ဒါကတော့ New 7 Wonders အဖွဲ့ က ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းကို ထပ်မံ ရွေးချယ် သတ်မှတ်ဖို့ Internet မှ ဆန္ဒမဲများ တောင်းခံနေရာမြန်မာပြည်မှ သဘာဝ ရတနာဖြစ်သော “မြိတ်ကျွန်းစု - Mergui Archipelago” သည် Final Nominees (၂၆၁) နေရာ စာရင်းတွင်ပါဝင်နေသဖြင့် ၂၀၀၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အထိ မဲပေးခွင့် ရမည်ဖြစ်သည့်ဒုတိယအဆင့် ၇၇နေရာ တက်လှမ်းနိုင်ရေး ပါဝင် မဲပေးကြဖို့ရန်တိုက်တွန်းသည့် “အခုပဲ မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား ခင်ဗျာ။ ။ ” ဟု ပါရှိသော မောင်ရဲခေါင် (စီလီကွန် လွင်ပြင်) ရဲ့ဆောင်းပါးဖြန့်ဝေတာပါ။
ကျနော့အနေနှင့်လည်း ထိုဒေသ အကြောင်း မြိတ်ကျွန်းစု ဟုပြောလျှင် တွဲပါမြဲဖြစ်သည့် ဆလုံလူမျိုးစုနှင့်အတူ တကြိမ်လျှင် ၆လ ၁နှစ် ပင်လယ်ထဲက ကျွန်းများတွင် လည့်လည်သွားလာနေထိုင်ခဲ့ဖူးသဖြင့်
ကိုယ့်တိုင်းပြည်က နေရာမို့ဆိုတာထက် ပိုမိုတဲ့လေးနက်မှုနဲ့ လိပ်ပြာသန့်သန့် မဲပေးနိုင်အောင် အခြားလူမျိုးတွေ ရေးထားတဲ့ အင်တာနက်ပေါ်က -
(World’s Last Archipelago) မြိတ်ကျွန်းစုသည် လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု ၊ မြိတ်ကျွန်းစု၌ အခြားနေရာတွေမှာ မတွေ့နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်ခြင်း မြိတ်ကျွန်းစု ငါးမန်း မျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကိုမကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီ ဆိုတာ တွေအပြင်
ပင်လယ်သား(ကျွန်းသား)၇၀%ကျော်သည် ကျွန်းမှာမွေး၍ ကျွန်းမှာသေသည် ဘယ်မြို့ဘယ်နယ်မှမရောက်ဖူးသူများဖြစ်သည်။

ရေပေါ်ရေအောက် ထူးတွေသည့် သဘာဝအလှအပများ
လွမ်းမောဖွယ် ဂုဏ်ယူဖွယ်

အောင့်မေ့ကြည်နှူးဖွယ်ရာများ ကွန့်မြူးရာဒေသ


အလှအပများသာမဟုတ် သဘာဝအကာအကွယ် ရေအောက်သဏ္ဍာကျောက်တန်းများ ကြောင့်၂၀၀၄ ဆူနာမီမှာ စက်ဝန်းနှင့်ပိုနီးသော်လည်းပိုဝေး သောထိုင်းလောက်မနာခဲ့ရပါ။
(ရေအောက်မြုပ်နေသောကျွန်းအများအပြားနှင့်ရေအောက်သဏ္ဍာကျောက်တန်းများ ကဆူနာမီလှိုင်းများအရှိန်ကိုထိန်းချုပ်သည်ဟုဆိုသည်)

အနာဂါတ်ကို ဖျက်ဆီးမည့်အရေး မသေးသော ပြဿနာဖြစ်သည်။

ငါးခိုးလှေများသုံးသည့် “၀ါလတ်”ခေါ် ဆွဲပိုက်စနစ်ကြောင့်ရေအောက်ကြမ်းပြင်များ သဏ္ဍာကျောက်တန်းများ ငါးသေး ငါးငယ် ခရုဂဏန်း မြွေမြော့ကစ၍ မလိုအပ်သော သတ္တ၀ါများပါ ပျက်စီးဆုံးရှုံးရသည်။
ဝါလတ်ပိုက်စနစ် “ဒီမှာကလစ်ကြည့်ရန်
http://library.thinkquest.org/04oct/01590/humans/fishingmethods.jpg

မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်ပြီး တရားမ၀င်
ငါး(ခိုး)ဖမ်းသည့်လှေများ ထိုင်းနိုင်ငံ စဖန်ပလာ ဆိပ်ကမ်းတွင် ငါးလာရောင်းနေစဉ်။
မြိတ်ကျွန်းစု၏ နန်းမတော် မြိတ်မြို့

ပထမမြန်မာနိုင်ငံတော်ခေတ် အနော်ရထာမင်း
လက်ထက်ကစတင်တည်ရှိလာသောဆိပ်ကမ်းမြို့
ဖြစ်ပြီး နောင်တွင်လည်း ဥရောပသားကုန်သည်တို့၏ ကုန်စည်ကူးသန်းရာ ဗဟိုကုန်သွယ်စခန်းတခု ဖြစ်လာသည်။
ပုံတွင်မြင်ရသော စေတီတော်ရှိရာတောင်သည်
မြိတ်သမိုင်းချယ်သရာ နေရာဌာနတခုလည်းဖြစ်သည်။
ထိုင်းဒဏ္ဍာရီလာ မိထွေးတော်မိဖုရားက အကောက်ညဏ်ဆင်ကာ စေလွတ်လိုက်သဖြင့် နေပြည်တော် မှပူရိယက္ခတိုင်း (ယ္ခုပုလောမြို့တည်ရာ)သို့အသွား ထိုတောင်တွင်မြင်းကိုချည်၍ တထောက်နားညအိပ်စဉ် အနီးရှိ (ယ္ခု ပထော်ပထက်)တောင်ညီနောင်တွင် ဆေးကျိတ်နေသော ၀ိဇ္ဖာက မင်းသားလေးဆီက ချိတ်ပိတ်စာပါ “စာယူလာသူမင်းသားအား သုတ်သင်ပါဟုရေးသည်ကို နန်းတင်ပါဟု ပြင်ရေးပေးခဲ့သည့် ဇတ်လမ်း ရှိသောတောင်။ ထိုင်းဘာသာဖြင့် မာ=မြင်း ရိတ်=ချည်တိုင် မာရိတ် မှကာလရွေ့လျောလာကာ မြိတ် ဖြစ်ခဲ့သည့် မြို့သမိုင်းပုံပြင် ကြားဖူးပါသည်။
အိန္ဒယတွင်အလုပ်လုပ်ရာမှ ခွင့်ပြန်လာသူ ပေါ်တူဂီလူမျိုးစာရေးလေးက သင်္ဘောပေါ်ပါလာသော အရှေ့
အိန္ဒယကုမ္ပဏီသူဌေးသမီး မေရီပိုဗေး နှင့် မေတ္တာသက်ဝင် ချစ်ကြင်မိရာမှ ဂုဏ်တံတိုင်းကာခြားတဲ့ချစ်သူကို ပေါင်းဖက်နိုင်ရေးအတွက် သူစီးလာတဲ့သင်္ဘောကို အပိုင်စီးလိုက်မိရာမှ မြိတ်ကိုအခြေပြုပီး အဲဒီပင်လယ်တခွင်
ကို မင်းမူ စိုးမိုးခဲ့တဲ့ ပေါ်တူဂီ ပင်လယ်ဓါးပြဗိုလ်ကြီး နေခဲ့ဖူးရာတောင်ကုန်း။
နယ်ချဲ့ကို စွမ်းစွမ်းတမံ ခုခံခဲ့တဲ့ မြိတ်မြို့ဝန် ဦးမြတ်လေးရဲ့ ဌာနချုပ်။
စာရေးဆရာမောရစ်ကောလစ် မြိတ်အရေးပိုင်ဘ၀နေထိုင်ရင်း သမိုင်းထဲပါ အထောက်အထားတွေထဲက မေရီပိုဗေးကို အနုပညာ အားဖြင့်ရှင်သန်စေ ခဲ့သောနေရာ။
ပြည်တွင်းစစ်ကာလ မိမိ၌တာဝန်ရှိသော ငွေတိုက်ကို ၀န်ထမ်းကောင်း ပီသစွာ ကာကွယ်ခဲ့သူ မြိတ်အရေးပိုင် ထိပ်တင်ဒွေး ကျဆုံးခဲ့သည့်နေရာ။ သိမ်ကြီးတောင်ဟုခေါ်သည်။
ပင်လယ်ပြင်ထဲကကျွန်း
လေကွယ်လှိုင်းကွယ်
နေရာရွေးချယ်ကာတည်ထားသည့်ရွာ။

