ခေတ်ဆန်း မြန်မာ
-
နိုင်ငံရေးမှာ စစ်တပ်ပါဝင်ပက်သက်မှုကို NLD က အတိုင်းအတာတခုအထိ လက်ခံပေးထားတဲ့အပြင် ပိုကြီးကျယ် လေးနက်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်ရင်း စေတနာရင်းနဲ့ ပါဝင်လုပ်ဆောင်ဖို့ ဆက်လက် နေရာ ပေရ ပါလိမ့်ဦးမယ်။
-
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်း မှုက ရှည်လျား၊ ခက်ခဲခဲ့ပါတယ်။
-
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် ရေးထိုးခဲ့သည့် "ငါတို့သည် တမျိုး တဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ။…… ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီး ငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်” ဟူ သော နိုင်ငံ့ခေါင်းဆောင် များ၏ မြော်မှန်းချက် များကို ကြည့်မည်ဆိုလျှင် တိုင်းရင်းသးများ သာတူ ညီမျှ အားထုတ်-ခံစားလျှင် မြန်မာနိုင်ငံ၏ သဘာဝ သံယံဇာတများက မြန်မာနိုင်ငံကို အာရှရဲ့ ထိပ်တန်း စီးပွါးရေးနိုင်ငံတစ်ခု ဖြစ်အောင် အလွယ်တကူ ဆောင်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာထင်ရှားပါတယ်။
-
လွတ်လပ်ရေးရပြီးစကာလတွင် ဒေသတွင်း အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ကာ လူတစ်ယောက် ကားတစ်စီး အိမ်တစ်လုံး ၀င်ငွေ ၈၀၀ ကျပ် ဆိုတဲ့ ပြည်တော်သာ စီမံကိန်းများနဲ့ အိမ်မက်တွေဟာ လှပခဲ့ပါတယ်။
လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်း စစ်မီး တောက်လောင် ခဲ့ရပေမဲ့ ပါလီမန် ဒီမိုကရေစီနဲ့ ဈေးကွက် စီးပွားရေး အသီးအပွင့်ကို ခံစား ခဲ့ရလို့ အရှေ့တောင် အာရှမှာ စီးပွားရေး အလားအလာ အရှိဆုံး အဖြစ်နဲ့ ပတ်ဝန်းကျင် အိမ်ချင်း နိုင်ငံတွေက တလေးတစား အလေးထား ခဲ့ရတယ်။
-
ဒါပေမဲ့ အိပ်မက်တွေ ပျက်သုဉ်းခဲ့ရပြီး စစ်အုပ်ချုပ်ရေး ကာလများစွာမှာ အာဏာရှင်ဆန်စွာအုပ်ချုပ်ခဲ့မှု၊ နိုင်လိုမင်းထက်ပြုမှုများနှင့် တံခါးပိတ်ဝါဒများက တိုင်းပြည်၏ စီးပွါးရေးဆိုင်ရာ စီမံခန့်ခွဲမှုလမ်းကြောင်းများကို ဆိုးဝါးစွာ ပျက်စီးစေခဲ့ပြီး အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံများ ရဲ့ အနောက်ကို ရောက်ရှိခဲ့ရတဲ့ အပြင် နှစ် ၅၀ ကျော် အချိန်မှာတော့ မြန်မာဟာ ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်နေခဲ့ပါပြီ။
-
အာဏာရှင် စနစ်ဆိုးကြောင့်ဟု လက်ညှိုးးထိုးးနိုင်ပေမဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများ ဟာလည်း အာဏာရှင်နဲ့ အာဏာရှင်တပိုင်း နိုင်ငံများဘ၀မှပင် တိုင်းပြည်ကိုတော့ လူမွေးလူတောင် ပြောင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
-
အာဏာလုမှုများ အကတိ လိုက်စားမှုများ ရှိသည့်တိုင် သူတို.၏ ထုတ်ကုန်များကို အသိပညာအရ ၊ နည်းပညာအရ ပို၍မြင့်မားသည့် သို.မဟုတ် အရင်းအနှီးအရ ပို၍ရင်းနှီးမြှုပ်နှံရသည့် ထုတ်ကုန်များသို. ပြောင်းလဲလာနေကြသည်။
တိုင်းပြည်၏ စီးပွားရေး အဆင့်အတန်း လူနေမှုအဆင့်အတန်းများ မြင့်မားစေခဲ့သည်။
စင်္ကာပူဆိုလျှင် တိုင်ဝမ် ၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို.ကို ယှဉ်ကာ အာရှ၏ ကျားလေးကောင် စာရင်းဝင် ဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံဆိုလျှင် ၁၉၃၂ ခုနှစ်၊ စည်းမျဉ်းခံ ဘုရင်စနစ် ပြဌာန်းသည့်အချိန်မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၈ ကြိမ် ပြင်လာခဲ့ရသည်။ စစ်တပ်ကလည်း အကြိမ်ကြိမ် အာဏာထဲ ဝင်ရောက်စွက်ဖက် ခဲ့ကြသည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်၊ ဘုရင်စနစ်နှင့် ဘာသာရေးက အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေသည်။ မည်သို့ပင် ဖြစ်စေ၊သူသည်လည်း အရှေ့တောင်အာရှ၏ ကျားတကောင်ပင်ဖြစ်သည်။
ပြည်သူ့အကျိုးကို ရည်မျှော် တဲ့ စီးပွားရေးပေါ်လစီတွေ အလုပ်အကိုင်ကြီးထွားမှုမှာ အထောက်အကူဖြစ်ဖို့ ကျေးရွာရန်ပုံငွေ စီမံချက်နဲ့ တခြားကျေးလက် စီမံကိန်းတွေ ပေါ်လစီတွေကိုစစ်တပ်ကပါ လက်ခံယုံကြည်နေတာကြောင့် ဖြစ်တယ်။
၁၉၅၇ ခုနှစ်မှ စ၍ နိုင်ငံတော်အာဏာအား ချုပ်ကိုင် ခဲ့သည် ညီညွတ်သော မလေးအမျိုးသား အစည်းအရုံး ( UMNO ) တွင် မလေးရှား အသွင်ကူးပြောင်းရေးကို ပဲ့ကိုင်မည့် ၀န်ကြီးချုပ်ကို အရည်အခြင်းရှိသူများဖြင့် အစဉ်သဖြင့် အစားထိုး အလဲအလှယ်ပြုခဲ့သည်။
မလေးလူမျိုး အများစု ဖြင့် ဖွဲ့စည်းထားသော UMNO ပါတီ၏ မူဝါဒများကို လိမ္မာ ပါးနပ်စွာ ပြောင်းလဲနိုင်ခဲ့ သည်။ လာဘ်လာဘအကျင့်ပျက်ခြစားမှု ထူပြောနေသော အုပ်ချုပ် ရေးယန္ဒရားကို ပြုပြင်ပြောင်းလဲ သည့်အနေဖြင့် ပြည်သူများ၏ အခြေခံ လွတ်လပ်ခွင့်ကို အာမခံထားပေးသော အပြောင်းအလဲ ကို သူတို့ ဂတိဂ၀တ်ပေး ခဲ့သည်။ ဤသို့ဖြင့် လွန့်လူးနေသော မလေးရှားစီးပွားရေး နိုင်ငံရေးတို့ကို ပဲ့ကိုင်ပေးမည့် ခေါင်းဆောင်များ ပေါ်ပေါက်ပြောင်းလဲနေသည်။
မြန်မာနိုင်ငံမှာကား ထိုသို့မဟုတ်။
၁၉၆၂မှစပြီး ၁၉၈၈ အထိ ကာလတလျောက်လုံး တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးကာ ပါတီခေါင်းဆောင်ကြီး၏ တသွေး တသံ တမိန့်နှင့် စီးစိမ်ချမ်းသာတို့ကို (ရေမြေ့ရှင်) မိသားစုတစုသာ ခံစားစံစားခဲ့ကြသည်။
-
(အခိုက်သင့်သောကြောင့် တပါတီအာဏာရှင်စနစ်နဲ့ ပါတ်သက်လို့ ယနေ့အချို့ပြောနေကြသော အထူးသဖြင့် USDP ပါတီ အ၀န်းအ၀ိုင်းမှ သူများအား ရှင်းပြလိုသည်မှာ - တပါတီဘဲ ရှိအောင်လက်နက်အဏာနဲ့ ထိမ်းချုပ်ထားတာကို တပါတီအာဏာရှင် လို့ ခေါ်ပါတယ်။
-
ပါတီပေါင်း ခုနှစ်သိန်းနှစ်သောင်းလောက် လွတ်လွတ်လတ်လတ်ပြိုင်တဲ့ထဲက အများစုက တပါတီထဲကို မဲပေးးလို့ တက်လာတာက ပြည်သူ့သဘောထား ပြည်သူလူထု၏ ရွေးချယ်မှု ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဖွင့်ဆိုရပါမယ်။
အာဏာ၃ရပ်ကို ပြည်သူက ယုံကြည်ရွေးချယ် ဆင်းသက် လာတဲ့ သူတွေလက်ထဲထည့်လိုက်ပီ ဒီလူတွေ ရေးဆွဲ တင်ပြ အတည်ပြုတာကို ပါလီမန်ဒီမိုကရေစီ နည်းးစနစ်လို့ခေါ်ပါတယ်။
ဒါကို ဒီမိုကရေစီ အနိုင်ကျင့်မှုလို့ ပြောရန်မရှိပါ။ ပြည်သူ့ သဘောမကြည်ဖြူဘဲ နိုင်ငံရေးမှာ အတင်းဝင်ရောက်နေရာယူ ချယ်လှယ်တာသည်သာလျှင် ဒီမိုကရေစီ အနိုင်ကျင့်မှုလို့ ခေါ်ပါတယ်။)
-
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ)၊ The Burma Socialist Programme Party (BSSP) ကို ဖွဲ့စည်းရန် ပါတီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဋ္ဌာန်းကာ၊ အမြုတေ ပါတီ အဖြစ် စတင် ဖွဲ့စည်း ခဲ့တယ်။ ဒီ အမြုတေ ပါတီကို ဗဟို ဦးစီး စနစ်နဲ့ ဖွဲ့စည်း ထားတယ်။
ဒုတိယ အဆင့်က အမြုတေ ပါတီ ပုံသဏ္ဌာန်မှ ပြည်သူ တရပ်လုံး၏ ပါတီ ပုံသဏ္ဌာန်သို့ အများ ဆန္ဒအရ ဗဟိုက တာဝန် ယူ၍ အုပ်ချုပ်သော စနစ် ကူးပြောင်း ရောက်ရှိသော အဆင့် ဖြစ်တယ်။"မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်" ကို မိမိရဲ့ လုပ်ငန်း လမ်းညွှန် အဖြစ် ခံယူပြီး ဆိုရှယ်လစ် စီးပွားရေး စနစ်ကြီး ပြီးမြောက် အောင်မြင်အောင် ကြမ်းပမ်း ဆောင်ရွက် ရမယ်လို့ ကြေညာခဲ့တယ်။
လက်တွေ့ မှာတော့ "အများ ဆန္ဒအရ ဗဟိုက တာဝန် ယူ၍ အုပ်ချုပ်သော စနစ်" ဆိုတဲ့ စကားလုံးဟာ ဗိုလ်ချုပ်ကြီး နေဝင်း တယောက် တည်းကသာ မဆလ ပျက်သုဉ်းချိန် အထိ ပါတီနဲ့ နိုင်ငံတော်ကို လွှမ်းမိုး ချုပ်ကိုင် အုပ်စိုး သွားတာ ဖြစ်တယ်။
-
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ စစ်အာဏာရှင် ဇာတိပြ အဖြစ် သွေချောင်းစီး သတ်ဖြတ်ဖမ်းဆီးမှုတွေနဲ့အတူ မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အဦ ကိုပါ မိုက်ရိုင်းစွာဖေါက်ခွဲဖျက်ဆီးခဲ့တယ်။
-
၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ နိုင်ငံတွင်းရှိ ဘဏ်အားလုံးကို ပြည်သူပိုင် အမည် တပ်ပြီး စစ်တပ်က သိမ်းယူ လိုက်တယ်။ အောက်တိုဘာ ၁၉ ရက်မှာ တော်လှန်ရေး ကောင်စီ ဥပဒေ အမှတ် - ၃၃ ကို ထုတ်ပြန်ကာ "လုပ်ငန်းများ နိုင်ငံပိုင် ပြုလုပ်ခြင်း ဥပဒေ" ကို ပြဋ္ဌာန်း လိုက်တယ်။ ဒီဥပဒေတွေ အရ့  ပြည်သူ လူထု သမ္မာ အာဇီဝနဲ့ လုပ်ကိုင် စားသောက် နေတဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း တွေနဲ့ ဈေးဆိုင် တွေကို စစ်တပ်က လက်နက် အားကိုးနဲ့ အတင်း အဓမ္မ လိုက်လံ သိမ်းယူ ပါတော့တယ်။ နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းနဲ့ ဈေးဆိုင် တွေကို သာမက ကောက်ပဲသီးနှံ ရောင်းဝယ်တာ ကိုပါ စစ်တပ်က ချုပ်ကိုင် လာတယ်။
-
ဦးဆောင်သူ စစ်တပ် အရာရှိ တွေရဲ့ အကျင့်ပျက် လာဘ်စားမှု၊ စီးပွားရေး နားလည် တတ်ကျွမ်းမှု မရှိမှုနဲ့ အလွဲလွဲ အချော်ချော် စီမံ ခန့်ခွဲမှု တွေကြောင့်၊တိုင်းရင်းသား ပြည်သူ လူထု တရပ်လုံး ဆင်းရဲမွဲတေကာ အရှေ့တောင် အာရှမှာ စာတတ်မှု အမြင့်မားဆုံးလို့ ဆိုတဲ့ မြန်မာ နိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံ (LDC, Least Development Country) စာရင်း ဝင်ခဲ့ရ တော့တယ်။
-
ဒါပေမဲ့ မဆလခေတ်တလျှောက်မှာ အရာရှိ တွေရဲ့ အကျင့်ပျက် လာဘ်စားမှု၊ဆိုတာက ခွဲတန်းထုတ်စား တာရယ် အပေါ်ရံ ရေပေါ်ဆီ ခပ်စားတာလောက်သာဖြစ်ပြီး တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို တနှင့်တပိုး မှောင်ပိုင်စီးထားတာကတော့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ တမိသားစုကသာလျှင်ခံစားစံစားကြတာဖြစ်ပါတယ်။
-
