မောင်လူရေး အမတ် နှင့် အမဲ
-
အခါတပါး၌ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသည့် သုံးလောကရှင် ဘုရားရှင်သည် တရားသိမြင် ရှင်ရဟန်းပြုချင်သည့် သူတော်စင်တစ်ဦးကို တွေ့လတ်သော် ထိုသူ၏ အတိတ်ဘဝကို ရှုကြည့် သည်တွင် သပိတ် သင်္ကန်း လှူဒါန်းထားသည်ကို မြင်တော်မူသောအခါ .........
``ဧဟိ ဘိက္ခု ၊ ချစ်သား ရဟန်း လာလှည့်``ဟု နှုတ်တော်မြွက်ဟ ခွန်းတော်သလိုက်သည်နှင့် တပြိုင်နက် သင်္ကန်းရုံ သပိတ်ပိုက်လျက် သိုက်မြိုက်လန်းရွင် ရဟန်းအသွင် တခါတည်းပေါ်ထွက်လာဘိသကဲ့သို့
-ဧဝံ တထာ ၊ မခြားတမူ အလားတူသာလျှင် -အခါမတရား၌ ဘုန်းတော်လက်နက် ဂုဏ်တော်ဂက်စ်နှင့် ပြည့်စုံ
တော်မူသည့် ဘုံးလောကဥကင် စစ်များရှင် အဲ ဆင်များရှင် မင်းတြားကြီးသည် စနစ်မလတ်မဆတ် ခေတ်မသပ်မရပ်နှင့် ရစ်ပတ်ချင်သည့် သူမြှော်မြင်တစ်ဦးကို တွေ့လတ်သော် ထိုသူ၏ အတိတ်ဘဝကို ရှုကြည့် သည်တွင် ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းထား သည်ကို မြင်တော်မူသောအခါ ``ဧဟိ အမေစ္စ ၊ ချစ်သားအမတ် လာခဲ့လကွယ်``ဟု နှုတ်တော်မြွက်ဟ ခွန်းတော်သလိုက်သည်နှင့် တပြိုင်နက် သေနတ်ကိုင် ဖိုင်တွဲပိုက်လျက် သိုက်မြိုက်လန်းရွင် အမတ်အသွင် တခါတည်း ပေါ်ထွက်လာသော ဟူ၏ ။
အနှီ၎င်း အမေစ္စတို့၏ ကံကား ထူးထွေတည့်အံ့ရာသောဟူသတည်း ။ပြိုင်စရာ နိုင်စရာ မလိုဘဲ မင်းတြားကြီး၏ နှုတ်တော်ဖွင့်ဟ ဧဟိ အမေစ္စနှင့်ပင် အမတ်ဖြစ်ကြရသည် ။
(**ကျန်တပ်မတော်သားများ အဖို့ရာမှာမူကား သနားစရာကောင်းလှဘိတော့သည် ။
ယင်းတို့သည် ဧဟိ အမေစ္စတို့ ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းသမှု ပြုကြစဉ်က သာဓုမျှ မခေါ်ခဲ့ကြသောဟူ၏ ။ ထို့ကြောင့် အနှီ၎င်းပုဂ္ဂိုလ်တို့ လူအထိုထို၏ လိုသမျှအကျိုး သယ်ပိုးသမှု ပြုကြမည့် နေရာတွင် ဘယ်သူဘယ်ဝါ ပြုကြဗျာဟု ရွေးကောက်ပြီးသကာလ ထောက်ခံမဲလေးမှ ပေးခွင့်မရနိုင်ကြချေ ။)
ထိုအနှီ၎င်း စစ်အမေစ္စတို့၏ ကံကား အလွန်အကျူး ထူးကြီးထူးဘိချေတော့ သောဟူ၏ ။
သူရို့ကား သာမြင်ညောင်ည အမေစ္စများ မဟုတ်ကြချေ ။ ရာထူးဌာနန္တရ တွဲလျက်ရသည့် စပယ်ရှယ်အမေစ္စ များဖြစ်ကြ၏။ ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ဖြစ်တော်မူသော ဆင်ဖြူများရှင်ကြီးသည် ၂၅%ကို ယူနီဖောင်း အမတ် လုပ်ပြီး သကာလ မြန်မာ့ဝင်ရိုး မကျိုးမချင်း ထမ်းပြီးရင်းထမ်းနေချင်ပေတော့ရာ ကျန် ၇၅%ကို ကရုဏာငါးခူပြုံးဖြင့် သိမ်းကျုံးရှုကြည့်လိုက်သည်တွင် သဏ္ဍာန်တစ်မျိုးဖြင့် ကုသိုလ်ပျိုးထားကြသူများကို တွေ့သိ သွားလေသော ဟူ၏ ။ထိုသူတို့ကား ဧဟိ အမေစ္စများ ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းပွဲ၌ ဝေယျာဝစ္စ ပြုခဲ့ကြ သူတို့တည်း။
