ပထမဦးဆုံးပြောချင်တာက ဒီမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန် ကြိုးစားနေကြသူတွေ အနေနဲ့…
(၁) ဥပဒေတို့ရဲ့ သဘောသဘာဝများ၊
(၂) အဲဒီဥပဒေဟာ ကျွန်တော်တို့နိုင်ငံအတွက် အမှန်တကယ် လိုအပ်၊ မလိုအပ်၊
(၃) အနှီဥပဒေကို အတင်းအကျပ်၊ မဖြစ်မနေ ပြဋ္ဌာန်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ကောင်းကျိုးဆိုးကျိုး ပြဿနာများကို အခုချိန်မှာ အမြင်ကျယ်ကျယ်နဲ့ ဆန်းစစ်လေ့လာပြီး သုံးသပ်ဆင်ခြင် ကြဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီလို ဆန်းစစ်လေ့လာသုံးသပ်ဆင်ခြင်ကြရာမှာလည်း သူ့ဘက်၊ ကိုယ့်ဘက်(…စတဲ့) လွန်ကဲသော အမျိုးသားရေးစိတ်၊ အတ္တစိတ်များကို တတ်နိုင်သမျှ ဘေးဖယ်ထားပြီး ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ အကျိုးစီးပွားနဲ့
တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို အဓိကထား စဉ်းစား သုံးသပ်ဖို့ လိုပါတယ်။ ဟုတ်ကဲ့….ဒါဖြင့် ကျွန်တော်တို့စလိုက်ကြရအောင်….။
နောက်တစ်ချက်က ဥပဒေပြုလွှတ်တော်များမှာ ဥပဒေအသစ်တွေကို ရေးဆွဲပြဋ္ဌာန်းတယ်ဆိုတာဟာ လိုအပ်ချက်ရှိနေသေးတဲ့ တိုင်းသူပြည်သား များရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ပေးဖို့ အတွက်ပဲ ဖြစ်ရပါမယ်။ ကန့်သတ်တားမြစ်ဖို့ မဟုတ်ပါဘူး။ အထူးသဖြင့် လူအများစုဆန္ဒနဲ့ ရေးဆွဲအတည်ပြု လိုက်တဲ့ ဥပဒေတွေဟာ လူအနည်းစုများအပေါ် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ မထိပါး၊ မနစ်နာရ အောင် ဂရုပြုဆောင်ရွက်သင့်ပါတယ်။ ဒါမှလည်း နိုင်ငံသားအချင်းချင်း အေးအတူ ပူအမျှ အတူတူလက်တွဲ နေထိုင်နိုင်တဲ့ ပြည်ထောင်စုကြီး ဖြစ်မယ် မဟုတ်လား။ ဆိုတော့ မျိုးစောင့်ဥပဒေကို မဖြစ်မနေပြဋ္ဌာန်းမှ ရမယ်ဆိုတဲ့လူတွေအနေနဲ့ အထက်မှာ ကျွန်တော်ပြောခဲ့တာတွေနဲ့
ချိန်ထိုးသုံးသပ်ကြဖို့ပါ။ ကျွန်တော့်တစ်ဦးထဲအမြင်အရတော့ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းဖို့ မလိုအပ်ဘူးလို့ ယူဆပါတယ်။ ဒီနေရာမှာ (မ.ဘ.သ)အဖွဲ့တွေ၊ (၉၆၉)အဖွဲ့တွေနဲ့ အခြားလိုလားသူတွေက ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ဘာသာခြားများရန်မှ ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မျိုးစောင့် ဥပဒေလိုအပ်တယ်လို့ အသေအချာကို ယုံကြည်လုပ်ဆောင်နေကြတာတွေလည်း ရှိပါတယ်။ ကျွန်တော်နဲ့ သဘောထားခြင်း မတိုက်ဆိုင်ပေမယ့် သူတို့ရဲ့ (အမျိုး၊ ဘာသာ၊ သာသနာ)အပေါ် ကာကွယ်လိုတဲ့စိတ်ဓာတ်ကို တော့ ကျွန်တော် လေးစား အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် သူတို့ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ)တွေကို တကယ်ရော ကာကွယ် စောင့်ရှောက်နိုင်ပါရဲ့လား။ တကယ်တမ်း အဲဒီအလုပ်တွေကို လုပ်နိုင်ဖို့ဆိုတာ တော်ရုံဘုန်းကြီးတွေ၊ သာမန်လူတွေအနေနဲ့ လုပ်နိုင်စရာမရှိဘူး။