န၀တ နအဖခေတ်များရောက်တော့ စစ်ကောင်စီဝင်တွေက အလယ်ပုံစား တပြည်လုံးကို စစ်တိုင်း၁၃တိုင်းအထိ ခွဲပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ဗိုလ်ချုပ်တွေက နယ်စားပယ်စားတွေ အဖြစ်နဲ့ နောက်လိုက်ငယ်သား စစ်စခန်းပါ ငယ်ကျွန်တော်တွေ ဘေးကပ် အောက်ပင့် ပသသူတွေပါ တသိုက်တ၀န်း ၀ိုင်းစားလိုက်တာ တိုင်းပြည်မှာ မြေကြီးချည်းကျန်ရင် အရင်းဘဲလို့တောင် မပြောနိုင်တဲ့ဘ၀ရောက်ပါတော့တယ်။
-
တိုင်းသူပြည်သားတွေရဲ့ ပညာရေး ကျမ်းမာရေး လူမှုရေး စသည် အခွင့်အရေးမှန်သမျှ ဆုံးရှုံးရုံသာမက တရားဥပဒေအစောင့်အရှောက်မဲ့သည့်ဘ၀ သို့ရောက်ကြကာ အခွင့်ထူးခံများအဖို့မူ နိုင်ငံရေးအရ မညှိစွန်းလျှင် ဘိန်းစိုက်ဘိန်းချ ဖါခန်းထောင် ရွှေတူး သစ်ခုတ် ထင်တာလုပ်ခွင့်ရ ကာလထူးဖြစ်ခဲ့သည်။
-
မဆလခေတ်မှာ ပြည်တော်သာစီမံကိန်း တွေဟာ လှောင်ပြောင်ခံရတဲ့အဆင့် ရောက်အောင် ၀ါဒဖြန့်ခဲ့ပေမဲ့ အဲဒီစီမံကိန်းဟာ ဆန်စပါးနဲ့စိုက်ပျိုးရေးပို့ကုန်ကို အခြေခံပြီး နိုင်ငံတော်ရဲ့ အခြေခံအဆောက်အဦး တစ်ခုလုံးကို မြှင့်တင်ကာ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ ရေရှည်စီမံကိန်းတစ်ခုပါ။
-
ထိုစီမံကိန်းထဲမှာ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၊ မူးမြစ်ဝှမ်းစီမံကိန်း၊ ရဲရွာရေအားလျှပ်စစ် စီမံကိန်း၊ ရန်ကုန်မန္တလေး အမြန်လမ်းမစီမံကိန်း၊ ပညာရေးနဲ့ ကျန်းမာရေး စီမံကိန်းများနှင့်
အခြားသော တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေပါဝင်ပါတယ် ရန်ကင်း နဲ့ ဖဆပလက အိမ်ယာစီမံကိန်းတွေ မကွေးက ပြည်တော်သာတိုက်ခန်းတွေ၊ ရန်ကုန် လှိုင်ကောလိပ်စတာတွေဟာ စီမံကိန်းရဲ့ အစိတ်အပိုင်းတွေပါ။
နယ်စွန်နယ်ဖျားဒေသများ ခရီးလမ်းပမ်းဆက်သွယ်ရေး ကုန်စည်ဖြန့်ဖြူးးရေး ကုန်ဈေးနှုန်းတည်ညိမ်ရေးတို့ကိုရည်စူးပြီး နယ်စပ် ပါတ်လမ်းဖေါက်ရန် စစ်တပ် ရဲတပ်များမှ အနားယူသွားတဲ့ရဲဘော်မိသားစု အခြေချနေထိုင်ဖို့ ထိုနယ်စပ်လမ်းများတွင် ရွာတည်ပေးခြင်းဖြင့် နယ်စပ်ကာကွယ်ရေးကိုပါ အားဖြည့်မဲ့ စီမံကိန်းများ ပါဝင်ပါတယ်။ အခုစစ်တပ်ရဲ့ နယ်ခြားစောင့်တပ် စီမံကိန်းBGFပေါ့။
-
နအဖလက်ထပ် ရောက်တဲ့အခါ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့လက်ထက်မှာ ဆောင်ရွက်တာလို့ ဖြစ်စေဖို့ ပြည်တော်သာစီမံကိန်းကို ပုံတူးကူးပြီး ရောလွတ်တာ.. ။
-
နအဖရဲ့ စီးပွားရေးဦးတည်ချက် လေးရပ် မှာ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ တိုးတက်စေရေးဆိုတာ ပြည်တော်သာ စီမံကိန်းရဲ့ Main Objective ပါ။
ဒါပေမဲ့ စစ်အစိုးရပိုင်မီဒီယာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွှန်ချက် တို့ အမျှော်အမြင် ကြီးမှုတို့ပေါ့လေ။
-
ဆိုးတာက ပညာတတ်တွေကို လူရာမသွင်းတဲ့ ဥာဏ်မရှိတဲ့ စစ်ဗိုလ်တွေအုပ်စိုးခံရတဲ့အောက်မှာ ဘနဖူး သိုက်တူးမဲ့ အခွင့်အရေးသမားတွေ ခြေတော်တင်ရရင် ပါမစ်ရမယ်ဆိုတဲ့ ၀န်ကြီးဗိုလ်ချုပ်တွေ လက်ထဲမှာ စီးပွားရေးကဏ္ဍများ တိုးတက်စေရေးဆိုတာကနေ တိုင်ပြည်အလုံး ပြည်တော်ပြောင် စီမံကိန်းအသွင်ရောက်သွားတော့တာပါ။
-
အပိုင်း-၂
-
အဓိကအကျဆုံး အခြေအနေကတော့ ဒီမိုကရေစီ စနစ် ဆိုတာဟာ ပြည်သူလူထုက ရွေးချယ်တင်မြောက်ခြင်း ခံရသူ ပြည်သူ့ကိုယ်စားလှယ်များက အပြည့်အ၀ စီမံခန့်ခွဲ အုပ်ချုပ်ခွင့် ရှိတဲ့ အခြေအနေကို ခေါ်ဆိုတာမို့
စစ်တပ်ဟာ အရပ်ဘက် အုပ်ချုပ်ရေး အောက် လုံးလုံးလျားလျား ရှိကိုရှိရမဲ့အခြေအနေမျိုးကို တနည်းပြောရရင် တပ်မတော်ဟာ အရပ်သား အစိုးရ လက်အောက်မှာ ကာကွယ်ရေး တာဝန်ကိုပဲ လုံးလုံးလျားလျား ပီပီသသ တာဝန်ယူရမဲ့ အခြေအနေကို အနှစ်ငါးဆယ်လုံးလုံး ငါတို့သာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး တိုင်းပြည်တိုးတက်ရေး အ၀၀ကို ဆောင်ရွက်တတ် လုပ်ကိုင်တွေးခေါ်တတ်တယ်လို့ ခေါင်းထဲသွတ်သွင်းခံလာရတဲ့သူတွေ အဖို့ လက်ခံဖို့ အခက်ကြီး ခက်မှာ အသေအခြာပါဘဲ။
-
ဒါကြောင့် အသွင်ကူးပြောင်းရေးမှာ ဒီကဏ္ဍကို အချိန်ပေးကို ပေးရပါလိမ့်မယ်။
ဒါကြောင့်အသွင်ကူးပြောင်းရေးကာလမှ ဒီမိုကရေစီစံနှုန်းထက် တိုင်းပြည်အခြေအနေ ဘယ်လိုဖြစ်နေလဲ ဘာတွေလိုအပ်နေလဲ ငါတို့အပိုင်းကိုယ်စီက ဘာတွေလုပ်နိုင်ကြမလဲ ဆိုတာကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်ပြီး စစ်ဖက် အရပ်ဖက် သာမန်ပြည်သူ နိုင်ငံရေးသမား ၀န်ထမ်း တိုင်းရင်းသား ကျောင်းသား ပြည်တွင်း ပြည်ပ အလုပ်သမား လယ်သမား မခွဲမခြား စိတ်ရင်းစေတနာရင်း မှန်ကန်စွာ ပူးပေါင်းဆောင်ရွက်ပါမှ
အသွင်ကူးပြောင်းရေးမှာအောင်မြင်ခြင်း လျှင်မြန်ခြင်းတို့ကို ရောက်မှာဖြစ်ပါတယ်။
-
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ရှိရင်းစွဲ တိုင်းပြည်အခြေအနေ အရပ်ရပ်ဟာ မြင့်ရာမှနိမ့်ရာသို့ လိမ့်ဆင်းလာခဲ့ရာမှ န၀တခေတ် အရောက်တွင်မူ တပြည်လုံးရစရာမရှိအောင်ပျက်ခြင်းသို့ရောကခဲ့သည်။
-
တပြည်လုံးကို စစ်တိုင်းတွေခွဲပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ဗိုလ်ချုပ်တွေက နယ်စားပယ်စားတွေ အဖြစ်နဲ့ နိုင်ငံ့ငွေ တွေ တသိုက်တ၀န်း ၀ိုင်းစားလိုက်တာ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ စစ်စည်းကမ်း၊နည်းဥပဒေများ အကုန် ချိုးဖေါက် လုပ်ချင်တာတွေကို ထင်သလိုလုပ်လိုက်ကြသည်မှာ တပ်မတော်အတွင်း အဆင့်တန်းအားလုံး လုပ်ချင်တာလုပ်လို့ရတယ် စစ်စည်းကမ်း၊နည်းဥပဒေ များ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ၊ စောင့်စည်းစရာ မလိုဘူးဆိုသည့်သဘောမျိုးဖြစ်ခဲ့ပါတယ်။
ရှေ့တန်းစစ်မြေပြင်များတွင် စစ်သားလုပ်ချင်တာလုပ်လို့ ရတယ်ဆိုသည့် အတွေးအခေါ်များဝင်လာပြီး လူသတ် မုဒိန်းကျင့် ဆက်ကြေးငွေတောင်းတာတွေ ဖြစ်လာခဲ့ပါ တယ် အချို့ အရာရှိတွေကိုယ်တိုင်ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြပါတယ်။
-
တပ်က အရာရှိ တွေကို အစိုးရအဖွဲ့ရုံးမှာ တွဲပြီး ခရိုင် နဲ့ မြို့နယ်တွေမှာ သီးခြားအုပ်ချုပ် စေခဲ့တဲ့အချိန် စစ်တိုင်းမှူးတွေကတော့ တပ်ကိုရော နယ်ဘက်အုပ်ချုပ်ရေး ကိုပါ တွဲကိုင်ရပါတယ်။ အဲဒီမှာ တပ်ရော အရပ်ရော တပြည်လုံးပျက်ပါတော့တယ်။
-
ခြေတော်တင်ရရင် ပါမစ်ရမယ်ဆိုတဲ့ ၀န်ကြီးဗိုလ်ချုပ်တွေလို့ ပထမပိုင်းမှာပြောခဲ့သလို နဝတ ခေတ်က အဆိုးဆုံးဗိုလ်ချုပ်ကြီးတွေလို့ ပြောကြတဲ့ဗိုလ်ချုပ်ထွန်းကြည် ဗိုလ်ချုပ်မြင့်အောင် ဗိုလ်ချုပ်ကျော်ဘ တို့ကို
အာဏာမထိပါးရေးအတွက် ဖယ်ရှားခဲ့သော်လည်း ယနေ့တိုင် ထိုက်တန်သည့် အရေးယူမှုမရှိခဲ့ပါ။
-
ဒီနေ့ မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားခြင်းကို ဗြောင်လုပ်ဆောင်ရဲတဲ့အဆင့် ရှိနေပါတယ်။ ဟီရိသြတ္တပ္ပတရားတွေပျောက်ဆုံးစေတဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေဟာ နေ့ စဉ်လူမှုဘ၀ တွေထဲမှာ သမရိုးကျကိစ္စတရပ်လို ပျော်ဝင်ကာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ အပေးအယူလုပ်နေကြတာ-
-
ဒီအကျင့်ပျက်မှုဟာ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေထဲမှာသာမက နိုင်ငံနဲ့  ချီပြီး စာရိတ္တ ကျိုးပြတ် ချွတ်ခြုံကျစေအောင် အဖျက်စွမ်းအားကြီးမားလွန်းလှပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် စစ်ရေးအမြင် ၊ စစ်ရေးရပ်တည်မှု၊ စစ်အာဏာ တည်မြဲမှုကိုသာ ရှေးရူ၍ အရာရာကို စစ်ရေးအမြင်ဖြင့်သာ ရူမြင်သုံးသပ် ဆောင်ရွက်ခဲ့သည်။
ယစ်မူး ထောင်လွှားနေတဲ့ စစ်တိုင်းမှူးများဖြစ်သော ဗိုလ်ချုပ်များကို တပ်မဲ့ ဗိုလ်ချုပ်ဖြစ်လာအောင် စနစ်တကျ စတင်လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဗိုလ်ချုပ် ထွန်းကြည်ကို ကုန်သွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကျော်ဘကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး၊ ဗိုလ်ချုပ် အေးသောင်ကို အလုပ်သမားဝန်ကြီးအဖြစ်ဖြင့် ၁၉၉၂ စက်တင်ဘာလ ၂၄ ရက် တွင် ခန့်အပ်ကာ တပ်နှင့် အဆက်ဖြတ်လိုက်လေသည်။
စစ်တိုင်းမှူး တာဝန်များမှ ရုပ်သိမ်း၍ တပ်နှင့် အဆက် ဖြတ်ထားသော်လည်း ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဘက်ဆိုင်ရာ ရာထူးများကို ဆက်လက်ပေးထားသည့်အပြင် မြိုးမြိုးမြက်မြက်လေး စားရသည့် ၀န်ကြီးဌာနများကို ပေးပြီး နှစ်သိမ့်လိုက်သည့်အတွက် ရာထူးဖြုတ် ထိမ်းသိမ်းစစ်ဆေးခံရသည်အထိ အငိုက်မိသွားကြသည်။
ဒီ (၃) ယောက်လုံးဟာ ဘယ်သူကိုမှဂရုမစိုက် လုပ်ချင်တာကိုအရှက်သိက္ခာမဲ့စွာ လုပ်ခဲ့ကြသူများလဲ ဖြစ်ကြပါတယ်။ စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်ထွန်းကြည် အိမ်ကိုရှာသည့်အခါ် မြန်မာကျပ်ငွေတွေကို အခန်းပြည့်တွေ့ပြီးသိမ်းဆီးမိခဲ့ရပါတယ်။
ဗိုလ်ချုပ်မြင့်အောင် ဆို ကိုယ်ရေး အရာရှိလုပ်သူက သူသွားလေရာအိပ်လေရာ နေရာတိုင်းမှာ အတူအိပ်ဖို့ မိန်းမရှာထားရပါတယ်။သမီးအရွယ် ရုပ်ရှင်မင်းသမီးလေးတွေပါမကျန် ငွေနဲ့ လုပ်ပိုင်ခွင့်ပေးပြီး ထင်သလိုလုပ်ခဲ့ပါတယ်။
ရာထူးပြုတ်တာလောက်ကလွဲရင် ဗိုလ်နေမြဲ ကျားနေမြဲပါဘဲ။
-
နောက်အဆိုးတမျိုးကတော့ စစ်ထောက်လှမ်းရေးတခေတ်ဖြစ်ပါတယ်။
စစ်ထောက်လှမ်းရေးတပ်ဆွယ်က တပ်ကြပ်ကြီးတယောက်ဟာ ဒေသခံတပ်က ဗိုလ်မှူးတယောက်ထက် သြဇာကြီးပါတယ်။ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးတယောက်ဟာ မယား၃ယောက်ကို တိုက်တလုံးစီ ဆယ်ဘီးကားခေါ်တဲ့ကုန်ကားတစီးစီ လက်ဝတ်ရွှေငွေအပြည့် ဆင်တူထားနိုင်ပါတယ်။
-
