7/16/2016

မိတ်ဆွေဟောင်း

 ရေးစရာ အကြောင်းအရာလေးတွေ ရှာပေးတတ်သလို ရေးသင့်တာလေးတွေလဲ အကြံပေးလေ့ရှိတဲ့ သူတယောက်က ပို့လာတာပါ။ ဇတ်လမ်းက အသစ်မဟုတ်သလို ရိုးသွားမဲ့ ဇတ်လဲမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော ကမ္ဘာ့ ငပွကြီး CIA ဇတ်လမ်းမို့လို့ပါ။
-
မနှစ်က(၂၀၁၅)ထုတ် ချင်းမိုင်အခြေပြု ခရီးသွားဂျာနယ်တခုမှာ သူ့အကြောင်းတဖွဲ့တနွဲ့ ရေးထားသည်ကို
 တွေ့လိုက်ရသေးသည်။

 မြန်မာဖွား CIA ဝန်ထမ်းဟောင်း
ဝီလီယံ(ဘီလျံ)ယန်းဟာ ၂၀၁၁ ဧပြီလထဲမှာ ချင်းမိုင်တွင်  ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သူဖြစ်သည်။ သေဆုံးချိန်မှာ
 ခေါင်းတွင် သေနတ်ဒဏ်ရာတချက်ရှိနေသည်။လက်တဖက်တွင်သေနတ်ကိုင်ထားပြီးအခြားတဖက်တွင် လက်ဝါးကားတိုင်တခု ကိုင်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။



ဘီလ်ယန်း၏ အမေရိကန်နိုင်ငံသား အဘိုးသည်  ၁၉ ရာစု နှောင်းပိုင်းကသားဟဲရိုး(ဘီလ်ယန်း၏ဖခင်)နှင့် အတူ ခရစ်ယာန်တရားဟောဆရာအဖြစ် မြန်မာပြည်သို့ ရောက်ရှိလာခဲ့သည်။ 
ထို့နောက် ဒုတိယကမ္ဘာစစ် ကာလနှင့် မော်စီတုံး၏ ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံတွင် အောင်ပွဲရခဲ့သည့် ကာလများအတွင်း ဟဲရိုးမှာ တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များအတွင်း သူလျှိုအဖြစ် အမှုထမ်းရန် အမေရိကန်က ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။


မြန်မပြည်နယ်စပ် တောင်ပေါ်ဒေသတွင် မွေးဖွါးကြီးပြင်းလာသော ဘီလ်ယန်းသည် ဘာသာစကား ကျွမ်းကျင်မှု၊ နယ်မြေကျွမ်းကျင်မှု၊ ဓလေ့ထုံးတမ်းများနားလည်ကျွမ်းကျင်မှုများကြောင့်သူ့ကို CIAက အထူးသဘောကျခဲ့ရာမှ ဖခင်၏ ခြေရာနင်းကာ CIA၏ ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
 