စဉ်းစားကြည့်လေ…။ အမျိုး ဆိုတာက ဗမာလူမျိုး၊ တရုတ်လူမျိုး၊ ရှမ်းလူမျိုး၊ ဂျပန်လူမျိုး…(စသဖြင့်) ။ အင်္ဂလိပ်လိုကျ (Race) ပေါ့။ ဘာသာ ဆိုတာမှာလည်း အဓိပ္ပာယ်နှစ်ခုထွက်တယ်။ ဘာသာတရားကို ဆိုလိုတာလား။ မြန်မာဘာသာစကား (Language) ကိုပြောချင်တာလား။ သာသနာကျတော့ ကိုးကွယ်ယုံကြည်မှု (Religion) ဖြစ်သွားပြီ။ တစ်ခုနဲ့ တစ်ခု သဘောသဘာဝချင်း ခြားနားလှတဲ့ အဲဒီသုံးမျိုးစလုံးကို ကာကွယ် စောင့်ရှောက်ဖို့ဆိုတာ မလွယ်ပါဘူး။
လက်ပံတောင်းမှာ သံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ခံရတာ၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်ကို (ဦးပိုင်နဲ့ဝမ်ပေါင်)ကပေါင်းပြီး ဖြိုချတာတွေကျတော့ (မ.ဘ.သ)တွေ၊ (၉၆၉)တွေဆီက ကန့်ကွက်စကားသံလေး တောင်မှ မကြားရတာ အံ့သြမိတယ်။ ဘာသာဆိုတာကို ဘာသာတရား၊ ဘာသာသာသနာလို့ ယူရင်တော့ ရှင်းပါတယ်။ ဒီလိုမဟုတ်ဘဲ ဘာသာစကားစနစ် (Language) ကိုပြောချင်တာဆိုရင်တော့ ပြောစရာ၊ ဝေဖန်စရာတွေ ထပ်ရှိလာပြီ။ ဘာသာစကားဆိုတာကလည်း ခေတ်နဲ့အညီ အမြဲပြောင်းလဲတိုးတက်နေရတာမျိုး…။ ဝေါဟာရ အသစ်တွေက အဘိဓာန်စာအုပ်ထဲမှာ တစ်နေ့တစ်ခြား များပြားတိုးပွားလို့သာ လာနေတယ်။ ဒါမှလည်း အဲဒီဘာသာစကား၊ စာပေ၊
ယဉ်ကျေးမှုတွေဟာ ဖွံ့ဖြိုး၊ တိုးတက်လာပေမပေါ့။ အဲဒါကြီးကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက် ကြမလဲ။ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက တို့ဗမာအစည်းအရုံး ရဲ့ကြွေးကြော်သံတွေလို ‘ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား……’ ဆိုပြီး အင်္ဂလိပ်စကားမပြောဘဲ မြန်မာဘာသာစကားပြောဆို ထိန်းသိမ်းရေး လုပ်ရမှာလား။ ဒီလိုတော့ မဟုတ်လောက်ပါဘူး။ ဒါဖြင့် ဘာသာတရားကို ကာကွယ်စောင့်ရှောက်ဖို့ ပြောတာဖြစ်မယ်။ ကောင်းပြီ….ကျွန်တော်တို့ ဆက် ဆွေးနွေးကြတာပေါ့။
မလိုအပ်သလဲဆိုရင် ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေရှိပြီးသား ဖြစ်လို့ပါပဲ။
အဲဒီ(၁၉၅၄)အထူးဥပဒေအရ ဘာသာခြားယောက်ျားက ဘာသာရေးကြောင့် မိမိမယားကို ကွာရှင်းလိုရင်ဖြစ်စေ၊ ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခဲ့ရင်ဖြစ်စေ၊ ရက်စက်တဲ့အပြုအမူနဲ့ စိတ်ဆင်းရဲအောင် ပြုလုပ်ခဲ့ရင်ဖြစ်စေ….