ဗိုလ်ချုပ်နေ၀င်း အာဏါသိမ်းပြီးမှ စစ်ထောက်လှမ်းရေး ကိုစစ်အာဏါရှင်တည်မြဲရေးအတွက်လက် ကိုင်ထုတ် အဖြစ်အသုံးချခဲ့တာကြောင့်စစ်ထောက်လှမ်းရေးဆိုတာ သြဇာကြီးလာပါတယ်။
န၀တ အစိုးရ နိုင်ငံခြားငွေ မဆိုစလောက်သာ လက်ကျန်ရှိတော့တဲ့အချိန်မှာ ခွန်ဆာတို့၊ လော် စစ်ဟန်တို့လို့ ဘိမ်းဘုရင်တွေလက်နက်ချစေပြီး ငွေမဲတွေကိုခ၀ါချပြီးငွေဖြူဖေါ်ပေးရင်း၊ စစ်တပ်ကို (ငွေ) ရှာပေးခဲ့တာ စစ်ထောက်လှမ်းရေး။
ဗကပကိုအာဏါသိမ်းလာတဲ့ လက်နက်ကိုင်(၀) အဖွဲ့တွေနဲ့ ကျန် လက်နက်ကိုင်အဖွဲ့တွေကို အတိုက်ရပ်ပြီး ယာယီငြိမ်းချမ်းရယူနိုင်ခဲ့တာလည်းထောက်လှမ်းရေး။
အာစီယံ ထဲဝင်နိုင်ဖို့စီမံနိုင်ခဲ့တာမှာ နိုင်ငံခြား ရေး။ ပြန်ကြားရေးနဲ့နက်စပ်ရေးရာဝန်ကြီးဌါနတွေကို ထောင်လှမ်းရေးက လွမ်းမိုးထားနိုင်ခဲ့ပါတယ်။
-
စစ်ရေးအမြင်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ထောက်လှမ်းရေးကို (ကကကြည်း) နဲ့ အသာလေးလှမ်းထောက်ထားပါတယ်။ ထောက်လှမ်းရေးတွေအာဏာရှိတယ်ဆိုတာ စစ်အာဏာရှင် စနစ်ရဲ့ တဆင့်ခံအာဏာ သာပေးထားပါတယ်။ မထိမ်းနိုင်လောက်ဘူးထင်တော့ အမြစ်ကတူးပြစ်လိုက်တာပါဘဲ။
-
လူမှန်တွေအခြေမဟန်ကြတဲ့ကာလ ဘနဖူး သိုက်တူးမဲ့ အခွင့်အရေးသမားတွေ ဆယ်စုနှစ်များစွာ အုပ်စိုးခဲ့သော စစ်အာဏာရှင် စနစ်ကြောင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအားလုံးနီးပါးကို စစ်တပ်နှင့် လက်ဝေခံ ခရိုနီကြီးများက လွှမ်းမိုး လက်ဝါးကြီး အုပ်ထားသည်။
-
ဥာဏ်မရှိတဲ့ စစ်ဗိုလ်တွေအုပ်စိုးခံရတဲ့အောက်မှာလို့ ပြောခဲ့တဲ့အတွက် တပ်မတော်သားတွေက ခံခြင်မှာ မဟုတ်ပါဘူး။ ၄တန်းနဲ့စစ်ထဲဝင် ဗိုလ်ချုပ်ဖြစ်လာတော့ ၄တန်မအောင်ဘူးပေါ့။
စစ်ဗိုလ်ဖြစ်ကတည်းက ဘွဲ့ရဖြစ်တဲ့အပြင် ဇနီးမယားကအစ ဘွဲ့ရဖြစ်မှ ဆိုတဲ့ခေတ် နိုင်ငံတကာ မဟာဗျူဟာ၊ နိုင်ငံရေး စီးပွါးရေး စစ်ရေးတွေကို ကျွမ်းကျင်နှံ့စပ်မှုရှိအောင် လေ့လာလေ့ကျင့်သင်ကြားပေးတဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC (National Defense College) နဲ့ စစ်ဦးစီးတက္ကသိုလ် ကျောင်းဆင်း ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေကို တာဝန်ပေးအပ်တဲ့ခေတ်ကိုတော့ ရောက်ပါတယ် အသိညဏ် တခြမ်းကပ်နဲ့ပါ။
-
ပညာရေးကို အာဏာတည်မြဲရေးအတွက် အသုံးချသည့် နည်းလမ်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆိုရှယ်လစ်ခေတ် တစ်လျှောက်လုံးမှာ ပညာရေးကို နိုင်ငံရေးအတွက် မဆလပါတီတည်မြဲဖို့အတွက် အသုံးချခဲ့သည်။ မျိုးဆက်သစ်များကို မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်အတွေးအခေါ်ဘောင်ထဲက တစ်ဆင့်သာ တွေးခေါ်စေခဲ့သည်။
-
၁၉၈၈ နောက်ပိုင်း န၀တအစိုးရ တက်လာသည့်နောက်ပိုင်းမှာလည်း အလားတူသာ ပညာရေးအရ ကမ္ဘာ့အဆင့်အတန်း အောက်ဆုံးကို ထိုးကျနေချိန်မှာ ကာကွယ်ရေးကတော့ ထိပ်မှာရှိနေပြီဟု ကြံဖန်ဂုဏ်ယူခဲ့သေးသည်။
နိုင်ငံတစ်နိုင်ငံချင်းစီ၏ GDP နှင့် ကာကွယ်ရေးအသုံးစရိတ်၏ ရာခိုင်နှုန်းနှိုင်းယှဉ်ချက်တွင် မြန်မာနိုင်ငံသည် နံပါတ် ၁၇ ဖြင့် ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်တည်နေသည်ကို တွေ့ရသော်လည်း ရှေတန်းစစ်သည်တို့ကား မိုးရေထဲ ပလတ်စတစ်စ ခြုံ နေရဆဲဖြစ်ခဲ့သည်။
-
အပိုင်း၃
တန်းတူညီမျှရေးအတွက် အာမခံချက် ရှိမှ ငြိမ်းချမ်းရေး အဆင့်သို့ရောက်မည်။ အပစ်ရပ်ရုံနှင့်တော့ မလုံလောက်သေး။
-
ပြီးခဲ့သောအစိုးရ၏ သက်တမ်းအတွင်းတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ နိုင်ငံရေး ပါတီများနှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကြီး တရပ်ကို ပြုလုပ်ရန် ကျိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
အစိုးရက အစိုးရအလျောက် နိုင်ငံရေး ပါတီများအစုအစုက သူ့မူ ကိုယ့်မူအရ တိုင်းရင်းသားနှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်း အသီး အသီးက တစုတစည်းတည်းမဖြစ် ခေတ်အဆင့် အဆက် ပျက်ခဲ့တဲ့ ယုံကြည်မှု ကောက်သင်းကောက် နေရဆဲအဆင့်က မလွန်နိုင်သေး။
-
ယခု အစိုးရသစ်က ငြိမ်းချမ်းရေးအတွက် အစီအစဉ်သစ်တခုကို အစပြုသည်။ ■ ၂၁ ရာစုပင်လုံညီလာခံ ■
လမ်းမှန်ကမ်းမှန် ဖြစ်လာနိုင်စရာရှိသည်ဟု မျော်လင့်နိုင်သည်။
ပင်လုံညီလာခံ သဘောတူညီမှုအရ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွတ်လပ်ရေးကို ရယူလာခဲ့ခြင်း ဖြစ်သော်လဲ စစ်အစိုးရများလက်ထက်တွင် ပင်လုံညီလာခံ သဘောတူညီမှုကို ပစ်ပယ်ခဲ့ရာ
-
တိုင်းရင်းသား တန်းတူ ညီမျှရေး အတွက် အာမခံချက်ပင်လုံကို ပစ်ပါယ်သည့်နောက် မငြိမ်းချမ်းသည်မှာ မဆန်းပါဟု ပြောရမည်သာ။
-
ယခုအခါမှာ တစ်ကနေ ပြန်စကြမည်ဆိုလျှင် သတိပြုနားလည်ရန်လိုသည်မှာ မြန်မာ့နိုင်ငံရေးကို အမှန်အတိုင်း သိရှိနားလည်ဖို့ ဖြစ်သည်။
အကြောင်းရှိပါသည်။
မျက်မောက်ကလ မြန်မာ့နိုင်ငံရေးထဲတွင် ပါဝင်ပတ်သက်နေကြသော ပြည်သူလူထုတရပ်လုံးအပါအ၀င် နိုင်ငံရေးသမားများ တိုင်းရင်းသားများ စစ်ဗိုလ်စစ်သားများ (ပြီးခဲ့သောအစိုးရအဖွဲ့တာဝန်ရှိသူနိုင်ငံတော် အကြီးအကဲများ ကိုယ်တိုင်အပါအ၀င်) သမိုင်းဗဟုသုတ လွဲမှားချို့တဲ့စွာ လေ့လာ ခဲ့ရသူများ ဖြစ်နေကြပါသည်။
စစ်စိုးရ အာဏာရသည်နှင့် သမိုင်းကိုစတင်လိမ်သည်။ အလိမ်မပေါ်ရန် သမိုင်းကို ဖုံးကွယ်ရင်း ဖျောက်ဖျက်ရင်း အသိညဏ်သက်တမ်း၂ခု အရောက်တွင် အာဏာကိုဆက်ခံသူများကိုယ်တိုင် အမှန်နှင့်မျက်ခြေပြတ်ကာ အသိမှားများအတွင်းသာ စဉ်းစားတွေးခေါ် ဆုံးဖြတ် ဆောင်ရွက်သည့် အခြေအနေသို့ ရောက်တော့သည်။
-
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရထံမှ တော်လှန်ရေးကောင်စီက အာဏာသိမ်း ရာတွင် “ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစေသောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း…….“ ထုတ်ပြန်ကြေညာ ချက်နှင့် အတူ
ပင်လုံညီလာခံ သဘောတူညီမှုအရ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေလာ လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း ဆိုသည့် အချက်ကို ကိုင်ပီး ပြည်နယ်များက ခွဲထွက်ရန် စိုင်းပြင်းနေကြ သောကြောင့် ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ်မှ ကာကွယ်လိုက်ရကြောင်း ၀ါဒဖြန့်ခဲ့သည်။ (လိမ်ရသည်။)
-
ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း ဆိုသည့် အချက်က ပင်လုံညီလာခံ သဘောတူညီမှုအရဟု ဆိုလေသဖြင့် ပင်လုံကို ပယ်ရတော့သည်။ နောက်ဆက်ခံသူ စစ်အစိုးရအဆက်ဆက် ပင်လုံ ဖက်ဒရယ် အသံကြားကာမျှ ခါးသီးစွာ ခေါင်းခါကြ ကြောက်လန့်ကြတော့သည်။
-
သည့်အတူ “ယနေ့ကာလသား အပေါင်းတို့သည်“ ၄၇ ဖွဲ့စည်းပုံဆိုလျှင် မကောင်း ဘယ်နေရာမကောင်ဘူးလဲ မေးရင် ဖတ်ဖူးဖို့ဝေး မြင်တောင် မမြင်ဘူးသူက အများစု။ ဖက်ဒရယ်ဆိုလျှင် ပြည်ထောင်စုပြိုကွဲမည်။ ဖက်ဒရယ်ဆိုသည် (အချုပ်အခြာ အာဏာပိုင်သော သီးခြားပြည်နယ်များ ပေါင်းစည်းထားသည့်) ပြည်ထောင်စုမူကို ဆိုလိုခြင်း ဖြစ်ကြောင်း ဖက်ဒရယ်မူတွင် မိမိတို့နှင့် အံဝင်ခွင်ကျသော ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး ကို ဘောင်ခတ် အကန့်အသတ် ရှိပီးကြောင်း မသိကြတော့။
-
တပ်မတော်သားများသည်လည်း နိုင်ငံတော်ကို ချစ်ခင်မြတ်နိုးသူ အသက်နှင်းပြီး ကာကွယ်စောင့်ရှောက် လိုသူများဖြစ်ကြောင်း ကျနော်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် တခုဘဲ အကြံပြုလိုပါသည်။ သမိုင်းအမှန်ကို လေ့လာကြည့်ပါ။ ဒါလေးတခုနဲ့ဘဲ အရာရာ အဆင်ပြေသွားပါမည်။
-
ကောက်ချက်အချို့ ကျနော့်ကိုပြခွင့်ပြုပါ။
လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာပြီးလျှင် ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်နိုင်သည်ဆိုသော ကတိဖြင့် ပင်လုံသဘောတူညီမှုယူခဲ့သော်လဲ ပင်လုံစာချုပ်တွင် ထည့်မထားဘဲ ပိုပြီးအခိုင်အမာ ယုံကြည်မှုရရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ထည့်ရေးပေးခဲ့သည့်အကြောင်း ကျနော် ရေးဖူးပါသည်။
-
ပင်လုံညီလာခံ ( ၁၉၄၆ မတ်လ- “ပဌမ ပင်လုံကွန်ဖရင့်”- ၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ရက်-- “ဒုတိယ ပင်လုံကွန်ဖရင့်”-)၂ခုပါသည်။ ပင်လုံသည် အကယ်စင်စစ်မူ ဗြိတိသျှတို့၏ အစီအစဉ် ဖြစ်သည်။
-
“ပဌမ ပင်လုံကွန်ဖရင့်”-ကို မြန်မာပြည် လွတ်လပ်ရေးပေးလျှင် တောင်တန်းဒေသမပါရေး အတွက် စော်ဘွားများ ဒူဝါများကို ဗြိတိသျှတို့က နားချခြင်းဖြစ်သည်။ ဖဆပလ ကိုယ်စားလည်များ မှာ “လေ့လာသူများ”အဖြစ်သာ တက်ရောက်ခွင့်ရသဖြင့် လုံးဝ ပါဝင်ဆွေးနွေးပြောဆိုခွင့် မရခဲ့ကြပါ။
-
၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ရက်-- “ဒုတိယ ပင်လုံကွန်ဖရင့်”တွင်လဲ ပဒေသရာဇ်ရှမ်းစော်ဘွားအများစုမှာ မိမိတို့၏ စီးစိမ် အာဏာတို့တည်မြဲရေးအတွက် တွေဝေနေကြသူများဖြစ်ရာ ဖေဖော်ဝါရီလ ၈-ရက်နေ့တွင် ပင်လုံသို့ ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်းကို စည်းဝေးသို့ပင် ၀င်ခွင့်မပြုခဲ့ပါ။
-
ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည် ထောက်ခံ သူ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)တို့က ရှမ်းလူထု အင်အားဖြင့် စော်ဘွားများ၏အစည်းအဝေးကို ၀ိုင်းပြီး ဆန္ဒပြခြင်း၊ ကချင်ခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီးနှင့် အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စားလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် စော်ဘွားများသာမဟုတ် ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခုဖေဖေါ်ဝါရီလ ၁၁ရက်တွင် ဖြစ်မြောက်သွားကာ
ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များ နှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက် အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘော တူညီ သွားကြလေသည်။ ဗမာကိုမယုံသော စော်ဘွားအချို့ကို ဆယ်နှစ်ကြာလျှင် ခွဲထွက်လိုက ခွဲထွက်ခွင့် ကတိကို ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။
-
ပင်လုံစာချုပ်နှင့်ပါတ်သက်လျှင် - ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ အမျော်အမြင်ကြီးမားမှုကြောင့် ဆိုသော စကားရပ်မှာ စကားအဆင်တံဆာဖြင့် ဂုဏ်ဖေါ်ပေးခြင်းဖြစ်ပြီး အမှန်စင်စစ် တိုင်းရင်းသားလူငယ်များ၏ စည်းရုံးမှုဖြင့် တိုင်းရင်းသားလူထုဆန္ဒဖြင့် သမိုင်းဝင် ပင်လုံညီညွတ်ရေး စာချုပ်ကြီးကို ဖေါ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
-
ပင်လုံစာချုပ်ပါ အချက်များသည် တိုင်းရင်းသား တန်းတူရေးအတွက် ဗမာက အခိုင်အမာပေးထားသော ကတိများဖြစ်ကြောင်း ယနေ့ တိုင်းရင်းသားခေါင်းဆောင်များ မသိကြတော့အောင် တဦးကိုတဦး အယုံအကြည် ပျက်အောင် စစ်အာဏာရှင်၏ ရိုက်သွင်းချက်များကား ထိရောက်သက်ဝင်နေဆဲဖြစ်ပါသည်။
-
ခွဲထွက်ရေးအတွက် ရှမ်းခေါင်းဆောင်များတင်သော ရှမ်းမူဟု အာဏာသိမ်းစစ်ကောင်စီကပြောချက်မှာ မမှန်ပါ။
-
လွတ်လပ်ရေးရလျှင်
၁။ အချုပ်အချာအာဏာပိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိရမည်၊
၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းစေရမည်၊
၃။ အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမည်၊
၎။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အယုတ်-အလတ်-အမြတ်မရွေး တန်းတူညီမျှမှုရှိစေရမည်၊
၅။ လူနည်းစုကို အကာအကွယ်ပြုစေရမည်၊
၆။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ စိုးမိုးရေးဆိုတာကို ဥပဒေအရ ထိန်းသိမ်း စောင့်ရှောက်မှု ရှိစေရမည်။
၇။ ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ပေါင်တန်း လိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမည်ဆိုတဲ့ အဓိကအခြေခံ(၇)ချက်နဲ့ တိုင်းပြည်ထူထောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ တညီတညွတ် ချမှတ်ဆောင်ရွက်ခဲ့ကြသည်။
လွတ်လပ်ရေးရပီး ၁၄နှစ်အကြာမှာ အချင်းချင်း မကျေနပ်မှု၊ မယုံကြည်မှုအခြေခံများနဲ့ လူမျိုးစုံ သွေးစည်းညီညွတ်ရေး ဟာ ပြိုကွဲသည်ထက် ပြိုကွဲလာတဲ့အခြေအနေကို ထိမ်းသိမ်းဖို့
‘ဒီမိုကရေစီအစိုးရတိုင်း တိုင်းပြည်ကို တာဝန်ခံရမည်’ ဆိုတဲ့ကျင့်ထုံးအတိုင်း အစိုးရက တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း ကြေညာပြီး ပြည်ထောင်စုမူနှင့် ပတ်သက်သည့် နှီးနှောဖလှယ်ပွဲကြီးကို ပြုလုပ် ပါတယ်။
-
အစီအစဉ်များပြုလုပ်ရန် တရားရေးဌာန ၀န်ကြီးဒေါက်တာဧမောင်ကို တာဝန်လွှဲအပ်ခဲ့သည်။
စက်တင်ဘာလ ၂၂ ရက်နေ့ ၁၉၆၀ တွင် တရားရေးဌာန ဝန်ကြီး ဒေါက်တာအေးမောင်က အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့သည်။
အခြေခံဥပဒေကို ပြင်ဆင်ရာတွင်(၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များအပေါ် အခြေခံစဉ်းစားပြီး ပြင်ဆင်ကြရန် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရကို လိုအပ်သလို အကြံပေးနိုင်ရန် ‘အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ’ ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့သည်။
-
ရှမ်းပြည်နယ်ဥက္ကဋ္ဌ စပ်ခွန်ချို ဦးဆောင်ပြီး ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရှမ်းခေါင်းဆောင်များ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို စတင်ဆွေးနွေးခဲ့သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ နောင် ရှမ်းမူအဖြစ် ကျော်ကြား လာမည့် ‘ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ပြင်ဆင်ရေးစာတမ်း’ ကို အတည်ပြု ခဲ့သည်။
(ရှမ်းမူတွင် ခွဲရေးပါကောင်းပါမည်။ တကယ်ခွဲထွက်သည်အထိရောက်ဖို့က ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေအဆင့်ဆင့် ဖြတ်သန်းရအုံးမည် ။ တော်လှန်ရေးကောင်စီက ရှမ်းတွေ ခွဲထွက်ကုန်ဘီဟု ကုန်းအော်သည်။ သက်သေများ ကယကံရှင်များကို ထိုအချိန်တွင် ထောင်ထဲမှာထည့်ထားပြီး ဖြစ်သည်။)
၁၉၆၁ ခုနှစ် ဇွန်လတွင် ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် (၂၀၀) ကျော်ဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တွေ့ဆုံပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ညီလာခံတရပ် ကျင်းပခဲ့ကြသည်။
ထိုညီလာခံမှ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ပြည်ထောင်စု စစ်စစ်မူကို တင်ပြသည်။
(၁၉၆၂)ခု ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်၌ ပြည်ထောင်စုမူနှင့် ပတ်သက်သည့်ဆွေးနွေးပွဲပြုလုပ်ရန် နှီးနှောဖလှယ်ပွဲကြီးကို ပြုလုပ်ခဲ့သည်။
ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီး ၀န်ကြီးစ၀်ခွန်ချိုတင်ပြခဲ့သည့်
(၁) ပြည်မကို ပြည်နယ်တစ်နယ် ဖွဲ့စည်းရေး၊(ဗမာကို ပြည်နယ်တစ်နယ် ဖွဲ့စည်းရေး၊)
(၂) လွှတ်တော်နှစ်ရပ် အာဏာအတူပေးရေး၊
(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းပြည်နယ်တိုင်း တူညီသော ကိုယ်စားလှယ်ပေးရေး
(၄) ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးများပါသည်။
မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ(၆)နာရီတွင် ဒုတိယနေ့ ဆွေးနွေးပြီး
ဆွေးနွေးပွဲအပီးတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ပြည်ထောင်စု စစ်စစ်မူ(ဗမာတပြည်နယ်သတ်မှတ်ရေး) ကို ပြန်ရုပ်သိမ်းပြီး
၁။ ကမ္ဘာ့ဒီမိုကရေစီထုံးတမ်းအစဉ်အလာအရ ပြည်ထောင်စုလွှတ်တော်ကို လူဦးရေ အချိုးအစားနဲ့ ရွေးကောက် တင်မြှောက်စေပြီး ဗဟိုအစိုးရကို ရွေးချယ်ခြင်း၊ သို့ကလို ရွေးချယ်သည့်နေရာမှာလည်း ပြည်နယ်များမှ ကိုယ်စားလှယ် များကိုလည်း ပါဝင်ထည့်သွင်းခြင်း၊
၂။ လူမျိုးစုများအားလုံး ညှိနှိုင်းသဘောတူချက်အရ လူမျိုးစုလွှတ်တော်ကို ရွေး ကောက်ဖွဲ့စည်းခြင်း၊
၃။ ကမ္ဘာ့ဒီမိုကရေစီထုံးတမ်းစဉ်လာအရ ငွေဥပဒေကြမ်းမျိုးမှတပါး ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့သည် ဥပဒေပြုရေးတွင် အာဏာတန်းတူဖြစ်ခြင်း၊
၎။ လူမျိုးစုကြီးက လူမျိုးစုငယ်များကို မထိပါးနိုင်ရန် ပြည်ထောင်စုပြည်သူ့လွှတ်တော်က ရွေးချယ်သောဗဟို အစိုးရမှာ ပြည်နယ်ကောင်စီမှ ကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ်နဲ့ ပူးပေါင်း ဖွဲ့စည်းစေခြင်း၊ ညီတူညီမျှ တာဝန်ရှိစေဖြင်း၊
၅။ ပြည်နယ်/ပြည်မနှင့် ပြည်နယ်များအချင်းချင်း ပဋိပက္ခများ၊ မကျေလည်ချက်များကို ဥပဒေကြောင်းအရ လုံးဝ လွတ်လပ်စွာ ဖြေရှင်းအဆုံးအဖြတ်ပြုနိုင်ရန်အတွက် တရားလွှတ်တော်ချုပ်သို့ အာဏာပေးအပ်ထားခြင်း၊
၆။ ပြည်ထောင်စုပါလီမန်မှာ သုံးပုံနှစ်ပုံ သဘောတူညီချက်ရမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း၊
၇။ ရာဇဝင်အစဉ်အလာအရ၊ အချုပ်အချာအာဏာအရ ပြည်နယ်အဖြစ် ထူထောင်ခဲ့သော ရှမ်းပြည်နယ်ကဲ့သို့သော ပြည်နယ်ကို ခွဲထွက်ခွင့်ကို မူအားဖြင့် အပ်နှင်းထားခြင်းတို့ကို ဆက်လက်ထားရှိသွားရန် သဘောထားညှိနှိုင်းမှု ရနေကြပြီဖြစ်သည်။
-
တတိယနေ့ ဆွေးနွေးဖို့ မတ်လ ၇ ရက်နေ့ကို ချိန်းဆိုထားသော်လည်း မတ်လ ၁ရက်နေ့ သန်းခေါင်ကျော် နှီးနောဖလှယ်ပွဲက အပြန် မိုးမလင်းခင်မှာ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ပြည်ထောင်စု ညီညွတ်ရေး နှီးနောပွဲသည် ဗိုလ်နေ၀င်း၏ပွဲသိမ်းပေးခြင်း ခံလိုက်ရသည်။
ဒါက သမိုင်းမှန်ဖြစ်သည်။
(တဦးခြင်းပြောခဲ့သော မိန့်ခွန်း အားလုံး ဒီမှာ ကလစ်ပီး ပီဒီအက်ဖ် ဖိုင်ဖြင့် ကြည့်နိုင် ယူနိုင်ပါကြောင်း။) http://peoplewinthrough.com/1962-pa-hta-sa.pdf
(ယနေ့ ၈ပြည်နယ် အော်နေသော ညီငယ်ညီမငယ်များအတွက်)
ယနေ့ လူငယ်အချို့ စိတ်ဝင်စားနေသော ဗမာလဲ တပြည်နယ်- ၈ပြည်နယ်မူနဲ့ အလျှင်းသင့်သောကြောင့်
ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ပြည်ထောင်စု စစ်စစ်မူ(ဗမာတပြည်နယ်သတ်မှတ်ရေး) ကို ပြန်ရုပ်သိမ်းလိုက်တဲ့ ဆွေးနွေးချက်တွေကို ထုတ်ပြခြင်ပါတယ်။
-
အခြားတိုင်းရင်းသားကိုယ်စားလှယ်တွေ (၁)ပမညတ၊ (၂)ဖဆပလ၊ (၃)ရပလဖ၊ (၄)ပထစ အဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တဦးစီက ဆွေးနွေးခဲ့သည်က -
အကယ်၍ ဗမာပြည်မကိုသာ ပြည်နယ်ပေးမိရင် ပြည်ထောင်စု အခြေအနေဟာ တမျိုးတဖုံပြောင်း လဲသွားစရာ ရှိကြောင်း ဗမာပြည်မကလည်း “ငါဟာ ပြည်နယ်တခုဘဲ”ဆိုပြီးတော့ အခြား ပြည်နယ်တွေရဲ့ထူထောင်ရေးကို တာဝန်ယူချင်မှ ယူပါလိမ့်မည်။ “ဗမာပြည်နယ်မှ ဗမာပြည်နယ်”ဆိုတဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓါတ်တွေပေါ်လာပြီး ရှိရှိသမျှ မိမိအင်အားကို အခြားပြည် နယ်တွေအတွက် ဝေမျှမသုံးဘဲ ဗမာပြည်နယ်တခုထဲမှာသာ အလုံးစုံဖိသုံးချင် သုံးလာပါလိမ့်မည်။ ပြည်ထောင်စု ဗဟိုအစိုးရကိုပေးထားတဲ့အာဏာတွေဟာ အခုလိုရှိချင်မှ လည်း ရှိပါလိမ့်မည်။