အနှီ၎င်းတို့သည် ဝေယျာဝစ္စ ပြုခဲ့ကြရုံမျှမက ၊ လွှတ်ဝတ်တန်ဆာများပင် လှူဒါန်းခဲ့ကြသောဟူ၏ ။ လွှတ်ဝတ် တန်ဆာဟူသည် ခေါင်းပေါင်း ၊ တောင်ရှည် ၊ တိုက်ပုံတို့ကို ဆိုသတည်း ။ ထို့ကြောင့် ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ဖြစ်တော်မူသော ဆင်ဖြူများရှင်ကြီးသည် အနှီ၎င်းပုဂ္ဂိုလ်တို့၏ ကုသိုလ် အဆောက် အဦကို ထောက်ကူသောအားဖြင့် ဥုံဖွ အပ်ချလောင်းလုပ်ကာ အမတ်လောင်းများ မွေးထုတ်လိုက် ပြန်သောဟူ၏ ။
ထို ဥုံဖွ အပ်ချလောင်းအမတ်တို့သည် ဟို ဧဟိ အမေစ္စအမတ်တို့လောက်တော့ ကွန်နက်ရှင် မကောင်းလှချေ ။ အကြောင်းမှာ လွှတ်ဝတ် တန်ဆာသည် ချပ်ဝတ်တန်ဆာလောက် စွမ်းရည်မမြင့်မားခြင်းလည်းတစ်ကြောင်း ၊ ထိုလွှတ်ဝတ်တန်ဆာလှူပွဲ၌ တပ်မတော်သားလေးများနှင့် ပြည်သားပြည်သူတို့သည် ဝေယျာဝစ္စ ဝိုင်းဝန်းပြုဖို့ ထား ၊ သာဓု စကားလေးမျှ မပြောဆိုခဲ့ကြသည့် ဧရာမ အ-ကုသိုလ်ကြီး အကျိုးပေးချိန်နှင့် အပ်ချလောင်းချိန် တထပ်တည်း ကျနေခြင်းလည်း တစ်ကြောင်းကြောင့်တည်း ။
ယင်းတပ်မတော်သားလေးများနှင့် ပြည်သားပြည်သူတို့၏ မဲငရဲခံ အကုသိုလ်ကံအကျိုးပေးပုံမှာ အဆန်းတကာ့ အကျယ်ဆုံးဟု ဆိုရချိမ့်မည် ။
ခံရပုံမှာ - ဖြူသလား မဲသလား ၊ နူသလား ဝဲသလား ၊ အူအူလား အအလား ၊ အကန်းလား အပင်းလား ၊ စွေသလား စောင်းသလား၊ လူလား မလူလား၊ ပွဲလန့်ဖျာခင်းလား လှေကြုံစီးလား၊ ကြာကူလီလား ပိုင်းလုံးလား ၊ သာကူးလား နှာဗူးလား၊ အသပြာရူးလား မယားတာရူးလား၊ ဘာဆိုဘာမှ ကွဲကွဲပြားပြား သိမထားသည့် ဟိုရောင်ရောင် ဒီရားရား ကျားကျားမီးယပ် အမတ်များကို ထောက်ခံမဲပေးကြရသောဟူ၏ ။“မပေး ပေး ပေး ပေး ပေး ပေး ၊ ရအောင်ယူဖို့ ဒို့အရေး” ဟူသော မေဆွိဝါဒ ကျင့်သုံးသည့် ပြည်တိုင်ချိုးပါတီ တဖွဲ့တည်းကိုသာ ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ကြီးက အပ်ချလောင်း ဥုံဖွလုပ်ထားပြီးဖြစ်သဖြင့် ထိုထောက်ခံ မဲဟူသည်ကလည်း အမဲခံ၍ ထောက်ရခြင်းသာ ဖြစ်သောဟူ၏ ။ ထိုရောအခါ မဲတပြားသည် အသဲကြားက ဟူသည့် ဂုဏ်ဒြဗ်အနှစ် မရှိတော့ဘဲ တပဲနှစ်ပြားဟူသည့် ပလုံဇွပ်အဖြစ်သာ ရှိရပေတော့သောဟူ၏ ။ဤကား မဲငရဲကျပုံတစ်မျိုးတည်း ။
ပို၍ အကုသိုလ်ထူးသူတို့အတွက် မဲငရဲတစ်မျိုး ရှိပေသေးသောဟူ၏။
ထိုသူတို့သည် ချပ်ဝတ်တန်ဆာ ၊ လွှတ်ဝတ်တန်ဆာလှူပွဲ၌ ဝေယျာဝစ္စမပြု ၊ သာဓုမခေါ်ရုံသာမက အမနာပ ပင် ပြောခဲ့ကြသောဟူ၏ ။
