ပြုခဲ့ကြောင်း၊ ထို့ပြင် NSA အဖွဲ့သည် ဥရောပသမဂ္ဂ၏ ဌာနချုပ် ဖြစ်သည Justus Lipsius အဆောက်အအကိုလည်း လျှို့ဝှက် ထောက်လှမ်းခြင်း၊ ဖုန်းခေါ်ဆိုမှုများကို ခိုးယူ နားထောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု Der Spiegel မဂ္ဂဇင်းက ထပ်လောင်း ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည် အမေရိကန် ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အစီအစဉ်နှင့် ပတ်သက်၍ ဖြေရှင်းရန် အမေရိကန် အစိုးရကို သတိပေးခဲ့ကြောင်း သိရသည်။
 ယခုအခါ စနိုဒန်သည် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Sheremetyevo နိုင်ငံတကာ လေဆိပ်တွင် သောင်တင်
လျက် ရှိကြောင်း အမေရိကန် အစိုးရက ယူဆလျက် ရှိသည်ဟု သိရသည်။

7/08/2013

နှာခေါင်းသွေးယိုခဲ့လျှင်ဘာလုပ်ရမလဲ




နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။   နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး

၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။


ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်းခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ၀က်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေး ကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။
နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မ၀င်အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတ၀ှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ၀င်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ၀ယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ၀့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

7/03/2013

ဘုရားဝတ္တကအဖွဲ့လား လူမိုက်ဂိုဏ်းလား



ဇူလိုင်လ ၂ ရက်နေ့က ထိုင်းဘုရင့်သမီးတော် သီရိဒုံ မြန်မာပြည်လာမယ်။ ညနေ ၅ နာရီ၊ ရွှေတိဂုံဘုရားကို ဖူးမယ်ဆိုလို့ ကျနော် ရွှေတိဂုံကို ရောက်သွားတယ်။ (တကယ်က အဲ့တာ ကျနော့် အဆိုင်းမန့်မဟုတ်ဘူး။ ဆေးရုံတက်နေတဲ့ ကျနော့်အမေကို ခဏသွားစောင့်ရမှာမို့ ကျနော်ရိုက်စရာရှိတဲ့ နေ့လည်ပိုင်း အဆိုင်းမန့်ကို ကျနော့် စီနီယာကို လွှဲပြီး ညနေပိုင်းမှ သူရိုက်မယ့် အဲ့ဒီ သီရိဒုံခရီးစဉ်ကို ကျနော်သွားရိုက်တာ။ ဒီမှာ ပြဿနာတက်ဖို့ ဖြစ်လာခဲ့တာပဲ။)

ရွှေတိဂုံဘုရားကို ကျနော် ညနေ ၄ နာရီ စွန်းစွန်းကတည်းက ရောက်သွားတယ်။ မိုးရွာနေတယ်။ သီရိဒုံက မလာမလာနဲ့ နောက်ဆုံး ၇ နာရီကျော်မှ ရောက်တယ်။ မီဒီယာတချို့ရိုက်တဲ့ ဧည့်သည်တော်မှတ်တမ်း လက်မှတ်တွေဘာတွေတောင် ကျနော်လုမရိုက် တိုးမရိုက်ပဲ Public ဧရိယာကနေပဲ ရိုက်ဖို့ ကျနော်လုပ်တယ်။

ရွှေတိဂုံဘုရား အောင်မြေမှာ သီရိဒုံ ဆီမီးထွန်းပြီး အရှေ့မြောက်ထောင့်က သာယာဝတီမင်းခေါင်းလောင်းဆီကို အသွား တနင်္ဂနွေထောင့်ရှေ့က ဂဝံရုပ်ပွားတော်တွေရှိတဲ့နားကနေ၊ သာယာဝတီမင်းခေါင်းလောင်းနဲ့ ထီးတော်စေတီကြားက ရေသန့်စက်တွေထားတဲ့ အဆောင်ဘက်ကို ပြေးတယ်။ (အဲ့ဒီအချိန် အဲ့ဒီနေရာကို သီရိဒုံ မရောက်သေးဘူး။ မြောက်ဘက်မုခ်နဲ့ တနင်္ဂနွေထောင့်အကြားလောက်ပဲ ရှိဦးမယ်။ ကျနော့်ဦးတည်ရာက VIP ပုဂ္ဂိုလ်ဖြစ်တဲ့ သီရိဒုံဘက်ကိုမဟုတ်ဘူး။ သူတို့နဲ့ ဆန့်ကျင်ဘက်က လုံခြုံရေးစည်းအပြင်ဘက်ကို သွားတာဖြစ်သလို အဲ့ဒီနေရာမှာ လူလုံးဝ ပြောင်တလင်းခါ ရှင်းနေတယ်။)