 အမေရိကန်က ဗီယက်နမ်၌ စစ်ပွဲကြီးတခု ပါဝင် ဆင်နွှဲသောအခါ ဘီလ်ယန်းသည် လားဟူနှင့် ဝတိုင်းရင်းသားများ ပါဝင်သည့် စစ်တပ်ငယ်တခု ဖွဲ့ကာ ငွေပေး၍ လာအိုထဲ ဖြတ်သန်းသွားသည့်  
မြောက်ဗီယက်နမ်၏ ထောက်ပံ့ရေးလမ်းကြောင်း ဟိုချီမင်းလမ်းမကြီးကို 
 ဖြတ်တောက် နှောင့်ယှက်တိုက်ခိုက်စေခဲ့သည်။
 -
ဗီယက်နမ် စစ်ပွဲကာလအတွင်း လာအိုသည် တရားဝင်အားဖြင့် ကြားနေနိုင်ငံတခုဖြစ်ပြီး၊ လာအိုနယ်မြေပေါ်၌ ပြုလုပ်သော အမေရိကန် စစ်ရေးအစီအစဉ် အားလုံးသည် ထိပ်တန်းလျှို့ဝှက်ဖြစ်ကာ အများစုကို ယန်းကဲ့သို့သော CIA သူလျှိုများဖြင့် ဖွဲ့ စည်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေး အစောပိုင်းကာလများအတွင်း ယန်းကို လာအိုအလယ်ပိုင်း၌ လေကြောင်းမှ ချပေးခဲ့ကာ လေတပ်အခြေစိုက် စခန်းတခု ထူထောင်ရန် သင့်တော်မည့် နေရာတခု ရှာဖွေခိုင်းခဲ့သည်။
 တောင်ထူထပ်သော ဒေသအတွင်း ခြေလျင်လှည့်လည်ကာ ရှာဖွေခဲ့ရာ နောက်ဆုံးတွင် ပုန်းကွယ်နေသော တောင်ကြားလွင်ပြင်အတွင်း လုံချန် အမည်ရှိ ဒေသကို တွေ့ရှိခဲ့ကာ နောင်တွင် အရှေ့တောင်အာရှအတွင်း လေယာဉ် အဆင်းအတက်အများဆုံးလေယာဉ်ကွင်း တခုဖြစ်လာခဲ့သည်။ CIAက ဖန်တီးမွေးထုတ်ထားသော အဲအမေရိက လေကြောင်းလိုင်း၏ အခြေစိုက်စခန်းလည်း ဖြစ်လာ ခဲ့သည်။

လုံချန်ကို မည်သည့်မြေပုံပေါ်တွင်မျှ ရှာမတွေ့နိုင်ပါ။ လေယာဉ်ကွင်းအနီးတွင် မြို့ငယ်လေးတခုပင်
 ပေါ်ထွက်လာခဲ့သေးသည်။
အဲဒီမှာ ပြည့်တန်ဆာခန်း ရှိတယ်၊ အရက်ဘား ရှိတယ်၊ ကာဆီနို လောင်းကစားဝိုင်း ရှိတယ်၊ အသင့်စား အစားအသောက်ရောင်းတဲ့ ဆိုင်တွေ ရှိတယ်။ အမေရိကန်စစ်သားတွေ လိုတာပြော အကုန်ရစေရမယ်’’ ဟု  ဆိုစမှတ်ပြုကြသည်။

CIAသူလျှိုဘဝတွင်ယန်း၏အခြေစိုက်စခန်းသည်လာအိုတဖက်ကမ်းထိုင်းနိုင်ငံဘက်ခြမ်း မဲခေါင်မြစ်ကမ်းဘေး ဆောက်လုပ်ထားသော နေချင့်စဖွယ် အိမ်လေးတလုံး ဖြစ်သည်။ သူသည် ပါတီပွဲကျင်းပရသည်ကို နှစ်ခြိုက်သည်။ သူ့အိမ်သည် အဲအမေရိက လေကြောင်း အခြေစိုက်စခန်းဆီ သွားရောက်ကြမည့် လေယာဉ်မယ်များ၊ သူနာပြုများ စတည်းချရာ နေရာတနေရာ ဖြစ်လာတော့သည်။ သူ လက်ထပ်ခဲ့သေးသည်။ သို့သော် ဇနီးသည်က အမေရိကန်ပြန်ပြီး စားပွဲကုလားထိုင်နှင့် လုပ်ရသော တည်တည်ငြိမ်ငြိမ် အလုပ်ကို လုပ်ပါရန် အတင်းဖိအားပေးသည့်အတွက် ကွာရှင်းပြတ်စဲခဲ့ရသည်။

နောက်ပိုင်းတွင် အမေရိကန်၏ အရှေ့တောင်အာရှ မူဝါဒများအပေါ် သဘောထားကွဲလွဲပြီး ယန်းသည် CIA နှင့် လမ်းခွဲခဲ့ သည်။


CIA မှ ထွက်ပြီး ထိုင်းနိုင်ငံတွင်း ပြန်လည်ရောက်ရှိသည့်အခါ အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ DEA က သူ့ကို အတင်းဆွဲခေါ်ပြန်သည်။ CIA လျှို့ဝှက်သူလျှိုအဖြစ် လာအိုတွင် တာဝန်ထမ်းဆောင်စဉ် သူရရှိခဲ့သော အဆက်အသွယ်များမှာ DEA အတွက် တန်ဖိုးမဖြတ်နိုင်အောင် အသုံးဝင်လှသည်။



