-
၁။ ကျနော်နှင့်စောထ
စက်လှေ၏စက်အားရပ်၍ သတ်လိုက်သည်။ အရှိန်နှင့်လှေဦးသည် ၀ါးဖောင်ကြီး တစ်ခုဆီသို့
တရွှေ့ရွှေနှင့် ကပ်သွား၏။ လှိုင်းလုံးများကြောင့်ဝါးဖောင်သည် မြင့်လိုက်၊ နိမ့်လိုက် လှုပ်ယမ်း၍နေသည်။
လှိုင်းပုတ်သဖြင့် လှေနှင့် ၀ါးဖောင်သည် ဝေးလိုက်၊ နီးလိုက်ဖြစ်နေ၏။
လှေကြိုးအား ၀ါးဖောင်တွင် ချည်လိုက်ပြီးမှသာ လှေသည် ၀ါး ဖောင်နှင့် ကပ်၍သွားတော့သည်။
လှေပေါ်မှ ၀ါးဖောင်ပေါ်သို့ ကျနော်တို့ အားလုံး တတ်လိုက်ကြသည်။ ၀ါးဖောင်က အလျားပေ ၃၀၊
အနံပေ ၂၀ခန့်ရှိမည်။ ၀ါးပိုး လုံးကြီးများအား လေးထပ်မျှ ထပ်၍တွဲထားသည့် ၀ါးဖောင်ကြီး ဖြစ်သည်။
ဖောင်၏တစ်ဝက်ခန့်အား အင်ဖက်များနှင့် အမိုး မိုးထား၏။ အမိုးအောက်၌ စက်လှေအင်ဂျင်တုံးများအား
ပြုပြင်သည်။ တွင်ခုံတစ်ခုလည်း ရှိသည်။ စက်လှေများပြုပြင်သည့်အလုပ်ရုံ ၀ါးဖောင်များဖြစ်သည်။
ဝါးဖောင်ပေါ်မှ ဆင်းလျှင် `စောထ´ကမ်းပါးသို့ ရောက်၏။ ကမ်းပါးက မတ်စောက်သည်။
ကမ်းပါးသည် ၁၅-ပေ၊ ပေ-၂၀ခန့် မတ်သည်။ လှေကားထစ်များပြုလုပ်ထားသည်။
လှေကားထစ်များအတိုင်း ကျနော်တို့ ကမ်းပါးပေါ်သို့ တတ်လာခဲ့ကြ၏။
စောထနှင့်ပါတ်သက်ပြီး ကျနော်၏ဗဟုသုတမှာ ဤမျှသာ ရှိသည်။
-
သို့သော် “စောထ စောထစခန်း စောထကမ့်(မ့်) စောထ က...... ဤစကားသံမျိုးကြားလျှင် ကျနော်၏ အသွေးအသား တို့သည် ရှိမ်းကနဲ ကျနော်၏နား မျက်စိ ခေါင်းတို့သည် ဆတ် ကနဲ။
-
“စောထသည် ကျနော်၏အသွေးအသား၌ကိန်းဝပ်၏”
-
၁၉၉၀ ၀န်းကျင်ကဖြစ်သည်။ ဗန်ကောက်မြို့ တနေရာ ကြီးမားခန်းနားသည့် ရုံးပြင်ကန္နားတခု၏
စားပွဲရှည်တခု ရှေ့တွင်ရပ်ပြီး မိမိရှေ့မှာ ဘုတ်အုပ်ကြီးနှင့် စာရင်းရေးသွင်းနေသူကို ကျနော်
ဘယ်သူ ဘယ်ဝါ ဘယ်က လာသည် စသည်တို့ကိုပြောလိုက်ချိန်ကျနော့ဘယ်ဖက်ဘေး
ကပ်ရက်တယောက်ကလည်း သူ့ရှေ့မှ ဘုတ်အုပ်ကိုင် ပုဂ္ဂိုလ်အား သူ ဘယ်သူ ဘယ်ဝါ
ဘယ်ကလာသည် ပြောသံကြားလိုက်ရသည်။
ကိုတင်စိုး xxx xxxx ABSDF စောထစခန်း ။
ကျနော်ခေါင်းကိုဖြေးညှင်းစွာလှည့်ကြည့်မိသည်။ ကျနော် ဘယ်သူ ဘယ်ဝါ ဟု ပြောသံကြားပြီး