လျော်ကြေးပေးရပါမယ်။
(ခ) မိန်းမကသာ သားသမီးအားလုံး ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိပါတယ်။
(ဂ) ယောက်ျားဖြစ်သူဟာ အရွယ်မရောက်သေးတဲ့ကလေးတွေအတွက် ကလေးစရိတ်ပေးရ ပါမယ်။
နောက်ပြီး… ဘာသာခြားယောက်ျားမှာ တရားဝင်လက်ထပ်ထားသော အခြားမယားရှိနေခဲ့ရင်လည်း မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ တန်းတူ အမွေဆက်ခံပိုင်ခွင့် ရှိပါတယ်။ ဒီအထူး ဥပေဒေက ပေးအပ်ထားတဲ့ အခွင့် အရေးများကို တရားရုံးအမိန့်က နုတ်ပယ်လို့မရ။ ဘာသာခြား လင်ယောက်ျားရဲ့ သေတမ်းစာနဲ့လည်း ပယ်ဖျက်လို့မရပါဘူး တဲ့။ ဒါကိုကြည့်ရင် ဥပဒေက ပေးတဲ့အကာအကွယ်ကို အပြည့်အ၀ ခံစားပိုင်ခွင့် ရှိတာ ထင်ရှားပါတယ်။ ဒီနေရာမှာ ကျွန်တော်က အဲဒီ (၁၉၅၄) အထူးဥပဒေဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းလေးကိုလည်း နည်းနည်း ပြောပြချင်ပါတယ်။ (၁၉၅၄)ခုနှစ်ကာလဆိုတော့ မြန်မာနိုင်ငံဟာ ၀န်ကြီးချုပ်ဦးနုရဲ့ ဖ.ဆ.ပ.လ ခေတ်ပေါ့။ ဖ.ဆ.ပ.လ ခေတ်တစ်လျှောက်လုံး ဦးနုအစိုးရအဖွဲ့မှာ ဦးနုပြီးရင် ဒုတိယသြဇာအကြီးဆုံးက ၀န်ကြီး ဦးကျော်ငြိမ်းပါ။ အဲဒီအချိန်မှာ ဦးကျော်ငြိမ်းနဲ့သူ့လူများဟာ ဥပဒေကြမ်း အဆင့် သာ ရှိသေးတဲ့ (၁၉၅၄)အထူး ဥပဒေကို အမြန်ဆုံးအတည်ဖြစ်ဖို့ လိုလားနေကြတယ်။ ဒါပေမယ့် ဦးနုကြီးက (၁၉၅၄) အထူး ဥပဒေမူကြမ်း ကို အလုပ်တွေများပြီး တော်တော်နဲ့လက်မှတ်မထိုးဘဲထားလို့ ကြန့်ကြာနေတာပေါ့။ ဦးကျော်ငြိမ်းကိုယ်တိုင်က လည်း ၀န်ကြီးချုပ် အလုပ်တွေများလို့ မေ့နေတယ်ပဲ ထင်နေတာ…။ တစ်ရက်ကျတော့ ဦးနုနဲ့ဦးကျော်ငြိမ်း နှစ်ယောက်တည်းတွေ့တဲ့အချိန်မှာ ဦးကျော်ငြိမ်းက
ဖွင့်ပြောပြီး ဦးနု မေ့နေတာကို သတိပေးလိုက်တယ် တဲ့။ အဲဒီအခါကျမှ ဦးနုက ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြပါတယ်။ ဒီတော့မှပဲ ဦးနုကြီးဟာ (၁၉၅၄)အထူးဥပဒေ မူကြမ်းကို သဘောမတူလို့ တမင်လက်မှတ်မထိုးတာမှန်း ဦးကျော်ငြိမ်းသိလိုက်ရပါတော့တယ်။ အကြောင်းကတော့ အဲဒီ ဥပဒေကြမ်းဟာ တခြားသော ဘာသာဝင်များအပေါ် မတရားသလိုဖြစ်နေတယ်လို့ ဦးနုကြီးက ထင်မြင် ယူဆလို့ပါပဲ။ ဦးနုဆိုတာက အားလုံး သိကြတဲ့အတိုင်း တကယ့်ကို ဘာသာတရားမှာ ကိုင်းရှိုင်းသက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓ၀ါဒီစစ်စစ်ကြီး….