ယန်းသည် ထိုင်းမူးယစ်ဆေးဝါး အရာရှိများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ခဲ့သည်။
  လာအိုနှင့် မြန်မာနိုင်ငံအတွင်းရှိ သူ့အဆက်အသွယ်များထံမှ ရရှိသော သတင်းများကြောင့် မှောင်ခို ခိုးသွင်းလာသော ဘိန်းနှင့် ဘိန်းဖြူ အများအပြားကို အကြိမ်ပေါင်းများစွာ ဖမ်းဆီးရမိခဲ့သည်။
  



သူသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလိုသော ကျနော်တို့၏ မိတ်ဆွေကောင်း တယောက် ဖြစ်ရုံသာမက ကျနော်တို့ ရှေ့တဆက်က တော်လှန်ရေးသမား နောင်တော်များ၏ မိတ်ဆွေလည်း ဖြစ်သည်။
-
 

သူသည်မြန်မာနယ်စပ်ပြည်နယ်များအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တိုက်ဖျက်နေသော အဖွဲ့အစည်းများအတွက်လည်း မိတ်ဆွေကောင်းတဦး ဖြစ်သည်။

 CIAအတွက်သူလုပ်ခဲ့ရသောအလုပ်များထဲတွင်ရက်စက်ကြမ်းကြုတ်မှုများ ပါသည်ဖြစ်ရာ  လူအများအပြားကို သတ်ခဲ့ရမှုသည် သူ့ခရစ်ယာန်ဘာသာအပေါ် ယုံကြည်မှုကို ထိခိုက်နစ်နာစေခဲ့သည်။ ’’လူသတ်ရတာ ကျနော့်အလုပ်တခုပဲ။ ကျနော်တို့အလုပ်မှာ ကိုယ်က သတ်မလား၊ အသတ်ခံမလား၊ ဒါမျိုးတွေပဲ များတယ်’’ ဟု   သူပြောခဲ့ဖူးသည်။
-
ထိုသူသည်ကား ကိုဗက အလွန် နှစ်သက်သဘောကျခဲ့ဖူးသော လူတယောက် ဖြစ်သည်။ သူ့ဘ၀ကို ကိုဗက အလွန်အားကျခဲ့သည်ဟု ဆိုနိုင်သည်။ နောက်ဆုံး သူသေသည်ကိုပင် အားကျသူဖြစ်သည်။ ဘ၀မှာ လုပ်ရန်ရှိသေအလုပ်များ လုပ်နိုင်သမျှ လုပ်ကိုင်ပြီး လောကကြီးတွင် လုပ်နိုင်တာ မရှိတော့ချိန်တွင် ကိုယ့်ဇတ်ကို ကိုယ် သိမ်းလိုက်လိုသည်မှာ ကိုဗက၏ လိုအင်နှင့် ထပ်တူဖြစ်သည်။




(၂၀၁၅)ထုတ် ချင်းမိုင်အခြေပြု ခရီးသွားဂျာနယ်တခုမှာ သူ့အကြောင်းတဖွဲ့တနွဲ့ ရေးထားသည်။




သူကွယ်လွန်သည့်သတင်းပါသည့် သတင်းစာမျက်နှာ။



လားဟူ၊ဝ'နှင့် အခြားတောင်ပေါ်သား ရာချီသည့် အသုဘရှု လူဦးရေသည် သူတို့၏ မိတ်ဆွေရင်းတဦးဟု ယူဆသော အမေရိကန်လူမျိုး CIAဝန်ထမ်းဟောင်း၏ အသုဘ ဝတ်ပြုဆုတောင်းပွဲ   ကျင်းပရန် ချင်းမိုင်မြို့ရှိ ပရိုတက်စတင့် ဘုရားကျောင်းတခုအတွင်း   စုပြုံတိုးဝှေ့ ရောက်ရှိခဲ့ကြသည်။


 



No comments:

Post a Comment