အခြားပြည်နယ်တွေက တောင်းလာသလို ဗမာပြည်နယ်ကလည်း အာဏာတွေကို တောင်းလာ ပါလိမ့်မည်။ လက်ရှိအခြေခံဥပဒေရဲ့ တတိယ ဇယားမှာပါတဲ့ ပြည်ထောင်စုနဲ့ပြည်နယ်ကို ခွဲခြားပေးထားတဲ့ ဥပဒေ ပြုစာရင်း တွေဟာလည်း ခုအတိုင်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ အဲဒီလိုသာဖြစ်သွားရင် ပြည်ထောင်စု ဗဟိုအစိုးရဟာ အလွန် အင်အားချိနဲ့တဲ့ ရုပ်ပြဟန်ပြအစိုးရသာ ဖြစ်သွားပါလိမ့်မည်။ ဗမာပြည်နယ်သာ သူ့သဘာဝ ဝတ္ထုပစ္စည်း၊ သူ့အခွန်အကောက်တွေနဲ့သူ၊ သူ့ထူထောင်ရေးအတွက်သူ လှိုင်လှိုင်ကြီး သုံးစွဲ နိုင်ပြီးတော့ တခြားဒေသတွေမှာတော့ အင်္ဂလိပ်ခေတ်တုန်းကလို နစ်နာနေမှာ စိုးရိမ်ရပါ တယ်။ ပြည်ထောင်စုကြီးဟာလည်း ကြာရင် ဝါးအစည်းပြေသလို ပြိုကွဲယိုင်လဲသွားမှာလည်း စိုးရိမ်မိပါတယ်။ အဲဒါကြောင့် ဗမာပြည်မကို ပြည်နယ်ဖွဲ့စည်းခွင့် မပေးတာဟာ သဘာဝကျတယ်လို့ ယူဆကြောင်း တင်ပြခဲ့ကြသည်။
-
”လက်တွေ့ရုပ်ဘဝသဘော (68% Bamar 9% Shan 7% Karen 4% Rakhine 3% Chinese 2% Indian 2% Mon 5%Ka Chin and other) တွေကို ဘေးချိတ်ပြီး အတင်းဘဲ တန်းတူညီမျှပြည်နယ်တွေအဖြစ်နဲ့ အားလုံး ခြံခတ်ကြစေပြီး ပြည်ထောင်စုစစ်စစ် ဆိုသည်ကို ဖွဲ့စည်းကြစေရမည်ဆိုရင် ‘ညီညွတ်လို၍ ပေါင်းရန်’ မဟုတ်ဘဲ ‘ပြိုကွဲလို၍သာ ပေါင်းရန်’ ဖြစ်ပါလိမ့်မည်။ တန်းတူညီမျှမဖြစ်သေးတဲ့ ရုပ်ဘဝအခြေခံပေါ်မှာ ပို၍သာ ကွဲပြားခြားနားစေတဲ့ နည်းနဲ့ ကျဉ်းမြောင်းစွာ ပေါင်းစည်းခြင်းသာ ဖြစ်ပါလိမ့်မည်“ဟုတင်ပြခဲ့ကြသည်။
-
တပ်မတော်သားညီအကိုများခင်ဗျား ကျနော်ပြောခြင်တာကဒါပါဘဲ။ ထွေထွေထူးထူးမဟုတ် တိုင်းပြည်ကို ချစ်လို့ စစ်သားဖြစ်လာတဲ့သူတွေမို့ အစစ်အမှန် အဖြစ်မှန်ကိုသာ သိအောင်လုပ်ပါ။ အားလုံးကောင်းသွားပါမယ်။
တခုထောက်ပြပါရစေအုံး။
တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင် စာရေးသူ ဖိုးတရုတ်ကင်း မန်းကိုကို စသည်ဖြင့် ကြည်းရေလေ အရာရှိများ အခြားအဆင့်များ ပေါ်ထွက်လာနေတဲ့ထဲမှာ ဆရာအောင်မြင်သူဆိုတဲ့ စစ်ဗိုလ်(ငြိမ်း)စာရေးဆရာ တယောက်ကို တလောကမှသတိထားမိပါတယ်။ သူ့စာတွေ ဟောပြောပွဲတွေ ဟိုကြည့်ဒီကြည့် သူများဝေါပေါ်မှာ တွေ့မိရင်း သတိထားမိပါတယ်။
နောက်တော့တခါ ပျောက်နေပြန်တော့ ဘာများမကောင်းကြံစည် ခံရဘီလဲလို့ တွေးနေမိပါတယ်။
ဒါနဲ့ဘဲ သူ့စာတွေ ပြန်ရှာဖတ်ပီး သဘောကျလေးစားခဲ့ပါတယ်။
သူစစ်ထဲဝင်သွားတော့ ကျနော်က အလယ်တန်းကျောင်းသားလောက်ဘဲရှိသေး။
-
၁၉၇၀လောက်က စပြီး စစ်ဗိုလ်လုပ်လာတဲ့သူတယောက်က မြန်မာနိုင်ငံဟာ နှစ်၅၀ကျော် စစ်အာဏာရှင် အောက် ရောက်နေခဲ့ကြောင်း ဟောပြေချက်တွေကို တအံ့တသြဘဲ လေးစားပါတယ်။
-
သူ့စာတွေဖတ်ရင်း သူဖြတ်သန်းလာတဲ့ စစ်မြေပြင်တွေ သူ့ရဲဘော်တွေ သူ့ဆရာတွေ သူ့တပည့်တွေ သူ့ရန်သူတွေ သူ့ခံစားချက် သူ့လုပ်ဆောင်ချက် သူ့အစွမ်းအစ သူ့စိတ်သဘောထားတွေကို ၂ဖက်မြင်တတ်တဲ့ အသိတရား စတာတွေကို သုံးသတ်ပီး ဗမာလို အလွယ်ပြောရရင် ကိုယ့်ကိုယ်တွင်းက ဖြစ်ပျက်တရားတွေရှုမှတ်ရင်း အဆင်တဆင့်ကိုပြီးမြောက်လာသူတယောက်ပါလားလို့ သဘောပေါက်မိတယ်။
မယိမ်းမယိုင် ခိုင်မာသူတွေ အရင်ကမယိမ်းခဲ့ဘဲ ခုယိုင်သွားသူတွေ တကယ့်စံထားစရာ စစ်တပ်ကိုလဲ ဖြတ်သန်းခဲ့သူ ခေါင်မလုံတဲ့ စစ်တပ်ကိုလဲ ဖြတ်သန်းခဲ့သူဖြစ်တယ်။အတွေ့အကြုံ သုံးသပ်ချက်တွေနဲ့ အမှန်တရားကိုမြတ်နိုးတတ်တဲ့စိတ်ကို ဦးညွတ်အသိအမှတ်ပြုပါတယ်။
-
စစ်တပ်မှာ ဆင်ဖြင်တုံတရားရှိသူတွေ ထွက်လာရင် တိုင်းပြည်ဟာ ခနလေးနဲ့ ထုထောင်နိုင်မှာဖြစ်ပါတယ် ညီအကိုတော် စစ်သည်များ ခင်ဗျား။
-
အပစ်အခတ်ရပ်စဲရုံနှင့်မလုံလောက်သေး တိုင်းရင်းသား ပြည်သူများ အားလုံး အပစ်အခတ်ရပ်စဲရေးရဲ့ အကျိုးဆက် ခံစားရဖို့  အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်သေးသည့် တခြားအစုအဖွဲ့တွေပါဝင်လာအောင် တကယ့်ကို ထာဝရငြိမ်းချမ်းရေးရမယ့် ညီလာခံများ ကျင်းပနိုင်ရန် လိုအပ်ပါသည်။
-
ထို့အတွက် ငြိမ်းချမ်းရေးမရသည့် အတွက် ဒုက္ခခံနေရသည့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် တိုင်းရင်းသားခေါင်းဆောင်အသီးသီး အနေနှင့်လည်း စေတနာမှန်နှင့် ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
အပိုင်း၎
-
ပြည်တွင်းစစ်လို့ဘဲခေါ်ခေါ် လူမျိုးစုတော်လှန်ရေးလို့ဘဲပြောပြော ကာလရှည်ကြာစွာ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို နိုင်ငံတကာတန်းနှင့် ခိုင်းနိုင်းပြောလေ့ရှိတာလေး တခု ပြောခြင်ပါတယ်။ ကမ္ဘာကျော် World Disney ကုမ္ပဏီက တင်ဆက်တဲ့ Tom & Jerry ဆိုတဲ့ ကာတွန်း ဇတ်လမ်းတွဲ တခုရှိပါတယ်။ Tom ဆိုတဲ့ ကြောင်ကြီးနဲ့ Jerry ဆိုတဲ့ကြွက်ကလေးပေါ့။
World Disneyဟာ ကြောင်နဲ့ကြွက်ကို သဲထိတ်ရင်ဖို သူတပြန် ငါတပြန် အသည်းအသန်ဇတ်ကွက်တွေ တမျိုးပီးတမျိုး ရိုက်ကူးတင်ဆက်လာရာမှာ ကြွက်ကလေး အီစလံဝေသွားတဲ့အခါ ရှိသလို ကြောင်ကြီး စုတ်ပြတ်သတ်သွားတဲ့အခါလဲ ရှိပါတယ်။ ဒါပေမဲ့ ကြွက်ကလေးကို မိမသွားသလို ကြောင်ကြီးကလဲ သေမသွားပါဘူး။
စစ်တပ်နဲ့ လူမျိုးစုသူပုန်တပ်တွေရဲ့ စစ်ပွဲဟာလဲ စစ်အာဏာရှင်အဆက်ဆက် လက်ထက်မှာ သူပုန်က အားကောင်းလာတဲ့အခါ ထိုးထိုးထောင်ထောင်ဖြစ်လာတဲ့အခါ စစ်ဆင်ရေးကြီးတခုခု လုပ်ပီး ထိမ်းချုပ်လိုက် ဦးချိုးထားလိုက်ပေမဲ့ အပြုပ်မလုပ်ပါဘူး။
သူပုန်ဖက်ကလဲ ထို့အတူပါဘဲ။ သူပုန်ထဖို့လာတာ သေနပ်မပေါက်ရဘူးဆိုတာ ကြားဖူးကြပါသလား။
၈၈-မှာ ကျောင်းသားတွေ တောခိုလာကြတော့ (၁၉၆၀ ၀န်းကျင် ခေတ်ကလို တောထဲဝင်တိုင်းတောခိုလို့ရတာမဟုတ် တောတွေက သူ့တော ငါ့တော ကချင်တော ကရင်တော စသည်စသည် တောပိုင်တွေနဲ့ ခေတ် ဖြစ်နေတော့ ) ဆိုင်ရာမဟာမိတ် နယ်မြေတွေထဲမှာ ရန်သူတွေ့တိုင်း ပစ်လို့ ရတာမဟုတ်၊ သေနပ်မပေါက်ရတဲ့ အထှာတွေနဲ့ တိုးတာပေါ့။ အကောက်ဂိတ်တွေ လုပ်ကွက်တွေ မပျက်ရအောင် အထှာတွေပေါ့။
Tom & Jerry ဇတ်လမ်းကိုရပ် အမှန်တကယ် ငြိမ်းချမ်းရေးကိုလိုလားတဲ့ စေတနာ ပြည်ထောင်စုတ၀န်းလုံး ပြည်သူပြည်သားအားလုံး တန်းတူညီမျှတဲ့ဖွံ့ဖြိုးတိုးတက်မှု တန်းတူညီမျှတဲ့ တရားဥပဒေ စိုးမိုးမှုအောက်မှာ သူ့ပြည်နယ်မှ ငါ့ပြည်နယ်မှဆိုတာမရှိ ပြည်ထောင်စုသည်သာ ငါတို့ အားလုံး၏ အချုပ်အခြာပိုင်ဆိုင်ရာ ငါတို့အားလုံး၏ တခုတည်းသော မှီခိုရာ ဖြစ်သည်ဟူသောစိတ်ဓါတ်ကို လူမျိုးတမျိုးဖြစ်သည့် ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး၊ ထိုတိုင်းရင်းသားအားလုံးက စိတ်ချယုံကြည် မှုကို ခံယူထိုက် ခံယူရသော ပြည်ထောင်စု တပ်မတော်တို့က တညီတညွတ်တည်း ထားကြပါမှ ခေတ်ဆန်းပြည်ထောင်စုကြီးဟာ ကမ္ဘာ့အလည်မှာ အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်။
အချုပ်အခြာအာဏာပိုင် နိုင်ငံတခုမှာ လက်နက်ကိုင် တပ်မတော် တခုသာလျှင် ရှိရမယ်လို့  တပ်မတော်က ပြောနေတာဟာ တကယ်တော့ မူအားဖြင့် မှန်ကန်ပါတယ်။ ပြဿနာက လူကို အယုံအကြည် မရှိခြင်း ဖြစ်သည်။
ကရင့်လက်နက် ကရင်လက်မှာရှိရမည်ဆိုသည်မှာ ကိုယ်အတွက် ကိုယ်တွေးလျှင် မှန်သော်လည်း တကယ်မမှန်ပါ။ ကရင်လက်တွင် လက်နက်ရှိခွင့်ရှိလျှင် ကချင်ကလည်း လက်နက်နှင့် ဆလုံကလည်း လက်နက်နှင့် မွန်-ရခိုင်-ရှမ်း-ပဒေါင်-ပလောင် အသီးအသီးကလဲ လက်နက်ကိုယ်စီနှင့်မှ မျှတ တန်းတူကြ ပေတော့မည်။ သူ့နယ် ကိုယ့်နယ်အားလုံး လက်နက်ကိုင်တပ် ကိုယ်စီနဲ့ကတော့ လောဘ ဒေါသ မောဟ မာန်မာန မကင်းတဲ့ လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမှာ ဘယ်ဘုရားမှ တရားပေးနိုင်ရှာမှာ မဟုတ်တာ အသေအခြာပါဘဲ။
ပြုပြင်ပြောင်းလဲဖို့ အတိုင်းအတာတခု အချိန်ယူရမှာဖြစ်ပေမဲ့ လက်ရှိတပ်မတော်ကို ပြည်ထောင်စု စံမှီ တပ်မတော် တရပ်ဖြစ်အောင် ထင်သာမြင်သာ ပြောင်းကို ပြောင်းရပါမယ်။
ပြည်ထောင်စုတပ်မတော်မှာ ပြည်ထောင်စုသား အားလုံး မိမိသဘောအလျောက်ဖြစ်စေ အသက်အရွယ် သတ်မှတ်ချက်အရ မ၀င်မနေရဖြစ်စေ ပါဝင်တာဝန်ထမ်းဆောင်နိုင်ခွင့် ရှိရပါမယ်။ ပညာအရည်အခြင်း စွမ်းဆောင်နိုင်မှု လုပ်သက် သတ်မှတ်ချက် စသည် တို့အရ ပြည်ထောင်စုတပ်မတော်သားတိုင်း ပြည်ထောင်စုတပ်မတော်မှာ တပ်သားကနေ တပ်ချုပ်အထိ ရာထူးတိုးမြှင့်ပိုင်ခွင့် ရှိရပါမယ်။
ပြည်ထောင်စုတပ်မတော်မှာ တပ်သားကနေ တပ်ချုပ်အထိ ရာထူးမည်သို့ရှိစေ မည်သည့်နေရာ ဒေသတွင်မဆို စည်းကမ်းဥပဒေကို ချိုးဖောက်လျှင် ထိရောက်သော အပစ်ပေး အရေးယူ ခံရမှု ရှိရပါမယ်။
တရားဥပဒေ စိုးမိုးမှုကို လက်ခံ ကျင့်သုံးရပါမယ်။
ပြည်ထောင်စုတပ်မတော်မှာ စတင်တာဝန်ထမ်းဆောင်သာည့် အချိန်မှစပီး မိမိဘာလူမျိုး ဘယ်ဒေသက ဆိုသော အစွဲမရှိစေရ။
စသည်ဖြင့် ပြုပြင်ရန် လိုအပ်သည်များကို ညိနိုင်း ပြုပြင်ကာ ပြည်ထောင်စု တ၀န်းလုံးက လုံးဝ စိတ်ချယုံကြည် အားထားခြင်းခံရသော ပြည်ထောင်စုတပ်မတော်စစ်စစ် အဖြစ် ပြောင်းဖို့ တပ်မတော် ကိုယိတိုင်က တာဝန်ယူရပါမည်။
ခေတ်ဆန်းမြန်မာ ၁နှင့်၂မှာ စစ်အာဏာရှင်စနစ်ကြောင့် စစ်တပ်တခုလုံး ရစရာမရှိအောင် ပျက်စီးခဲ့ရတာ ဖေါ်ပြခဲ့ပါတယ်။ တပြိုင်နက်တည်းမှာဘဲ လက်နက် အာဏာ အရှိန်အ၀ါ ရစ်မှူးမှုကြောင့် လူမျိုးစုခေါင်းဆောင်ပိုင်းတွေရဲ့ အကျင့်ပျက် ခြစားမှုဟာလဲ စစ်တယ်က ဗိုလ်ချုပ်ကြီးများနဲ့ အထူခြင်း အတူတူလောက်ပါဘဲဆိုတာကိုလဲ ထည့်ပြောဖို့တော့ လိုပါလိမ့်မယ်။
တော်လှန်ရေးတပ်မှူးငယ်တယောက်က မြန်မာငွေ ကျပ်သိန်း၇၀၀ အကုန်ခံဆောက်ထားတဲ့ အိမ်ဖွင့်ပွဲကို ဘတ်သိန်းချီအကုန်ခံကာ ထိုင်း အဆိုတော်တွေ ငှားသတဲ့။ အံ့ပါရဲ့ တော်လှန်ရေးဆရာရယ်။
ပြည်တွင်းမငြိမ်းချမ်းသော ကာလတလျောက် အပစ်ရပ်ရေး ငြိမ်းချမ်းရေး ကမ်းလှမ်မှုများ အခါအားလျော်စွာ ရှိခဲ့ကြပါသည်.
