8/16/2016

တရုတ်ဆိုတာ ဂြိုနဲ့လား

ဗမာပြည်မှာ သုံးနေရတာ တော်တော်များများက တရုတ်လုပ်တွေဖြစ်ပေမဲ့ တရုတ်ပစ္စည်း ကောင်းလားမေးရင် ခေါင်းအရင်ခါပီးဘီ။ တရုတ်စက် တရက်စုတ်လို့ နှုတ်ခမ်းတလှန် ပန်းတလှန်ပြောလိုက်အုံးမည်။
တရုတ်အစိုးရဆိုလျှင်လည်း ရာခိုင်နှုံးပြည့်မျှပင် မကြိုက်ကြ။ ပြောရလျှင် ကျနော် အပါအ၀င်။ ဒါကလည်း ယေဘုယျအားဖြင့် ပေါက်ဖေါ်ကြီးရဲ့ လုပ်ရက်တဲ့ လုပ်ကွက်တွေကြောင့်ဖြစ်သည်။
-
ယထာဘူယျ ကျကျပြောရရင်တော့   တရုတ်လူမျိုး တရုတ်နိုင်ငံကို လေးစားပါသည်။ အထင်လည်းကြီးပါသည်။
-
နိုင်ငံတစ်ခုအနေနဲ့ သမိုင်း မှတ်တမ်းကို (ဘီစီ ၂၂ ရာစု) ထဲက တွေ့ရ၏၊ ရှေးနှစ်လေးထောင် ကပင် အဆင့်မြင့် ပိုးထည် ရက်လုပ်တတ်သည်။
နှစ် ၃၅၀၀ ကျော်ထဲက ကြေးသွန်းနှင့် ကြွေထည် လုပ်ငန်း တတ်မြောက်သည်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာများ ထွန်းကား၏၊ ရေအား စွမ်းအင်၊ ရေနာရီ၊ လေရဟတ်၊ ယမ်း နှင့် ပုံနှိပ် အတတ်များ ကို စောစီးစွာ တတ်မြောက်ခဲ့၏၊
ကမ္ဘာ့  ယဉ်ကျေးမှု နှင့် နည်းပညာ ရှေ့ဆောင်နိုင်ငံ ဖြစ်ခဲ့သည်၊ ဟင်းခတ် အမွေးအကြိုင်၊ ကြွေထည် နှင့် ပိုးထည် များကို အနောက် ကမ္ဘာက မက်မောစွာ ကုန်သွယ် ခဲ့ရ၏၊
ဆောက်လုပ်ရေး၊ ဆေးပညာ၊ စစ်ပညာ နှင့် နက္ခတ္တဗေဒများ တဘက် ကမ်းခတ် ထွန်းကားခဲ့သည်၊ ကမ္ဘာ့ အံ့ဖွယ် မဟာတံတိုင်း တည်ဆောက်ခဲ့သည်။
ဗြိတိသျှတို့ထက် နှစ်၃၀၀စောပီး အင်္ဂလိပ်လုပ် သင်္ဘောများထက် သုံးဆကြီးသော သစ်သား သင်္ဘောကို ၁၅ ရာစု ကပင် ဆောက်လုပ် နိုင်ခဲ့သည်။
-
၁၅ ရာစု ကပင် ဆောက်ထားသော (Treasure) ရတနာ အမည်ရှိ သင်္ဘောသည် တန်ချိန် ၇၀၀၀ ရှိပြီး နောင် နှစ်လေးရာ ကြာမှ အလားတူ သင်္ဘောမျိုးကို ကမ္ဘာက ဆောက်နိုင်ခဲ့သည်။
-
သင်္ခန်းစာယူမည်ဆိုလျှင် - နည်းပညာ၊ ယဉ်ကျေးမှု အသာ စီးရမှု ကြောင့် မည်သူကိုမှ အထင်မကြီးဘဲ တံခါး ပိတ်ဝါဒ ကျင့်သုံးကာ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်၊ ဥရောပ၏ စက်မှု တော်လှန်ရေး နှင့် နည်းပညာ ထွန်းကားမှုကို လျစ်လျူရှုခဲ့၏၊ ထို အကျိုးဆက် များကြောင့် ၁၉ ရာစု တွင် ဗြိတိသျှတို့ ကျူးကျော်မှု နှစ်ကြိမ်ခံခဲ့ရပြီး သယံဇာတ နှင့် အခွင့်အရေး များစွာ ပေးခဲ့ရသည်၊
-
ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်တို့၏ အံ့မခန်း ရက်စက်မှုကို အနစ်နာဆုံး ခံခဲ့ရသည့် နိုင်ငံဖြစ်သည်၊
၎င်းတို့၏ မျိုးရိုးမာန်ကို ချိုးနှိမ်ရန် နန်ဂျင်းမြို့ တမြို့တည်းတွင် ၄၅ရက်အတွင်း လူပေါင်း သုံးသိန်းကျော်အား ရက်စက်စွာ သတ်ပြခဲ့သည်၊ အမျိုးသမီး နှစ်သောင်း ကျော် အား အဓမ္မပြုကျင့်၊ ကိုယ်လုံးတီး တန်းစီ မတ်တပ်ရပ်ခိုင်း၊ ဓာတ်ပုံ ရိုက်ယူပြီး အရှက် တကွဲ ဖြစ်စေခဲ့သည်၊
-
တိုင်းပြည် ပြန်လည် တည်ထောင်သည့်ကာလ မဟာ ခုန်ပျံကျော်လွားမှု၊ ဘုံ လယ်ယာမြေ စနစ် နှင့် ယဉ်ကျေးမှု တော်လှန်ရေး စသည့် မူဝါဒ အမှားကြောင့် (၂၆ နှစ်) အကြာတွင် တိုင်းပြည် သည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိ လာသည်။