ယင်းတို့ မဲငရဲခံရပုံမှာ -ထိုသူတို့သည် ပြည်တိုင်ချိုးပါတီ တစ်ဖွဲ့တည်းသာ မင်းမူသောနေရာ၌ နေထိုင်ကြ ရသောဟူ၏ ။ အမတ်မင်းများ က ယင်းတို့ကိုင်ထားသည့် အသဲကြားက မဲပြားကို ခြေနှင့် ကန်သွားကြ၏ ။
တံတွေးနှင့် ထွေးကြ၏ ။ နှပ်နှင့် ပက်ကြ၏ ။ ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးငရဲဟုလည်း ခေါ်ပေသောဟူ၏ ။
ထိုငရဲ၌ အမဲခံထောက်ခွင့်ပင် မရှိချေ ။မဲဆန္ဒရှင်များသည် အမတ်မင်းများကို မိမိတို့၏ အရပ်ဒေသနှင့် ဘဝကို မြင့်မားအောင်လုပ်ခွင့်ပေးရမည်ဖြစ်ရာ မဲတပြားသည် မိမိတို့ကိုယ်နှင့်ပင် ထပ်တူ တန်ဖိုးရှိလေ၏ ။ ထို့ကြောင့် မဲဆန္ဒနယ်တစ်နယ်၌ မဲအရေအတွက် ပြည့်မှီမှသာ အမတ်ဖြစ်ရသောဟူ၏ ။မဲခံလိုသူ အမတ်လောင်းများမှာ ရွေးကောက်ပွဲ၏ ပထမအဆင့်အနေဖြင့် မဲပေးသူ အရေအတွက်ပြည့်မှီရေးဖြစ်၏။
မဲနိုင်ရေးသည် ဒုတိယအဆင့်တည်း ။ အမှန်က ပြိုင်သူမရှိလည်း မဲပုံးထောင်ရမည်သာ ၊ မဲပေးသူ အရေ အတွက် မပြည့်မှီလျှင် အမတ်ဖြစ်ခွင့် မရှိချေ ။ယခုမဲငရဲမှာ ပထမအဆင့်ကို ကျော်လွှားကာ မဲပြား၏ မူလ တန်ဖိုးကို သရော်မော်ကားပြု၍ ပြိုင်ဖက်မရှိရအောင် ညစ်နည်းအမျိုးမျိုးသုံးပြီး ပြိုင်ဖက်မရှိက နိုင်ပြီဟု သတ် မှတ်သည့် တစ်ယောက်ထဲပြေး တစ်ပေးဇာတ်ခင်း ငရဲဖြစ်လေသည်။ တကယ်တော့ ရွေးကောက်ပွဲဟူသည် အရှုံးအနိုင်ထက် မဲဆန္ဒရှင်မည်မျှက မဲထည့်ကြသနည်း ဆိုသည်က ပဓာနဖြစ်သည် ။ ပြန်ဖြုတ်လိုလျှင်လဲ ကန့်ကွက်မဲ အရေအတွက်ဖြင့်သာ ဖြုတ်ရမည်ဖြစ်သောကြောင့် မဲဆန္ဒရှင် မည်မျှက ထောက်ခံသည် ဆိုသည့် အချက်မှာ လွန်စွာ အရေးကြီးပေသည် ။အခုတော့ဖြင့် ငါးဖလောင်းကပြောင်းပြန် အမတ်လုပ်မဲခံမည့်သူက မဲဆန္ဒရှင်များကို လှန်ပြခွင့်ရှိနေခြင်းဖြစ်ရ ကား ဤငရဲကို မထီမဲ့မြင်ငရဲ ဟုလည်း ခေါ်သောဟူ၏။
ချပ်ဝတ်တန်ဆာအလှူကို မထီမဲ့မြင်ပြုမှုသည် လွှတ်ဝတ်တန်ဆာအလှူကို မထီမဲ့မြင်ပြုမှုထက် အကုသိုလ် အတိုင်းအဆကြီးလေ၏။
ထို့ကြောင့် တပ်မတော်သားလေးများသည် မိမိတို့နှင့် ထိစပ်ပတ်သက်သူများကို အမဲပေးခွင့် မရမူ၍ မိမိတို့နှင့် မထိမစပ် အရပ်တပါးက အခြားသူများကိုသာ အမဲပေးကြရသောဟူ၏ ။တိုင်းသားပြည်သူ လူဟူသမျှတို့သည် အတိတ်ဘဝက မြတ်သောအလှူနှစ်ပါးကို မထီမဲ့မြင်ပြုခဲ့ကြခြင်းကြောင့် မထီမဲ့မြင်ငရဲမှာ အမဲပေးရင်း ငရဲခံကြ ရခြင်း ဖြစ်သတည်း ။
လောက၌ ရှိသော ငရဲမီးအားလုံးတို့သည် ဤမထီမဲ့မြင်ငရဲမီးလောက် မလောင်မြိုက်ချေ …..
Photo : AFP>>>>>>စက်တင်ဘာ ၄၊ ၂၀၁၀ မိုးမခ
No comments:
Post a Comment