ရှမ်းပြည်နယ်တွင် ပလောင်နှင့် ပအို့ဝ်အပါအဝင် ရှမ်းလူမျိုးစု အဖွဲ့အစည်းများမှာ အမျိုးမျိုးကွဲပြားလျက်ရှိခဲ့သည်။
တောခို ကာကွယ်ရေးအင်အား ၁၅ဝဝ ခန့်မှာ သောင်းကျန်းသူ ဘဝသို့ ရောက်ရှိသွားပြီး အလျှင်းသင့်ရာ ပူးပေါင်း လှုပ်ရျားနေသည်လည်းရှိသည်။
ကချင်ပြည်နယ် နှင့်ရှမ်းပြည်နယ်မှာ ဆက်စပ် နေသည့် အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လူမျိုးများနေထိုင်လျက်ရှိရာ ကေအိုင်အေ (ကချင်) သည် ဗကပနှင့်ပတ်သက်နေရသကဲ့သို့ ရှမ်းအဖွဲ့အစည်း များ နှင့်လည်းပတ်သက်နေရလေသည်။ ထိုင်းသို့ထွက်ပေါက်အတွက်လည်း ရှမ်းကိုဖြတ်ရသည်။
ဘိန်းလု နယ်မြေလုရာမှ မကြာခဏ တိုက်ခိုက်ကြသည့်အခါ လည်းရှိသည်။ တွေ့ဆုံစေ့စပ်၍ နယ်မြေကန့်သတ်ရန် သဘောတူသည့်အခါ တူညီခဲ့ကြသည်။
-
ကချင်လူမျိုးစုများအတွင်းတွင် ဗကပအားလိုလားသောလက်ဝဲဝါဒီများ၊ ထိုင်းနိုင်ငံမှ တစ်ဆင့် အနောက်အုပ်စုကိုမျှော်ကိုးသူ လက်ယာဝါဒီများကွဲပြားလျက်ရှိရာ သြဇာတက်လာသော ခေါင်းဆောင်အပေါ်မူတည်ကာ ဗကပနှင့် အဆင်ပြေသည့်အခါပြေပြီး ဗကပကို တိုက်သည့်အခါ တိုက်သည်။ ဗကပနှင့်အဆင်ပြေလျှင် တပ်မတော်ကို ဘုံရန်သူသတ်မှတ်ပြီး မပြေသည့်အခါ ဗကပကို ဘုံရန်သူသတ်မှတ်သည်။ထိုအခါ တပ်မတော်ကိုဆက်သွယ်ကာ အပစ်ရပ်ရန် ညှိသည်။
သဘောတူသည့်အခါတူသည်။ယာယီအပစ်ရပ်ကြသည်။
-
ရှမ်းပြည်နယ် အရှေ့မြောက်ဘက် တရုတ်နယ်စပ်ကို အခိုင်အမာ ခြေကုပ်ယူထားတဲ့ ဗကပ-ကလဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စဖို့ ပြောတဲ့အခါပြောတယ်။
-
သူတို့ရဲ့ ပါတီ၊ တပ်၊ နယ်မြေ သုံးခုကို အစိုးရက အသိအမှတ်ပြုပေးဖို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရက အသိအမှတ် မပြုခဲ့ပါဘူး။
-
န၀တ နအဖခေတ်ရောက်တော့ ၁၉၈၉ ခုနှစ် တိုင်းရင်းသားတွေ ပုန်ကန်လို့ ဗကပ ပြိုကွဲသွားတဲ့အခါ ဝ၊ ကိုးကန့်၊ အခါ အပါအဝင် ခွဲထွက် တိုင်းရင်းသားတွေက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ပါတယ်။ သူတို့ကလဲ ဗကပ ရင်တွင်းဖြစ်တွေမို့ တောင်းတတ်တာက ဒီအတိုင်းပါဘဲ။
စစ်အစိုးရက တိုင်းရင်းသားတွေရဲ့ ပါတီအဖွဲ့အစည်း၊ တပ်ဖွဲ့၊ ထိန်း ချုပ်နယ်မြေ သုံးခုစလုံး အသိအမှတ် ပြုပေးလိုက် ပါတယ်။
အင်န်ဒီအေ (ကချင်)၊ ကေအိုင်အိုနဲ့ တခြားအဖွဲ့ တွေကိုလည်း အဲဒီအခွင့်အရေးတွေ ပေးပါတယ်။
အပစ်ရပ်ရင်ပီးရော လုပ်လိုက်တာပါဘဲ။ အပစ်ရပ်ရုံသာထားပြီး နိုင်ငံရေးလည်း မဆွေးနွေးပါဘူး။
နိုင်ငံရေးမပါတာတော့ လုပ်ခြင်ရာလုပ်ခွင့်ပေးပါတယ်။
ဒါပေမဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မဟာမိတ်မလုပ်ရ၊ အစိုးရကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်း တွေနဲ့ အဆက်အဆံမလုပ်ရ၊ မြို့ပေါ်တက်လာရင် နိုင်ငံရေးစကားမပြောရ၊ မြို့ပေါ်မှာရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လုံးဝ အဆက်အဆံမလုပ်ရဆိုတဲ့ စည်းကမ်းချက်မျိုးတွေနဲ့ပါ။
-
ဗမာပြည်အရှေ့ ဘက်ပိုင်းတလျောက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များ စီးပွါးအခွင့်ထူးနှင့် အူမြူးကုန်ကြသည်။
ချော့ခြောက် မြူဆွယ်ရာမပါသည့် အစုအစည်းများကို အင်အားသုံးခြေမှုန်း သည့်အခါ စစ်ဆင်ရေး ထောက်ကူစီမံချက်များကြောင့် ရွာများအဓမ္မရွေ့  ပြောင်းခြင်း ခံရသည်။
သတ်မှတ်အချိန် သတ်မှတ်နေရာတွင်မနေနိုင်သူများမှာ သူပုန်စာရင်း အသွင်းခံရပြီးဖြစ်ရာ တွေ့  ရာအရပ်တွင် ချေမှုန်းသုတ်သင်ခံရသည်။
တွေ့ အောင်ရှာ၍လည်း သုတ်သင်ခြေမှုန်းခိုင်းသည်။ မနုဿသားကောင်များဘ၀ အသက်လုပြေးရသည်။ ပုန်းရသည်။ ရိုးသားသောတိုင်းရင်းသားတို့ ၏ အသိတွင် ဤအရေးသည်သူတို့တိုင်းရင်းသားတို့၏ အရေးမျှသာဖြစ်သည်။ ဗမာပြည်မမှာ မြို့ရွာတွေမှာလည်း ပြည်သူတရပ်လုံး စစ်ဖိနပ်အောက် ရောက်နေတာ သူတို့မသိ။
သူတို့ သိသည်မှာ မြန်မာစစ်တပ်လာသည်။သူတို့ ရွာသူတို့ အိမ်ယာ လက်ငုတ်လုပ်ငန်းတို့ ဆုံးရှုံးရသည်။ အနိုင်အထက်ပြုကျင့်သတ်ဖြတ်ခံရသည်။သူတို့ ကိုးကွယ်ရာ ဘာသာရေးအထွတ်အမြတ်နေရာများ မီးရှိုဖျက်ဆီးခံရသည်။
မြန်မာလူကြီးကတွေခိုင်းသည်။ မြန်မာစစ်သားတွေလာလုပ်တာဖြစ်သည်။
ဗမာပြည်အနောက်ဖက်မှတိုင်းရင်းသားတို့ သည်လည်း ထိုနည်းနှင်နှင်။
-
စစ်တပ်က သူပုန်ရှင်းလင်းရေး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ကို ရိက္ခာဆေးဝါး သတင်း ဖြတ်တောက်ဖို့
အတွက် ဒေသအတွင်းကရွာတွေကို အတင်းအကျပ်ရွှေ့ ပြောင်းခိုင်းပီး သူတို့ လက်လှမ်းမှီထိမ်းချုပ် နိုင်တဲ့
နေရာမှာအနေခိုင်းပါသည်။ဒါကိုစုစည်းကျေးရွာလို့ ခေါ်ကြပါသည်။
-
သူတို့ အတင်းအဓမ္မဖျက်လို့ ပျက်သွားတဲ့ရွာတွေဟာ နှစ်ပေါင်းရာနဲ့ ချီပြီးတည်ရှိလာတဲ့ရွာတွေ
ဖိုးဖွားဘီဘင်ကစပီး ဓါးမဦးချ လုပ်ကိုင်စားသောက်ခဲ့တဲ့လုပ်ကွက် လုပ်ငန်များရှိရာအရပ်ဆိုတာလောက်မှ
မတွေးတတ်တဲ့ ဗာလာနံဗိုလ်ချုပ်တစုအတွက် ရွာတရွာဖြစ်တည်လာဖို့ ဆိုတာ လိုအပ်တဲ့ရေခံမြေခံ
လမ်းပမ်းအဆက်အသွယ် မြစ်ချောင်းတောတောင် စားကျက် စားကွက်တွေအပြင် နေတဲ့လူမျိုးရဲ့ ရိုးရာ ဓလေ့စရိုက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတို့ နဲ့ ရှက်နွယ်ပြီးမှနှစ်ပေါင်းများစွာ တိုးတက် ဖြစ်တည်ခဲ့ရတယ်ဆိုတာသိနိုင်စွမ်းရှိကိုမရှိရှာပါဘူး။
-
စစ်တပ်လက်လှမ်းမှီရာ လွင်တီးခေါင်မှာရွာတည် လေးတိုင်စင်အမိုးအကာ ရှိရုံနဲ့ နေလို့ရတာ ရွာဖြစ်တာမဟုတ် ကိုယ်မကျွမ်းဝင်တဲ့မြေမှာ လုပ်ကိုင်မစားသောက်တတ်တော့ ပြန်ပြေးကြ။ သူတို့လုပ်တတ်တဲ့တောင်ယာလေး လုပ်စားနေပြန်တော့ ရွာပုန်းဆိုပီးရှာရှင်း။ အထက်က မချန်နဲ့လို့ အမိန့်လာရင် ကျားမ ခလေးမကျန် ပစ်သတ်ခံရတာတွေ တောကြီးမျက်မဲထဲ ပြေးရင်း ရှောင်ရင် အသက်ကြီးသူတွေ ကလေးသူငယ်တွေ ပင်ပမ်းဖျားနာပီး သေကြေကြ နေ့တဓူဝပါ။
စစ်သားက အမိန့်အရပါဆိုတဲ့ ဆင်ခြေကို မျက်စိမှိတ်ပီး လက်ခံပေးလိုက်ပါတယ်။ အမိန့်ပေးသူရဲ့ ခေါင်းထဲမှာ ဒါဟာပြည်သူတွေ ငါတို့ သားချင်းတွေဆိုတာ ဘာလို့မရှိတာလည်း။
ပြည်နယ်ခွဲထွက်ဖို့ ကိုယ်ပိုင်အုပ်ချုပ်ဖို့ တိုက်နေတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးတွေမှာကော ကိုယ့်ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ အနဲဆုံး နယ်စပ်တွေမှာ NGO တွေဖွင့်ထားတဲ့ IDP Camp တွေလောက် ဘေးမသီရန်မခ ရောက်အောင်လောက် အစီအစဉ်မျိုး စိတ်ကူး ပေါ်ဖူးပါသလား။ စစ်ဆင်ရေး မလာတဲ့အချိန် မလာတဲ့နေရာတွေမှာ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဘာများမယ်မယ်ရရ လုပ်ပေးဖူးပါသလဲ။
-
ခြုံပီးပြောရရင် အထူခြင်းတော့ အတူတူတွေ တန်းညှိကြပြီး ချွတ်ယွင်းခဲ့သမျှ တာဝန်ယူစိတ်နဲ့ ပြည်ထောင်စုအတွက် တိုင်းရင်းသား ပြည်သူအားလုံးအတွက် အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို မရမနေ ဆောင်ရွက်ကြဖို့ အချိန်ကျပါဘီ။
-
စစ်သားက အမိန့်အရပါဆိုတဲ့ဆင်ခြေ - လို့ရေးထားတာနဲ့ဆက်စပ်လို့ ဓါတ်ပုံတပုံ တင်ပေးထားပါတယ်။
တပ်ကပြေးလို့ ပြန်ဖမ်းလာတဲ့စစ်သား၂ယောက်ပုံပါ။ အထက်အမိန့်ရဲ့လူသားမဆန်မှုကိုပြောခြင်တာပါ။
ဓါတ်ပုံကိုမြင်တော့ အော်ခမြာတွေ ဒီတောစွန်ကမှ လွန်ပါ့မလားလို့ တွေးမိပါတယ်။
အပိုင်း-၅
(၁)။ အမျိုးသားတန်းတူရေးအတွက်
တိုင်းရင်းသား လူမျိုးစု ရေးရာ ပြည်နယ်ရေးရာများတွင် ဟိုနိုင်ငံ ဒီနိုင်ငံတွေက သွတ်သွင်းလာသည့် မိမိတို့ ရေမြေ အခြေအနေနှင့် မကိုက်ညီသည့် ပုံစံများကိုကူးယူရန်မလို။ မူလ- ပင်လုံညီလာခံ သဘောတူညီမှုသည် တိုင်းရင်းသား တန်းတူ ညီမျှရေး အတွက် အာမခံချက်ဖြစ်သည့်အတွက်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ တညီတညွတ် ချမှတ်ဆောင်ရွက်ခဲ့ကြသည့် -လွတ်လပ်ရေးရလျှင်
၁။ အချုပ်အချာအာဏာပိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိရမည်၊
၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းစေရမည်၊
၃။ အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမည်၊