။ သူရေးသားခဲ့တဲ့စာအုပ်၊ စာပေတွေကို ဖတ်ကြည့်ရင် သူဘယ်လိုလူလဲဆို တာ သိသာလှပါတယ်။ သူ့လုပ်ရပ်တွေကြည့်ဦးမလား။ ဘုရားတွေတည်၊ ကျောင်းတွေဆောက်တဲ့ ဆဋ္ဌ သင်္ဂါယနာတင် ၀န်ကြီးချုပ်…။ သူ့လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလို့တောင် ကမ္ဘာသိ ကြေငြာခဲ့တဲ့ ဦးနုပါ။ အဲဒီ ဦးနုလိုလူကတောင် (၁၉၅၄)အထူးဥပေဒဟာ ဘာသာခြားတွေအပေါ် မတရားဘူးလို့ ဖွင့်ပြောရတဲ့အထိ ဗုဒ္ဓဘာသာမိန်းကလေးတွေအပေါ်
အပြည့်အ၀ ကာကွယ်ပေးထားသော ဥပဒေမျိုးဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် အဲဒီမှာ ဦးကျော်ငြိမ်းကလည်း ဘယ်ရမလဲ။ သူလိုလားနေတဲ့ အဲဒီဥပဒေကြမ်းကို အတည်ပြုပေးဖို့ ဦးနုကြီးကို အတင်းအကျပ်တောင်းဆိုတာပေါ့။ ဒီဥပဒေကိုသာ အတည်မပြုနိုင်ခဲ့ရင် ကျွန်တော်တို့ မြန်မာမိန်းကလေးတွေ ရှေ့လျှောက်ဒုက္ခများတော့မယ်။ ကိုကြီးနု ကယ်ပေးပါ။ ဘာညာနဲ့ မျက် ရည်တွေကျပြီး ပြောယူရတဲ့ အထိပါပဲ။ အဲဒီမှာ
ဦးနုကလည်း တက္ကသိုလ်ကျောင်းသားဘ၀၊ ဗကသအဖွဲ့မှာ ကတည်းက သူနဲ့ညီအစ်ကိုလို နေလာတဲ့ ဦးကျော်ငြိမ်းမျက်ရည်ကျနေတာကို စိတ်မချမ်းသာလွန်းလို့ နောက်ဆုံးမှာ အလျှော့ပေးပြီး (၁၉၅၄)အထူးဥပဒေကို လက်မှတ်ထိုးပေးလိုက်ရတော့တယ်။ ဒီလိုနည်းနဲ့ အတည်ဖြစ် သွားခဲ့ သော အဲဒီ (၁၉၅၄)အထူးဥပေဒဟာ မြန်မာအမျိုးသမီးတွေကို ဘာသာခြားများနဲ့ အိမ်ထောင်ပြုတဲ့အခါ အပြည့်အ၀ အာမခံချက် ရှိသွားစေပါတယ်။ ဒီလိုအကာကွယ်ပေးထားတဲ့ ဥပေဒမျိုး နိုင်ငံတကာမှာတောင် မတွေ့နိုင်ဘူးလို့ ဥပဒေပညာရှင်တွေက မှတ်ချက် ပြုရတဲ့အထိပါပဲ။
ဆိုတော့ကာ ကျွန်တော်တို့ဆီမှာ ဒီ(၁၉၅၄) အထူးဥပဒေကဲ့သို့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများအပေါ် ကာကွယ်ပေးနိုင်သော ဥပေဒမျိုးတွေ ရှိပြီးသား ဖြစ်ပါလျက်နဲ့ ဘာကြောင့်များ မျိုးစောင့်ဥပဒေက လိုအပ်နေဦး မှာလဲ။ ဒါကြောင့် ကျွန်တော်တို့က ပြည်သူအချင်းချင်း အငြင်းပွားစရာ ဖြစ်စေတဲ့ ဒီမျိုးစောင့်ဥပေဒကို လုံးဝ ထပ်မံ ပြဋ္ဌာန်းဖို့မလိုဘူးလို့ ပြတ်ပြတ်သားသား ပြောရတာဖြစ်ပါတယ်။