များပြားသည့် လူဦးရေနှင့် ကာမိအောင် စိုက်ပျိုးမြေ မရှိသောကြောင့် လူပေါင်း (သန်း ၃၀) ငတ်မွတ်သေကြေခဲ့၏၊ ပါဝါလွန် အမေရိကန်၏ ဘက်ပေါင်းစုံ ထိုးနှက်ချက် ခံရသည်၊ စူပါပါဝါ ဆိုဗီယက်၏ စစ်ရေး ရန်စမှု ပြဿနာ ပေါ်လာသည်၊ အစာ ငတ်မွတ်ခြင်းနှင့် လယ်ယာ မြေ ရှားပါးမှု ကြောင့် လူပေါင်းများစွာ တိုင်းပြည်မှ ထွက်ပြေး၍ အခြားနိုင်ငံများသို့ ပြောင်းရွေ့ ကာ အောက်ခြေ အလုပ်သမားများ အဖြစ် လုပ်ကိုင် ရသည်၊ အင်္ဂလိပ်တို့၏ ဘိန်းကျွေး ခဲ့မှု ကြောင့် တစ်ပြည်လုံး ဘိန်းစား ပြဿနာကို ရင်ဆိုင် ရသည်၊ ဒီကြားထဲ လူဦးရေ ပေါက်ကွဲ မှုက သန်း ၁၀၀၀ နီးပါး ရှိလာချိန် တွင် ကျွေးစရာ မရှိသော အစိုးရမှာ အရူးမီးဝိုင်း ဖြစ်ရပြန်သည်၊ ဤမျှ များပြား သော လူဦးရေ ရှိပါလျက် ကမ္ဘာက ဝိုင်းပယ်ထား၍ ကုလသမဂ္ဂသို့ ဝင်ခွင့် မရခဲ့ခြင်းတို့ကလည်း အကူ အညီများစွာ ဆုံးရှုံးစေသည့်ပြင် တိုင်းပြည် သိက္ခာ လည်း ကျဆင်း ခဲ့ရသည်။
-
ကမ္ဘာကို ကြာမြင့်စွာ ဦးဆောင် နိုင်ခဲ့သည့် မြင့်မားသော ယဉ်ကျေးမှု နှင့် အံ့မခန်း အနုပညာ များ ပိုင်ဆိုင်သောနိုင်ငံ၊ ကျယ်ဝန်းလှ သည့် နိုင်ငံဧရိယာ နှင့် သမိုင်းဂုဏ် မျိုးရိုးမာန် ကြီးလှသော ထိုနိုင်ငံသည် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု၊ အနိုင်ကျင့် စော်ကားခံရမှုနှင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်များကို ကြိတ်မှိတ်ခံစား နေခဲ့သည်၊ ၎င်းတို့ လောက် သမိုင်းဂုဏ် မကြီးကျယ်ခဲ့သော ဂျပန်နှင့် တောင်ကိုရီးယား၊ တချိန်က ပိုင်ဆိုင်ခဲ့သည့် ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ သူတို့ကို ခေါင်းပုံ ဖြတ်ခဲ့သော ဥရောပ တို့ နှင့် မဟာဗျူဟာ ရန်ဘက် ကြီး အမေရိကန်တို့၏ ကြွယ်ဝချမ်းသာ မှုကို မျှော်ကြည့်ရင်း နာကျည်းစိတ်ဖြင့် အံကြိတ် နေခဲ့ ပါသည်။
(၁၉၇၈) တွင် အစိုးရ အပြောင်းအလဲ ဖြစ်၍ ခေါင်းဆောင်ကောင်း တစ်ဦး၏ လက်ထဲသို့ လုပ်ပိုင် ခွင့် အာဏာ ရောက်လာသည်၊ အုပ်ချုပ်သူ နှင့် စနစ် အကူးအပြောင်း တွင် ခေါင်းဆောင် နှင့် ပြည်သူများ အားလုံး ဒီတခါတော့ အလွတ် ရုန်းတော့မည်ဟု ဆုံးဖြတ်ပြီး နေ့နေ့ညည ကြိုးစား၍ ဆင်းရဲတွင်းမှ ခုန်တက်ခဲ့ပါသည်။
ထိုအခါ ဘေးထွက်ဆိုးကျိုးအချို့ကိုတော့ ကျနော်တို့က သောက်မြင်ကတ်သည့်ကြားက နားလည်ပေးမိပါသညါ။

No comments:

Post a Comment