၎။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အယုတ်-အလတ်-အမြတ်မရွေး တန်းတူညီမျှမှုရှိစေရမည်၊
၅။ လူနည်းစုကို အကာအကွယ်ပြုစေရမည်၊
၆။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ စိုးမိုးရေးဆိုတာကို ဥပဒေအရ ထိန်းသိမ်း စောင့်ရှောက်မှု ရှိစေရမည်။
၇။ ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ပေါင်တန်း လိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမည်ဆိုတဲ့ အဓိကအခြေခံ(၇)ချက်နဲ့ တိုင်းပြည်ထူထောင်ကြရန် ဆိုသည်ကို ဆက်လက် အကောင်အထည် ဖေါ်ရန်သာ လိုသည်ဟု တင်ပြလိုသည်။
-
အမျိုးသားတန်းတူရေးတွင် ချမှတ်ချက်-၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းစေရမည်- ဟု အထင်အရှား ပါဝင်သည်ကို တွေ့မြင်နိုင်သည်။
ထိုအချက်မှာ ယနေ့ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဥရောပ မြန်မာ့အရေး အကြံပေး အသိုင်းအ၀ိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ကို လိုလားတောင်းဆိုနေကြသော “ဖက်ဒရယ်” ပုံစံနဲ့သွားရမယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ တနည်း ဘာသာစကား ဓလေ့စရိုက် ယဉ်ကျေးမှု မတူညီတဲ့ ပြည်ထောင်တွေကို တစ်စုတစည်းတည်း စုစည်းထားတယ်လို့ အဓိပ္ပါယ်ရတဲ့ “ပြည်ထောင်စု” စနစ်ဖြစ်ပါတယ်။ စစ်အာဏာသိမ်း အကြောင်းပြချက်မှာတော့ ဖက်ဒရယ်ဆိုတာကို “ခွဲထွက်ရေး” လို့ ပြောင်းပြန်ပြောဆိုခဲ့တဲ့အတွက် အစဉ်အဆက် တပ်မတော် ခေါင်းဆောင်များ ခါးခါးသီးသီး ဖြစ်ခဲ့ရတာပါ။
-
ဖက်ဒရယ် စနစ်ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့“အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး” စတဲ့ အာဏာတွေကို ပြည်နယ် အစိုးရများနဲ့ ပြည်ထောင်စုတခုလုံးဆိုင်ရာ နိုင်ငံတော် အစိုးရကြား အာဏာခွဲဝေထားရေးပါပဲ။
-
ဥပမာ ပြည်နယ်တွင်းက သစ်ထုပ်လုပ်ရေး ဆိုင်ရာ ဆုံးဖြတ်ခွင့် အာဏာကိုပြည်နယ်အစိုးရတွေက ရယူထားတယ် ဆိုရင် … ပြည်နယ်အတွင်းက သစ်ထုတ်လုပ်ရေးကို လုပ်ငန်း လိုင်စင်ချပေးတာက စပြီး လုပ်ငန်းဆိုင်ရာကိစ္စ အဝဝ ကို ပြည်နယ် အစိုးရကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိမှာ ဖြစ်ပြီး … နိုင်ငံတော်အစိုးရ နဲ့ အခြားသော ပြည်နယ် အစိုးရများက ဝင်ရောက် စွက်ဖက်ပိုင်ခွင့် လုံးဝ မရှိပါ။ ထို့အတူ အခြားပြည်နယ်တွေ
ဟာလည်း မိမိတို့ပြည်နယ်အတွင်း ကိုယ်ပိုင် စီမံခွင့် ရရှိစေရမှာဖြစ်ပါတယ်။
-
အပြန်အလှန်အားဖြင့် နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာများကို နိုင်ငံတော်အစိုးရကသာလျှင် ဆုံးဖြတ် ဆောင်ရွက်ခွင့် ရှိထားလျှင် ပြည်နယ်အစိုးရတွေအနေနဲ့ ပြည်တွင်းမှာသာ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုနိုင်ပေမဲ့ ပြည်ပကို ရောင်းချခွင့် မရှိပါ။သို့သော် ပြည်နယ်ပိုင်သစ်ရောင်းချရရရှိတဲ့အပေါ်မှာ ပြည်နယ်အကျိုးအတွက် သုံးစွဲရန် သဘောတူညီမှုမျိုး ထားရှိခြင်း စသည်မျိုး နိုင်ငံတစ်နိုင်ငံရဲ့ အာဏာတွေကို ခွဲဝေ အုပ်ချုပ်တဲ့ စနစ်ကို (“ပြည်ထောင်စု” စနစ်) ဖက်ဒရယ် စနစ်လို့ ခေါ်ပါတယ်။
-
ဒါကြောင့် စနစ်ကျတဲ့ အာဏာခွဲဝေမှုတွေရှိဖို့ လိုအပ်သလို တပြိုင်နက်မှာ အာဏာခွဲဝေမှုတွေဟာ ခိုင်မာဖို့လည်း လိုအပ်လာပါတယ်။ ဖွဲ့စည်းပုံမှာ ပြည်ထောင်စု ပုံစံရှိဖို့ ဖြည့်စွက်သင့်တာတွေ ဖြည့်စွက်ရပါမယ်။ ပြည်ထောင်စုပုံစံရှိတဲ့အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပြင်ဆင်ဖို့ အများသဘောတူမှ ပြင်ဆင်နိုင်မယ့် အခြေခံဥပဒေဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံအတွင်းမှာ ရှိတဲ့ သက်ဆိုင်သူ အားလုံး အကုန်သဘောတူမှ ပြင်လို့ရမယ့် အခြေအနေ ဖြစ်ဖို့ လိုပါတယ်။
ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်များ အများစုက သဘောတူမှသာ ပြင်ဆင်နိုင်မယ့် ဥပဒေဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်၊ တဖွဲ့တစည်းရဲ့ သဘောထားနဲ့ ပြင်လို့ မရသော တိကျ ခိုင်မာတဲ့ အာဏာခွဲဝေရေး ဖြစ်နေမှာ ဖြစ်ပါတယ်။
-
ဖက်ဒရယ် စနစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ပါဝင်ပါတယ်။အဆိုပါ ခုံရုံးဟာ ဘက်လိုက်မှုမရှိဘဲ
အခြေခံ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ် အစိုးရတွေရဲ့ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို မျှမျှတတဖြေရှင်းပေးနိုင်စွမ်းဖို့ ဥပဒေပြု လွှတ်တော်က ပြဌာန်းလိုက်တဲ့ဥပဒေတွေဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်မှု ရှိ၊ မရှိဆိုတဲ့ ဥပဒေတွေကို သုံးသပ်ဖို့ တာဝန်ယူရပါမယ်။ ထို့အပြင် အုပ်ချုပ်ရေး ဆိုင်ရာအရေးကိစ္စ တစ်ခုကို ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က ကိုင်တွယ် ဆုံးဖြတ် လုပ်ကိုင်ရမှာလား၊ဗဟိုအစိုးရရဲ့ တာဝန်လားဆိုတာတွေ အငြင်းပွားလာတဲ့အခါ အခြေခံဥပဒေခုံရုံးက အခြေခံဥပဒေပါအချက်တွေနဲ့ သမာသမတ်ကျကျ ဆုံးဖြတ်နိုင်ရမှာ ဖြစ်ပါတယ်။
-
အခြားအခြားသော အရပ်ရပ်အခြေအနေများကို မျက်နှာစုံညီ ဆွေးနွေးသဘောတူ ဆုံးဖြတ်ကြရ ပါအုံးမယ်။
-
(၂)။ စစ်ရေးမူအားဖြင့် လူမျိုးစုအသီးသီး ပြည်နယ်အသီးသီးတွင် သီးခြားလက်နက်ကိုင်အဖွဲများ ထားရှိခြင်းကို လက်မခံ။
အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအနေဖြင့် လက်နက်ကိုင် တပ်မတော် တခုသာလျှင် ရှိရမည်။ သို့သော် ထိုတပ်မတော်သည် ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ ယုံကြည်ကိုးစားမှုကို ရရှိသော၊ ပြည်ထောင်စု
တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသော၊ ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပါဝင်ပါတ်သက် နိုင်ခွင့်ရှိသော၊ ပြည်ထောင်စု တပ်မတော် အသွင်အပြင် အနှစ်သာရများ ရာနှုံးပြည့် ရှိရပါမည်။
-
ပမာအားဖြင့် ပြည်ထောင်စုတပ်မတော်မှာ ပြည်ထောင်စုသား အားလုံး မိမိသဘောအလျောက်ဖြစ်စေ၊ အသက်အရွယ် သတ်မှတ်ချက်အရ မ၀င်မနေရဖြစ်စေ၊ ပါဝင်တာဝန်ထမ်းဆောင်နိုင်ခွင့် ရှိရပါမယ်။
ပညာအရည်အခြင်း စွမ်းဆောင်နိုင်မှု လုပ်သက်သတ်မှတ်ချက် စသည် တို့အရ ပြည်ထောင်စု တပ်မတော်သားတိုင်း တပ်သားကနေ တပ်ချုပ်အထိ တန်းတူညီမျှသော ရာထူးတိုးမြှင့်ပိုင်ခွင့် ရှိရပါမယ်။
-
ပြည်ထောင်စုတပ်မတော်မှာ တပ်သားကနေ တပ်ချုပ်အထိ ရာထူးမည်သို့ရှိစေ မည်သည့်နေရာ ဒေသတွင်မဆို စည်းကမ်းဥပဒေကို ချိုးဖောက်လျှင် ထိရောက်သော အပစ်ပေး အရေးယူ ခံရမှု ရှိရပါမယ်။
-
စစ်ဖက် အရပ်ဖက် ဥပဒေသတ်မှတ်ချက်များအတိုင်း တရားဥပဒေ စိုးမိုးမှုကို အပြည့်အ၀ လက်ခံ ကျင့်သုံးရပါမယ်။
-
ပြည်ထောင်စုတပ်မတော်မှာ စတင်တာဝန်ထမ်းဆောင်သည့် အချိန်မှစပီး မိမိဘာလူမျိုး ဘယ်ဒေသက ဆိုသော အစွဲမရှိစေရ။
စသည်ဖြင့် ပြုပြင်ရန် လိုအပ်သည်များကို ညိနိုင်း ပြုပြင်ကာ ပြည်ထောင်စု တ၀န်းလုံးက လုံးဝ စိတ်ချယုံကြည် အားထားခြင်းခံရသော ပြည်ထောင်စုတပ်မတော်စစ်စစ် အဖြစ် ပြောင်းဖို့ တပ်မတော် ကိုယိတိုင်က တာဝန်ယူ ပြုပြင် ဖွဲ့စည်းသွားရမည်ဟု ဒညတမှ တင်ပြလိုသည်။
-
ထိုဆောင်ရွက်မှု၏ အနှစ်သာရသည် ငြိမ်းချမ်းရေးအတွက် အာမခံချက်ပေးရန် သက်ရောက်သည်။
-
နောက်တခုက ကျနော့အနေနဲ့ တင်ပြခြင်တဲ့ အမြင်သဘောထားနဲ့ပါတ်သက်ပီး ရင်ကြားစေ့စေခြင်လို့ပြောပါတယ် ညီအကိုတော်အချို့က ညိုညင်လေမလားလို့ သောကထားတဲ့ အပိုင်းကြောင့်လဲ တကြောင်းပေါ့။
သူပြောတာကတော့ မိမိအယူအဆကိုတင်ရာမှာ သူများကြိုက်ပါ့မလါးဆိုတာဦးစါပေးရန်မလိုပါလို့ ။
-
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးများအကြား အမျိုးသားရင်ကြားစေ့ရေးဆိုတာက သမိုင်းကြောင်းရဲ့ အလိုအရကိုက ဘယ်တုံးဘယ်အခါ ဘယ်ကာလကမှ ရင်ကြားစေ့ဖူးခြင်း မရှိဖူးပါဘူး။
ဗြိတိသျှကိုလိုနီမဖြစ်ခင်အထိ မြန်မာ အပါအဝင် တိုင်းရင်းသားတွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ သီးသန့်ပဒေသရာဇ် မြို့ပြနိုင်ငံလေးများအသွင် ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့နေခဲ့ကြတဲ့ ကာလတွေက များပါတယ်။