တစ်ဘာသာထဲ….)မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်သော `ပြည်ထောင်စုနိုင်ငံကြီး´ အဖြစ် အုတ်မြစ်ချ ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုခေါင်းဆောင်ကြီးတွေ အုတ်မြစ်ချပေးခဲ့တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်း နေထိုင်ကြသော ပြည်ထောင်စုကြီးကို ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါ၀ါနဲ့ ဂုဏ်သိက္ခာရှိအောင်၊ မပြိုကွဲရအောင်၊ အရည်အသွေးမြင့်မားပြီး တိုးတက်ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုကြီး ဖြစ်အောင်…ကျွန်တော်တို့ နောက်မျိုးဆက်များက ဆက်လက်တည်ဆောက်ထိန်းသိမ်းကြရမယ် မဟုတ်လား။ ဒီ့အတွက် လူအများစုဖြစ်တဲ့ ကျွန်တော်တို့ဗမာတွေဟာ အရင်ဦးဆုံး အတွေးအခေါ်အရ အစ်ကိုကြီးဝါဒကို စွန့်လွှတ်ရမှာ ဖြစ်ပြီး၊ ပြည်ထောင်စုကြီးထဲက တိုင်းရင်းသားလူမျိုး တစ်မျိုးလို့ ကိုယ့်ကိုယ်ကို မှတ်ယူထားကြရန် လိုအပ်လှ ပါတယ်။ ဒါဆိုရင်ဖြင့် တိုင်းရင်းသား အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့ အစ ခြေလှမ်း လှမ်းလိုက်တာပါပဲ။
အတိတ်ကာလတုန်းက အာဏာရှင်အစိုးရများဟာ ပြည်ထောင်စုကြီးထဲမှာ ဗမာလူမျိုး တစ်မျိုးထဲရဲ့ ယဉ်ကျေးမှုကိုသာ ဗဟိုပြုတဲ့ အတွေးအခေါ်၊ အယူအဆများဖြန့်ဖြူးခဲ့ခြင်း၊ မဟာဗမာ လူမျိုးကြီးဝါဒများ သွတ်သွင်းခဲ့ခြင်း၊ သူတို့ရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်အုပ်စိုးမှုများအား ဖုံးကွယ်နိုင်ရန် သူတို့ကိုယ်သူတို့လည်း ပြည်သူအများစုကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူများ အဖြစ် ပုံဖော်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ ယနေ့ ရင်ဆိုင်တွေ့ကြုံနေတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲ စိမ့်ဝင် ပျံ့နှံ့ လာစေခဲ့တယ်။ ပြည်ထောင်စုနိုင်ငံ ဆိုပြီး ပြည်ထောင်စုစနစ်နဲ့ မလျော်ညီဘဲ လူမျိုးခြား၊ဘာသာခြား လူနည်းစုဝင်များ အပေါ် ခွဲခြား ဖိနှိပ်မှုများ ပြုလုပ်ခဲ့တာ ကြောင့်မလိုလားအပ်သော ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားလာပါတော့တယ်။ အခုလည်း အမှန်တကယ် မလိုအပ်ပါဘဲနဲ့ မျိုးစောင့်ဥပဒေ ဆိုတာကြီးကို တိုင်းရင်းသား၊ ဘာသာခြားများနဲ့ ဗုဒ္ဓဘာသာဗမာများကြား အငြင်းပွားစရာ၊ စိတ်ဝမ်းကွဲစရာ ဖြစ်အောင် တင်သွင်း လာကြ ပြန်ပြီ။ ဥပမာ ပြောရရင် မျိုးစောင့်ဥပဒေကြောင့် ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသားလေး တစ်ယောက်နဲ့ ဗုဒ္ဓဘာသာဝင်