အဲ့အချိန်မှာ ကျနော့်နောက်ကနေ ရွှေတိဂုံလုံခြုံရေးဝတ်စုံဝတ်ထားတဲ့ တယောက်က ပြေးပြီး ဆောင့်တွန်းတယ်။ မိုးရေတွေနဲ့ ရွှဲနေတဲ့ ကျောက်ပြားတွေပေါ်ကနေ တရွတ်တိုက် ၇-၈-၉ ပေလောက် ကျနော် ဟပ်ထိုးဖြစ်ပြီး စောင်းတန်း အုတ်ခုံ ရေသန့်စက်တွေရှေ့ကို မှောက်လျက်လဲတယ်။ ကျနော့် Canon 1D Mark III မှာ တပ်ထားတဲ့ 70-200mm F4 L IS USM Lens ခါးလည်ကနေ ကျိုးသွားတယ်။ ကျနော့် ဘယ်လက် လက်မမှာ နည်းနည်းပေါက်ပြဲသွားပြီးတော့၊ ညာဘက်ဒူး ထိသွားတယ်။ (အဲ့တာလဲ စဖြစ်ကာစမှာ မသိဘူး။ နောက်ပိုင်းမှ တော်တော်နာလာတာ။)

ကျနော်တော်တော်ဒေါသဖြစ်တယ်။ မိုးရေနဲ့ ချောနေတဲ့ ကျောက်ပြားပေါ်ကနေ တရွတ်တိုက် ရှေ့ ကျောက်ခုံနဲ့ ပြေးတိုက်တာ အခန့်မသင့်ရင် သေနိုင်တယ်။  ဒီဖြစ်ရပ်ကိုမြင်တဲ့ သတင်းထောက် ၂ ယောက်က ပြေးလာပြီး ဘာလို့လုပ်လဲ ပြောတော့ ပထမဆုံးဝင်လာတဲ့ ကောင်လေးကို ထီးနဲ့ မျက်နှာကို ချိန်ပြီး မင်းက ဘာလဲ ဘာညာမေးတယ်။ လုံခြုံရေးယူနီဖောင်းဝတ်တယောက်က ကျနော့်ကို ချောင်ထဲကို ဆွဲခေါ်ဖို့လုပ်တယ်။ ကျနော်ငြင်းတယ်။ ဒီကိစ္စရှင်းရမယ်။ ဘာကြောင့်ဒီလို မိုက်မိုက်ရိုင်းရိုင်းလုပ်သလဲ မေးတယ်။ အဖြေမရဘူး။

သီရိဒုံ သာယာဝတီမင်းခေါင်းလောင်းထဲ ဝင်သွားတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေကို ကျနော်ပြောတယ်။ ဒီကိစ္စ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဘယ်သူရှိလဲ။ ဒီလိုတွန်းလိုက်တဲ့ကိစ္စကို ဘယ်သူတာဝန်ယူ ဖြေရှင်းပေးမလဲ မေးတယ်။ ဘယ်သူမှ ထွက်မလာဘူး။ ကျနော်ထပ်ပြောတယ်။ အော်ပြောတယ်။ လုံခြုံရေးအဖွဲ့ခေါင်းဆောင် မရှိဘူးလား။ တာဝန်ခံဘယ်သူမှ မရှိဘူးလား။ ဘုရားဂေါပက အဖွဲ့ဝင် မရှိဘူးလား။ အော်မေးတယ်။ ဘုရားဖူးတွေ ဝိုင်းကြည့်တယ်။ လုံခြုံရေးတချို့ လာချော့တယ်။ နောက်မှ ပြောပါတဲ့။

နောက်မှပြောမယ်ဆိုရင် တာဝန်ခံတယောက်လာပြော။ ကျနော် ဘေးသွားထိုင်နေပြီး စောင့်မယ်ပြောတယ်။ ရွှေတိဂုံဘုရား လုံခြုံရေးမှာ တာဝန်ရှိတဲ့သူတွေနဲ့ ဂေါပကအဖွဲ့တွေ တယောက်မှ ထွက်မလာဘူး။ ကျနော် ဓါတ်ပုံဆက်မရိုက်ဘူး။ ဒီဖြစ်ရပ်ကို ဒေါသဖြစ်တဲ့ တခြားဓါတ်ပုံသတင်းထောက်တွေလဲ ဒီလောက်မိုက်ရိုင်းတာ ဓါတ်ပုံမရိုက်ဘူးဆိုပြီး ထွက်လာကြတယ်။