ကျနော့ဖက်သို့ ကိုယ်တစောင်းလှည့်ကြည့်လာသော အသားဖြူဖြူ ဆံပင်စုတ်ချွန်း မျက်နှာ သွယ်သွယ်
ကျနော်တခါမှ မမြင်ဖူးသော လူရွယ်တယောက် ကျနော့အားရင်းနှီးစွာကြည့်နေသည်ကိုတွေ့ရသည်။
-
အလိုအလျောက်ပင် ကျနော့လက်ကိုကမ်းပေးလိုက်သည်ကို သူကဆွဲယူနှုတ်ဆက်လိုက်ပြီး ရှေ့အသီးသီးမှ
ဘုတ်အုပ်ကိုင်ပုဂ္ဂိုလ်များနှင့် လုပ်ဖွယ်ရှိရာများပြီးပြတ်အောင် ဆက်လုပ်လိုက်ကြသည်။
-
ဤသည်ကား အသံဖြင့်ကာလအပိုင်းအခြားတခု လက်တွဲအလုပ်လုပ်ဖူးသော လူခြင်းမတွေ့ဖူးသော ရဲဘော်ရဲဘက်၂ဦး အမှတ်မထင်တွေ့ဆုံခန်း သို့မဟုတ် စောထစခန်း ဥက္ကဌဟောင်း ကိုတင်စိုးနှင့် တွေ့ဆုံခြင်းဖြစ်သည်။
ထို့နောက်တွင်မူ ကိုမောင်မောင်စိုး ထိုနောက်ထိုနောက်များတွင် ရောက်လာသမျှ စောထရဲဘော်များ..
-
နှစ်မြို့ခြင်းမရှိသော်လည်း မလွန်ဆန်နိုင်သည့် အခြေအနေ အပြောင်းအလဲ ကာလတခုကို အတူတကွ ကူးခတ်ခဲ့ကြသည်။ အခြေအနေပေးသလို သူတသောင် ကိုယ်တကမ်း အလှမ်းပြန်ဝေးသွားကြသည်။
လက်သီးလက်မောင်းတန်း၍ ညင်းခုံခဲ့ကြဖူးသည်။ နင်ဘဲငါဆ ပြောဆိုခဲ့ကြဖူးသည်။ တအူတုံဆင်းညီရင်းအကို သဘွယ် ရဲဘော်ရဲဖက်မေတ္တာကား ယ္ခုတိုင် အသွေးအသား၌ လည်ပါတ်ဆဲ။
-
အနှီစောထ ဤစောထမှ စုစည်းမိသောရဲဘော်များက တာဝန်ကျေပွန်စွာ အသက်ပေးသွားနှင့်သည့် ရဲဘော်များ အတွက် စောထဖောင်ဒေးရှင်းဟု ၂၀၀၉ခု နိုဝင်ဘာလ ၂၈ရက်နေ့က ထူထောင်လိုက်တဲ့
သတင်း ကို ဒီဗွီဘီကနေ ၀မ်းမြောက်စွာသိလိုက်ရပါတယ်။
-
သာဓု သာဓု သာဓု။
-
၂။ ဇတ်ကားက ကျုပ်သားလာမှသိမယ်။
၁၉၈၈ မတိုင်ခင်နှစ်တွေတုံးကပေါ့။
ရန်ကုန်တဖက်ကမ်းက တောမြို့လေးတမြို့မှာ မိသားစုဗီဒီယို ရုံလေးတရုံရှိတယ်။
တနေ့မှာ ညပြမလို့ရာထားတဲ့အခွေက ပြတ်သွားတော့ မနက်ပိုင်းမှာ သားကိုရန်ကုန်ဘက်ကူးပီး အခွေအသစ်ရှာဖို့ လွတ်လိုက်တယ်။ သားကလဲ မင်းသားညွန့်ဝင်း ပါတဲ့ ဇတ်ကားအသစ်ရှာခဲ့မယ်လို့ ပြောသွားတယ်။
ဒါပေမဲ့ ကူးတို့က ပျက်နေလို့ ညနေအတော်စောင်းတဲ့အထိ ပြန်မရောက်သေးဘူး။ ပရိတ်သတ်ကလဲ
ညပြမဲ့ကား မေးလှဘီ။ ဒါနဲ့ဘဲမတတ်သာတဲ့အဆုံး ကြော်ငြာဘုတ်ပြားမှာ ညအစီအစဉ်ရေးလိုက်တယ်
-ဇတ်ကားက ကျုပ်သားလာမှသိမယ်။