ဗမာတိုင်းရင်းသူတစ်ယောက်ဟာ လူငယ်တို့ ဘာသာဘာဝ မေတ္တာမျှ နေခဲ့ရင်တောင် လက်ထပ်ပေါင်းသင်း လို့ မရတော့ပါဘူး။ ဒီလို မဖြစ်သင့် တာမျိုးကို အတင်းအကျပ် အကောင်အထည် ဖော်လာခဲ့မယ် ဆိုရင်တော့ တိုင်းရင်းသား၊ ဘာသာခြား လူနည်းစုတွေရဲ့ မကျေနပ်မှုတွေ၊ စိတ်အားငယ်မှုတွေ အပြင်၊ ရှိနှင့်ပြီးသား လူမှုရေးသဟဇာတ ဖြစ်မှုများပါ ပျက်စီးဆုံးရှုံး သွားစေနိုင်ကြောင်း ဒီနေရာကနေ သတိပေး လိုပါတယ်။
ဘာကြောင့်လဲ ဆိုရင် အဖြေက ရှင်းပါတယ်။ တိုင်းရင်းသား လူနည်းစုဝင်တွေ အနေနဲ့လည်း လူမျိုးစုကြီးတစ်စုထဲကို ဗဟိုပြု တည်ထောင်ထားတဲ့ နိုင်ငံတော်အပေါ် ဘယ်မှာသစ္စာစောင့်သိ ချင်ပါတော့ မလဲ။ အဲဒီအခါ လူမျိုးကြီးဝါဒကိုခံပြင်းပြီး ပြည်ထောင်စုစိတ်ဓါတ်တွေ ဆိတ်သုန်းလာမယ်။ နောက်ဆုံးမှာ ပြည်ထောင်စုကြီးတစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ပြိုကွဲစေတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ ရိုးရိုးလေးပါပဲ…။ပြည်ထောင်စုကြီး ပြိုကွဲပြီ ဆိုမှတော့ ကျွန်တော်တို့ အမျိုးသားအကျိုးစီးပွားတွေလည်း သွားပြီပေါ့။ အခုတောင် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုက ယဲ့ယဲ့လေးပဲ
ရှိတာ…။ဒီအချိန်မှာ မျိုးစောင့်ဥပဒေ ပြဌာန်း လိုက်လို့ကတော့ ညီညွှတ်ရေးဟာ ပိုမိုအလှမ်းဝေးသွားဖို့သာ ရှိပါတယ်။ ဒါကို ကောက်ချက်ချ ကြည့်လိုက်ရင် အစွန်းရောက် အမျိုးသားရေးစိတ်က ပြည်ထောင်စုပြိုကွဲမှုကို ဖြစ်စေနိုင်တယ်။ ပြည်ထောင်စုကြီး ပြိုကွဲတဲ့ အခါ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်နိုင်တယ်….ဆိုတဲ့ အဖြေမျိုးထွက်ပါတယ်။ ဒီတော့ကာ ကျွန်တော်ကလည်း နိုင်ငံသား တစ်ယောက် အနေနဲ့ တာဝန်သိရှိစွာ မျိုးစောင့်ဥပဒေ အပေါ် ကန့်ကွက် လိုက်ရကြောင်းပါ ခင်ဗျား….။ ။
။၂။ နု-အက်တလီ စာချုပ်
။၃။ တာတေစနေသား (ဦးနု)
။၎။ ပဋိပက္ခများနှင့် မြန်မာပြည် (KEM အယ်ဒီတာအဖွဲ့)