နောက်ဆုံး သီရိဒုံ အင်္ဂါထောင့်ကနေ အရှေ့ဘက်စက်လှေကားကနေ ဆင်းသွားတယ်။ ဒီအချိန်မှာ လုံခြုံရေးအဖွဲ့ တွေကို ကျနော်သွားမေးတယ်။ ကျနော့်မှန်ဘီလူးကွဲသွားတယ်။ ကျနော် ဘယ်ကိုမှလဲ မတိုးပဲ အလွတ်ကြီး သွားတဲ့ကိစ္စ တွန်းတာ ဘယ်သူ့ ဖြေရှင်းပေးမှာလဲ ကျနော်မေးတယ်။

အဲ့အချိန်မှာ လုံခြုံရေးဝတ်စုံဝတ်ထားတဲ့သူတယောက်က အင်္ဂါထောင့်ရှေ့ကနေ လှမ်းအော်တယ်။ မင်းဘာသာမင်း ချော်လဲတာတဲ့။ ကျနော့် သူ့ဆီကိုသွားတယ်။ ပြောတယ်။ “ခင်ဗျား ကျုပ်ထက်အသက်ကြီးတယ်။ ခင်ဗျားလုပ်တာ ဘုရားလုံခြုံရေး။ ခင်ဗျားအခုပြောတာ ရွှေတိဂုံပေါ်မှာ။ ဘုရားပေါ်မှာ ခင်ဗျားထပ်ပြော။ ကျုပ်ချော်လဲသလား။ ကျုပ်ကို နောက်က တွန်းသလား။” ဆိုတော့ ပါးစပ်လုံးဝ ပိတ်သွားတယ်။ အဲ့တာ လူလည်ခေါင်မှာ။ ဘုရားဖူးတွေကော။ ဂေါပကတွေ လုံခြုံရေးတွေ သတင်းထောက်တွေ တပြုံတခေါင်းရှေ့မှာ ဒီလူ ဘာတခုမှ ထပ်မပြောတောဘူး။

အဲ့ဒီမှာ ကျနော့်ကို တိုက်ပုံဝတ်ထားတဲ့ ဘုရားလုံခြုံရေး ဂေါပကလူကြီးတယောက်က ပြောတယ်။ မင်းလာမအော်နေနဲ့ မကျေနပ်ရင် ရဲစခန်းသွားမယ်တဲ့။ ကျနော်ပြန်ပြောတယ်။ အိုကေ သွားမယ်ဆိုပြီး သူတို့ နောက် လိုက်သွားတယ်။ အင်္ဂါထောင့် လူတွေအများကြီးရှေ့ကနေ သူတို့နောက် လိုက်သွားတယ်။

စက်လှေကား ဂေါပကရုံးဘက်ကို ထွက်တဲ့ နားရောက်တော့ အဲ့ဒီတိုက်ပုံဝတ်လူကြီးက စကားပြောင်းသွားတယ်။ ရဲစခန်းမသွားနိုင်ဘူးတဲ့ မင်းဘာသာမင်း ချောလဲတာတဲ့။ ကျနော်ပြောတယ် ခင်ဗျား ဘုရားဂေါပက မဟုတ်ဘူးလား။ လူကြီးမဟုတ်ဘူးလား။ ဘုရားလူကြီးဖြစ်ပြီး ဘုရားပေါ်မှာ ခင်ဗျားဘာလို့ လိမ်လဲလို့။” အဲ့အချိန်မှာ ကျနော်နဲ့ အင်ပါယာသတင်းထောက် ကောင်လေးနှစ်ယောက်ပဲ ရှိတယ်။ ပတ်ချာလည်မှာ လုံခြုံရေးအဖွဲ့တွေုဝိုင်းထားတာ အောက်ထစ် ၃၀ လောက်ရှိတယ်။ ကျနော့်ကို ထိုးမယ်ကြိတ်မယ်ဆိုတဲ့ ပုံစံတွေလုပ်တယ်။ သူတို့လူကြီးကို အော်ပြောလို့တဲ့။ ကျနော်ပြောတယ် ခင်ဗျားတို့ကို ပါးစပ်နဲ့ ပြောနေတာ လက်မပါသေးဘူး။ အော်မပြောစေချင်ရင် မလိမ်နဲ့လို့။ ကျနော့်ကို တွန်းထိုးကြတယ်။