-
ဘုန်းရှင်ကံရှင် အယူအဆ လွမ်းမိုးတဲ့ခေတ်မို့ နောက်လိုက်ဗိုလ်ပါတောင့်တင်းအောင် စည်းလုံးနိုင်တဲ့ ဘုရင်များလက်ထက်မှာ အာဏာစက်ချဲ့တာ ထုံးစံဖြစ်ပြီး အင်အားကြီးသူအောက် အားငယ်သူက ၀င်ရောက်ရတဲ့ ဖ၀ါးတော်အောက် ဘုန်းတော်ကြောင့် ခိုလုံဝင်ရောက်ရ ပဏ္ဍာဆက်သရတဲ့ ခေတ်ကာလပါ။
-
သူ့အကျိုး ကိုယ့်အကျိုး - အင်အားကြီးသူအတွက် ဘုန်းတန်ခိုး အာနုဘော်ကို
ဖေါ်ကျူးပေးရာရောက်ပြီး အားငယ်သူက သစ္စာရှိမှုကို ပြရာရောက်ပါတယ်။ သူကောင်းပြုမှုနဲ့ ဘဝလုံခြုံရေး အာမခံချက်ကို ရရှိစေပါတယ်။
-
စည်းလုံးနိုင်စွမ်း ကျဆင်းလာလို့ အားအင်ဆုတ်ယုတ်လာတဲ့အခါမှာတော့ အာခံမှုနဲ့ကြုံရမှာ ဖြစ်ပြီး သီးသန့်ပဒေသရာဇ် မြို့ပြနိုင်ငံလေးများအသွင် ကိုယ့်ထီး၊ ကိုယ့်နန်းတွေ အလျှိုအလျှို ပြန်ပေါ်လာတာဖြစ်ပီး ဒါဟာ ကိုလိုနီ နယ်ချဲ့စနစ်မဟုတ်သလို မဟာ လူမျိုးကြီးဝါဒလဲ မဟုတ်ပါဘူး။
ဗမာသော်၎င်း မွန်သော်၎င်း ဘုန်းရှိန်ကံရှိန် အယူအဆကြောင့် ကြီးမြတ်ဖူးတဲ့အပေါ်မူတည်ပြီး ဇာတိသွေး ဇာတိမာန်တွေ တလွားလွားကြွခဲ့ရှိခဲ့ကြပေမဲ့ မဟာ လူမျိုးကြီးဝါဒဆိုတာ မရှိကြပါ။
-
မဟာဗမာတို့ ဗမာလူမျိုးကြီးဝါဒတို့ဆိုတာ ဒီဖက်ခေတ်ကိုရောက်မှ ဂျာမဏီလို ပိုလန်လို အဲဒီဝါဒရဲ့ အရင်းအမြစ် ဥရောပ နိုင်ငံတွေဆီကနေ ခေတ်ပညာတတ် တိုင်းရင်းသား လူငယ်တွေဆီ သွတ်သွင်းလာ ဒီကတခါ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဆီရောက် တခါ တိုင်းရင်းသားပြည်သူများကြား ဖြန့်ကြက် ပြန့်ကြဲ အဆင့်ဆင့်ဖြစ်လာတာပါ။
စစ်တပ်ဟာ ဗမာတွေချည်းပါတာမဟုတ်ပါဘူး။ ကရင် ကချင် ချင်း ရခိုင် ပအို့ဝ် တိုင်းရင်းသား အသီသီး အပါဖြစ်ပါတယ်။ တပြည်လုံး အတိုင်းအတာမှာ ဗမာက ၆၅ရာခိုင်နှုံးရှိတာမို့ အရေအတွက် အားဖြင့်တော့ သူကတော့ပိုတာအမှန်ပါ။ တရွာလုံးကို မီးတိုက်ဖို့ အမိန့်ပေးတဲ့ ဗျူဟာမှူးဟာ ကရင်လူမျိုးတယောက် ဖြစ်တဲ့အခါမျိုးရှိသလို ရွာသူမကို ၀ိုင်းကျင့်ကြတဲ့ စစ်သားဆိုးတစု- မွေးကင်းစ ကလေးကို မီးပုံထဲ ပစ်ထည့်တဲ့ စစ်သားတစုမှာ တိုင်းရင်းသားစစ်စစ် တွေလဲ ပါတာပါဘဲ။
ဒါကို စစ်တပ်ကလုပ်တာမှန်သမျှ ပရော်ဘဲ။ အနောက်နိုင်ငံတွေအကြိုက် ဗမာလူမျိုးကြီးက လူနည်းစုကို နှိပ်စက်နေပါတယ်ဆိုတဲ့ ဇတ်ဝင်ခန်းတွေပေါ့။ တော်ကြပါ တော်လောက်ပါဘီ။ မီးတခွက် ထပ်ညှိပီး မမှောက်ချကြပါနဲ့တော့။
-
မွန်ဘုရင်တွေအားသာတဲ့အခါမှာ အ၀(အင်းဝ)ပျက်တဲ့အထိ တိုင်ခဲ့ပေမဲ့ မုဆိုးဖိုက ကလန်လို့ ဗမာတနိုင်ငံလုံး မွန်အင်ပါယာ ဖြစ်တဲ့အထိ မတိုင်လိုက်ပါဘူး။
ရှမ်းညီနောင်၃ပါးဟာလဲ မြင်စိုင်း ပင်းယ အင်းဝ လွမ်းမိုးခဲ့တာ ဗမာ့ထီးနန်းအနေနဲ့ဖြစ်ပါတယ်။
-
ဒါကြောင့် မြန်မာ့သမိုင်းရဲ့ ပဒေသရာဇ်ခေတ်တလျောက် တိုင်းရင်းသား မျိုးနွယ်စုအရေး ဘယ်သူမှ ထည့်မတွေးခဲ့ပါဘူး။ တိုင်းရင်းသားအခြင်းခြင်းကလဲ ဘယ်တုံးကမှ ရင်ကြားမစေ့ခဲ့ဖူးပါဘူး။
ဗမာကလဲ တိုင်းရင်သားအနွယ်အသီးသီးကို မြန်မာနိုင်ငံထဲမှာ နေတဲ့ တိုင်းရင်းသားတွေ ဆိုတာထက် ပိဲုပီး အလေးအနက် မရှိခဲ့ဖူးပါဘူး။
-
တိုင်းရင်းသား အသီးသီးဖက်ကလဲ ဖတ်ရင်ဗမာလို့အသံထွက်ပြီး ရေးရင်မြန်မာလို့ အမှန်ထွက်တယ် ဆိုတဲ့ မြန်မာ-ဗမာ ဘယ်ဟာဖြစ်ဖြစ် အခြားတိုင်းရင်းသား လူမျိုးစုအားလုံးရဲ့ ဖြစ်တည် တည်ရှိမှုကို ဖော်ဆောင်နိုင်မှုနဲ့ ဘယ်လိုမှ မဆက်စပ် မပါတ်သက်နိုင်ဘူးဖြစ်နေပါတယ်။
-
မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံနယ်နိမိတ် အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုဝန်းကျင်မှာ ဝင်ခဲ့တယ်၊ ပုဂံမှာ အခြေပြုကြတယ်။ အသစ်ဝင်လာသူတွေကို မြေပြန့်မှာ ရှေးဦးရှိနေပြီးဖြစ်တဲ့ မွန်တွေက မရမာ/မိုင်းရ်မာ (Mranma/ Mirma) လို့ခေါ်ခဲ့တယ်။ (မွန်ကျောက်စာ (၁၁၀၂) )။
နောက်ပိုင်း အင်အားကြီးမားလာပြီး ပုဂံ ပဒေသရာဇ် စစ်လက်နက်နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပထမ မြန်မာနိုင်ငံတော် ပေါ်လာခဲ့ပါတယ်။
‘မြန်မာပြည်’ လို့ ခေါ်တာကို ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာ မှတ်တမ်း မှာစတင် ရေးထိုးတယ်။
-
မြန်မာပြည်ဟာ ဗမာအပြင် အခြားတိုင်းရင်းသား လူမျိုးစုအားလုံး တစုတစည်း တညီတညွတ် ဖြစ်ဖို့ လိုတယ်ဆိုတာကို ခေတ်ကာလ နိုင်ငံရေး အသိအရ လွတ်လပ်ရေးအကြိုကာလနဲ့ လွတ်လတ်ပြီးစ ကာလတွေကျမှ အဲဒီခေတ်ရဲ့ ဗမာနိုင်ငံရေးသမားခေါင်းဆောင်များ လူမျိုးစုနိုင်ငံရေးသမားများ အားလုံး အမြင်ရှိလာကြတာမို့ တိုင်းရင်းသားရင်ကြားစေ့ရေးကို ဆောင်ရွက်ခဲ့ကြပေမဲ့ ရင်ကြားစေ့တဲ့အဆင့်ကို မတိုင်ခဲ့သေးပါဘူး။
စစ်တပ်က အာဏာယူထားတဲ့ ရာစုတ၀က်မှာတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာကို သံပြိုင်တေးလို သီကြူးပြီး စစ်တပ်တောင့်တင်းရေး စစ်တပ်အာဏာတည်မြဲရေး စစ်တပ်ဦးဆောင်သော နိုင်ငံဖြစ်ရေး အစီအစဉ်တကျ ဆောင်ရွက်လိုက်ကြတာ ရင်ကြားမစေ့ရုံမက ဗျန်းဗျန်းကွဲရပါတော့တယ်။
-
ရာစုနှစ်တ၀က်ကျော်၏ နောက်ဆုံးအပိုင်း အရပ်ဝတ်အုပ်ချုပ်ရေးသို့ အပြောင်းကာလမှာပင် စစ်တပ်သည် ရင်ကြားစေ့ရေးအပေါ် ကြည်ကြည်လင်လင် မမြင်တတ်သေးပါ။
တိုင်းပြည်သည် ငြိမ်းချမ်းရေးမပါဘဲ တိုးတက်ရေးကိုမရောက်နိုင်။ ငြိမ်းချမ်းရေးကို အခြေခံပြီး
တိုင်းပြည်ပြန်လည်ထူထောင်ရေးကိုတည်ဆောက်ရမယ်၊ အဂတိကင်းရှင်းရေးကိုဖေါ်ညွှန်းရမယ်၊
ငြိမ်းချမ်းဖို့ရာ ရင်ကြားစေ့ရေး ၀ါ- တဦးကိုတဦး ရင်ခြင်းအပ်သည်သို့ရှိသော ယုံကြည်မှု ရှိဖို့လိုပါသည်။
-
ယုံကြည်ဖို့ရာ တန်းတူမှု ရှိရပါမည်။ တရားဥပဒေ၏ စောင့်ရှောက်ခံရခြင်းတွင် တန်းတူခြင်း
စီးပွားလုပ်ဆောင်ခွင့်တွင်တန်းတူခြင်း အုပ်ချုပ်ရေးအစီအမံတွင် တန်းတူခြင်း လူမှုရေး ကျမ်းမာရေး ရပိုင်ခွင့်များတွင် တန်းတူခြင်း ကိုးကွယ်ခွင့်နှင့် ရိုးရာယဉ်ကျေးမှု စာပေ သမိုင်း ထိမ်းသိမ်းပျံ့ပွားခွင့်တွင် တန်းတူခြင်း စသည်စသည်…။
-
ဒါတွေမပါလျှင် ငြိမ်းချမ်းရေးမလာနိုင်ပါ။
-
တိုင်းရင်းသားတွေဖက်ကလည်း ဗမာကိုမယုံကြည်သောအစွဲနှင့် ဗမာကိုကြောက်ပြီးကြိုကန်ထားသော ငြိမ်းချမ်းရေးမူများ ဖယ်ခဲ့ရပါမည်။ ဗမာလည်းတပြည်နယ် ငါလည်းတပြည်နယ် (၈)ပြည်နယ်မူ ယူလာနိုင်ပါသည်။ အချိုးအစားက ၃ပုံ၂ပုံ နီးပါးရှိတာကို ဗုဒ္ဒဘာသာဝင်က ၈၅% ရှိတာတွေ စသည်ဖြင့် ကိုတော့ လေးစားမှုရှိရပါမည်။
-
အရေအတွက် အားလုံး၏ ၉%မျှရှိသော လူမျိုးစုတခုအတွင်း မတူသော လူမျိုးကွဲက ဆယ့်လေး- ငါးမျိုး ရှိကာ သူတို့ခြင်းစေ့မရတာကိုလဲ သဘောတူညီချက်တခုကို ဖော်ဆောင်ရန်မှာ ခက်ခဲပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့တွင် မတူညီသော အကျိုးစီးပွားများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ဒါတွေကိုလဲ တူအောင်ညှိရပါဦးမည်။
-
လက်ရှိအစိုးရအနေဖြင့်လည်း တိုင်းရင်းသားများ ပိုမို စိတ်ချယုံကြည်လာစေရန် တိုင်းရင်းသားလူနည်းစုများ၏ မယုံကြည်မှုကို ကျော်လွှားနိုင်ရန် အာမခံချက်ရှိသော ခိုင်မာသော လုပ်ဆောင်မှု အစီအစဉ်များနှင့်အတူ တပြည်လုံးအပစ်ရပ်ရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးမှုကို အားလုံးပါဝင်ခွင့်ရသည်အထိ၊ စစ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ အလျှော့ပေးမှုများ တလုံးတခဲ ရရှိသည်အထိ စစ်တပ် သဘောပါလာအောင် လုပ်ဆောင်သွားဖို့ လိုမည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းရေး ဆိုသည်မှာ တိုင်းရင်းသားများ၏ တရားနည်းလမ်းကျသည့် ရည်မှန်းချက်ဖြစ်သလို ပြည်ထောင်စု၏ လိုအပ်ချက်လဲဖြစ်သည်။
-
အရံအထောက် အကြောင်းအရာများကလဲ အများအပြားရှိအုံးမည်။
ကိုဗက က သင်္ချာညံ့သည်။ ကရင်တကျပ် ဗမာတကျပ် တို့ အစွန်းထွက်တို့ ဘာတို့ သိပ်မတွက်တတ်။
လူဦးရေ သန်း၆၀ရှိသည်ဆိုသော တိုင်းပြည်က ကျနော်တို့ တယောက်တကျပ်စီရရင် တော်ရောပေါ့ဗျာ။
-
လေးစားစွာဖြင့်