-ဇတ်လိုက်က မပေါ့နဲ့ ရွှေမန်းတင်မောင်သား အကြီးကောင်ဆိုဘဲ။
မှတ်ချက် ပွဲပြချိန် အနည်းငယ်နောက်ကျမည် (ကူးတို့ဆိုက်မှလာပါ)။
ဒီလိုနဲ့ ညရုံဖွင့်လို့ပွဲပြတော့ ညွန့်ဝင်း သရုပ်ဆောင်တဲ့ ဗန်ဒိုလူလေးနဲ့သူဇာ ပြတယ်။
ပရိတ်သတ်ကမကြေနပ်ဘူး ကျုပ်သားလာမှသိမယ် ပြပါဗျို့ချည်းအော်နေကြသတဲ့ တချို့ကလဲ မင်းသမီး သစ် မပေါ့ မကြည့်ရလို့ ပူညံပူညံဖြစ်နေသတဲ့။
-
၃။ စောထ ဖေါင်ဒေးရှင်း ရံပုံငွေ တေးဆီးရီးစ်
-
ခုနက နယ်စပ်မှာရောက်နေတဲ့ ကိုမောင်မောင်စိုးဆီက ဖုန်းလာတယ် သီချင်းသွင်းတဲ့အခြေအနေကိုမေးတော့ ကြေငြာတင်နိုင်လောက်တဲ့အဆင့် ရောက်နေဘီတဲ့ နောက်၂ရက်အတွင်း သီချင်းအမြီးပို့မတဲ့။
အခုကြေငြာအတွက် ဒေတာပြောမယ် လိုက်ရေးတဲ့။ ဟေ့လူ အီးမေးလ်နဲ့ပေးလေဆိုတော့ ကျုပ်က နက်ဝပ်ရဲ့ အပြင်မှာမို့ အင်တာနက်မသုံးနိုင်သေးလို့တဲ့။
-
ကဲ..ကောင်းဘီ ပြော ဆီးရီးစ်နံမယ် ဘာလဲ။
ပိစ် အင်ဖလူးရင့်စ်။
စာလုံးပေါင်း...။
ခင်ဗျားဝပ်ထဲအသံထွက်သလို ရိုက်ထည့်လိုက်ဗျာ စပယ်လင်ကပြင်ပေးလိမ့်မယ်။
ကောင်းဘီ ဘယ်သူတွေဆိုမှာလဲ။
ငြိမ်းစေ။
ပီးတော့ကော..။
ငြိမ်းစေဘဲထားအုံး။
ဟုတ်ပီ နောက်ကော..။
လိုင်းရင့်စ်လို့သုံး အယ်လ်ဝိုင် အာရ် အိုင် စီ။ ဒါလဲ ငြိမ်းစေဘဲ။
မြူးဇစ်အရိန်းမင့် က ဂျိမ်းစ် ကိုဘေး။
James Co. Bay ဒီလိုလား။
ဟုတ်တယ်။ ၀ိုင်းက ရီဘယ်လ် သူပုန်ပေါ့ဗျာ။
အိုကေ သရုပ်ဖေါ်ဘာရေးရမလဲ
ခင်ဗျားဘာရေးမလဲ။
စောထက ပဲဟင်းအိုး ဖိုတိုင်မှာထောင်ထားတဲ့ဂစ်တာအဟောင်းကို မိုးကြိုးပြစ်နေတဲ့ပုံ ရေးမယ်။
စောထက ပဲဟင်းအိုး ဖိုတိုင်မှာထောင်ထားတဲ့ဂစ်တာအဟောင်းကို မိုးကြိုးပြစ်နေတဲ့ပုံ ..... ရေးဗျာ
-
ဒါပေမဲ့တကယ်ရေးမယ်ကြံတော့ ဂန္တ၀င် ပြုတ်မနူး ပဲအိုးကို ပီပြင်အောင်မဖေါ်ကျူးနိုင်မှာစိုးလို့ တခြားပုံတခုဘဲ လုံးချလိုက်ပါတယ် ရဲဘော်တို့ခွင့်လွတ်ပါ။
-
အချက်အလက်အပြည့်အစုံကိုတော့ ကိုမောင်မောင်စိုး အင်တာနက်သုံးနိုင်တဲ့နေရာရောက်မှ သီချင်းအမြီးနဲ့အတူ ယူဗျာ။
ဟဲဟဲ ဇတ်လမ်းက အီးမေးလ်လာမှသိမယ်ပေါ့ဗျာ
No comments:
Post a Comment