အဲ့အချိန်မှာ ပေါ်ပြူလာသတင်းဂျာနယ်က ဓါတ်ပုံသတင်းထောက်က ဓါတ်ပုံရိုက်တယ်။ လုံခြုံရေးတွေက သူ့ကင်မရာကို ဝိုင်းဆွဲတယ်။ ထပ်ရိုက်ရင် ကင်မရာရိုက်ခွဲမယ်လို့ ပြောတယ်။ အဲ့အခြေအနေ ဓါတ်ပုံတွေ ဒီမှာ…







အဲ့ဒီအချိန်မှာ ကျနော့်ကို အကာအကွယ်ပေးတာ အပွင့်တပ်ထားတဲ့ လုံခြုံရေး တယောက်ပဲ ရှိတယ်။





ပေါ်ပြူလာ ဓါတ်ပုံသတင်းထောက် ကိုအောင်နိုင်စိုး ကင်မရာကို ဝင်လုတဲ့ပုံ။ ဆက်ရိုက်ရင် ကင်မရာကို ရိုက်ခွဲမယ်လို့ သူတို့ပြောတယ်။
သတင်းထောက် နှစ်ယောက်ကို ဒီလောက်လူအင်အားနဲ့ ဒီလိုပုံစံတွေ ပြောဖို့ လိုအပ်သလား မလိုအပ်ဘူးလား ခင်ဗျားတို့ ဘာသာ စဉ်းစားကြည့်ပါ။





ဘယ်ဘက်က ကျနော့်ပခုံးပေါ် လက်တင်ထားတဲ့သူဘေးက တိုက်ပုံ အပြာနုဝတ်ထားတဲ့ ဂေါပကက ကျနော့်ကို ရဲစခန်းသွားမယ်ဆိုပြီး လူကြားထဲက ဆွဲထုတ်လာပြီး ချောင်ထဲရောက်မှာ အုပ်စုနဲ့ ဝိုင်းပြောတဲ့သူ












ကျနော်ပြောချင်တာက ရွှေတိဂုံဘုရားပေါ်မှာ ကျနော် မူးယစ်ရမ်းကားနေတာမဟုတ်ဘူး။ ခိုး၊ ဆိုး၊ နှိုက် မိလို့ ကလန်ကဆန်လုပ်တာ မဟုတ်ဘူး။ ကင်မရာ နှစ်လုံးလွယ်ထားတဲ့သူ။ နောက် ကျနော်က လုံခြုံရေး အရေးကြီးတဲ့ VIP ဆီကို ဦးတည်တာ မဟုတ်ဘူး။ သူနဲ့ ဆန့်ကျင်ဘက်အရပ်ကို ထွက်နေတဲ့သူ။ ကျနော့်ကို ဘာကြောင့် ဒီလို လုပ်သလဲ။ ကျနော်မကျေနပ်ဘူး။

မကျေနပ်ဘူးဆိုတာ ကျနော့်ကို တွန်းတဲ့သူ တယောက်တည်းတင်မကဘူး။ ဖြစ်စဉ်မှာ တာဝန်ခံတဲ့ ဘုရားလူကြီးဆိုပြီး တိုက်ပုံဝတ် ဘလောင်းဘလဲ ပြောတဲ့သူတွေကော။ လူလည်ခေါင်မှာ ဘယ်သူတာဝန်ရှိသလဲ ထွက်ခဲ့ဆိုတုန်းက လူရာချီတဲ့ လုံခြုံရေးတွေထဲက တယောက်မှာ ထွက်မလာပဲ လူကွယ်ရာ ဘုရားချောင်ထဲရောက်မှ တွန်းလားထိုးလား ဝိုင်းဖြဲတဲ့သူတွေကိုကော မကျေနပ်ဘူး။

နောက် အဆိုးဆုံးကိစ္စက သတင်းထောက်၊ ဓါတ်ပုံ သတင်းထောက်မှန်းသိရက်နဲ့ ဘုရားလုံခြုံရေးက မိုက်မိုက်ရိုင်းရိုင်း လုပ်တဲ့ကိစ္စပဲ။ သတင်းထောက်တွေကို ရွှေတိဂုံလုံခြုံရေးတွေ မိုက်မိုက်ရိုင်းရိုင်းလုပ်တာ ဒီတကြိမ်ပထမဆုံးမဟုတ်ဘူး။ ဟီလာရီကလင်တန်လာတုန်းကကော ယင်လပ်လာတုန်းကကော မိန်းကလေးသတင်းထောက်ကို ရင်ဘတ်တွန်းတာတို့ တီဗီသတင်းထောက်ကို တံတောင်နဲ့တွတ်တာတို့ လုပ်ခဲ့ပေါင်းများပြီ။

ဒီကိစ္စ ဒီလောက်အထိ ကြီးကျယ်သွားဖို့ ကျနော် မစဉ်းစားထားဘူး။ မိုက်ရိုင်းတဲ့ လူအတွက် သူ့အဖွဲ့အစည်းက တာဝန်ခံပြီး ကျနော်ကျေနပ်အောင် ပြောလိုက်ရင်ကို ဒီကိစ္စ ပြီးသွားမှာ။
ကျနော့် ဌာနအတွက် မှန်ဘီလူးတလုံးက ဘာမှမဖြစ်ဘူး (ကျနော့်ကြောင့် risk ဖြစ်သွားတဲ့ မှန်ဘီလူးလဲ မနည်းဘူး။ ကျနော့် ဒဏ်ရာ (ပြည့်သူ့ဆေးရုံကြီးက အရွတ်ထိသွားတယ်လို့ ဆေးစာရေးတယ်။) က ဘာမှ မဖြစ်ဘူး။

ဒါပေမယ့် သတင်းထောက်၊ သတင်းဓါတ်ပုံသမားကို ဗျင်းလိုက်တာ၊ မိုက်မိုက်ရိုင်းရိုင်း လုပ်လိုက်လို့ရတယ် ဆိုတဲ့ ကိစ္စ ကျနော် နောက်ထပ် အဖြစ်မခံနိုင်ဘူး။

ဒဂုံရဲစခန်းကို ကျနော်နဲ့ သက်သေတွေ (ကျနော့်ဘက်က လိုက်ပေးတဲ့ အဓိက သက်သေ တယောက်က ကျနော်နဲ့ မျက်မှန်းတန်းရုံ သတင်းထောက်တယောက်၊ နောက်တယောက်က ကျနော်နဲ့ လုံးဝမဆက်ဆံဖူးတဲ့ သတင်းထောက်တယောက်။) အမှုသွားဖွင့်ပေမယ့် ရဲစခန်းက ရဲအရေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ရပါမယ်လို့ ဆိုတယ်။ ဇူလိုင် ၃ ရက် (ဒီနေ့) မနက် ၁၀ နာရီကို တရားရုံးသွားဖို့ ပြန်ချိန်းတယ်။ ဘုရားဂေါပကအဖွဲ့ကလည်း ကျနော့်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ပြန်ပြီး အမှုဖွင့်တယ် ကြားတယ်။ ဒီတော့ ဘုရားဝတ္တကအဖွဲ့ ကိုယ်စားပြုပြီး မိုက်ရိုင်းတဲ့ ကိစ္စကို တောင်းပန်မယ့် ပုံမရှိဘူး။  

ဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရွှေတိဂုံလုံခြုံရေးအဖွဲ့ကို ကျနော် တရားစွဲပါမယ်။ ကျနော် ဘာကောင်မှ မဟုတ်ဘူး။ ဒါပေမယ့် ဓါတ်ပုံသတင်းထောက်မှန်းသိရက်နဲ့ ကိုယ်ထိလက်ရောက် စော်ကားတဲ့ ဒီအပြုအမူကို ဆက်သည်းခံရင်၊ ရွှေတိဂုံတင်မကဘူး ကျနော်တို့ နေရာတကာ ဒီအပေါက်အချိုးခံနေရလိမ့်မယ်။ ဒီအတွက် ကျနော့် ဒီကိစ္စကို ရေဆုံးရေဖျားအထိ၊ ကျနော် တတ်နိုင်သလောက် ဆက်တိုက်သွားမယ်။ ကျနော့်နောက်မှာ ဘယ်သူမှ မရှိတော့ရင်တောင် ဒီကောင်တွေကို ဒီလိုသွားလုပ်လို့ မရဘူးဆိုတဲ့ အသိ ဒီလို လူတန်းစားတွေရသွားတဲ့ အထိ ကျနော် တိုက်မယ်။

"မတရားတာကို မတရားဘူးလို့ မပြောရဲ မဆိုရဲရင် ပြန်မတုံ့ပြန်ရဲရင် ကျနော် သတင်းသမား လုပ်မစားတော့ဘူး။" 

PS: ဒီဖြစ်စဉ်မှာ ကျနော့်နောက်က ရဲရဲ လိုက်ရပ်ပေးခဲ့တဲ့ သတင်းသမားတွေကို ကျေးဇူးတင်တယ်။

လင်းဘိုဘို
၁၂/လမန (နိုင်) ၁၂၉၆၈၀
၀၉၄၅၀၀၆၈၁၇၀