များစွာသော ကျွန်းများ၏မြေကြီးမှာ အမြင့်ပိုင်းတွင်
သာရှိသဖြင့် ကျောက်သားကျောက်ဆောင်များ ပေါ်
တွင်၎င်း ရေရောက်ရွံ့ပြင်ပေါ်တွင်၎င်း(ဒေသအခေါ်
ကြပ်စင်)စင်ထိုးကာ အိမ်ဆောက်နေထိုင်ကြသည်။
ဓနိဖက်ဖြင့်မိုး ကာလေ့ရှိသည်။

(နေရာအခက်အခဲကြောင့် ခြုံ့ထားသောပုံများ ကိုကလစ် ညစ်ပီးကြည့်ပါ)

ပထမပုံပါ လူတွေသွားနေသည့်လမ်း ကိုလည်း တကျပ်လုံးခန့်  ကပြု ကပြိုင်သား အချဉ်လုံးကို
ကြိမ်နှင့် နှီးနှင့် တုတ်ကာ (စင်ထိုးထားသောလမ်း)
တည်ထားသည်။
စရောက်ဖူးစကဆို ပင်လယ်သား ကလေးတွေ ခွေးတွေ ပြေးဆော့နေသောကြပ်စင်လမ်းများတွင် ကျနော်တို့ ဂံသား တသိုက် (မြန်မာပြည်မမှလာသူများကို ဒေသသားတို့က (ပုဂံသား)ဂံသားဟုခေါ်ပါသည်။)လေးဖက်မထောက်ရုံတမယ် အသွားခက်ပါသည်။
အမေရိကန် ရွေးကောက်ပွဲအကြို ကာလတွေတုံးက
ဟီလာရီကလင်တန် နိုင်လျှင်အမေရိကန်၏ ပထမဆုံးမိမ္မသမတ ။ အိုဘားမားဆို ပထမလူမဲ ။ နောက်တယောက်နိုင်တာတောင် ပထမအသက်အကြီးဆုံးကွ စသည်ဆူညံနေသော အနီးဆုံးမြို့နှင့်
ဒေသသုံး ပါစင်ဂျာစက်လှေ တညအိပ်ခရီး ပင်လယ်ကြီးထဲမှာ ကျွန်းသားတို့လက္ဘက်ရည်ဆိုင်က
အသံတွေကို တအံ့တသြောရှိလျှင် ပုံတွေထဲက တချို့ခေါင်မိုးမှာ ဆက်တလိုက်စလောင်းခွက်
အဖြေတွက်နိုင်ပါသည်။
(ကြုံလို့ကြွားလိုက်အုံးမယ် လွန်ခဲ့တဲ့ နှစ်အစိတ်လောက် ဆက်တလိုက်စလောင်း
ခေတ်မဟုတ်ခင် ရန်ကုန်မှာ မြန်မာ့ရုပ်သံ ကြံစီတုန်း ကျနော် ပင်လယ်ကျွန်းတွေမှာ ကမ္ဘာ့ ဖလားပွဲ
ကလပ်ပွဲများ ကြည့်ခဲ့ရဖူးပါသည်။ ထိုင်းက တီဗွီ ၀ယ်တာ ကျပ် ၃-၄ထောင် တိုင်ထောင်တာ ကာလာထိမ်း ဘုစတာ တပ်တာ ကကျပ် ၃-၄သောင်း ကုန်သည်။)

ဒီအကွက်မှာ ပထမပုံက ငါးလာရောင်းသောဆလုံမိသားတစုပါ အဲဒီလှေဟာ သူတို့အိမ်ပေါ့(နောက်ပိုင်းမှာ အကျယ်ဖေါ်ပြ ထားပါတယ်)
နောက်ပုံက လှေပေါ်မှာချက်ပြုတ်စားသောက်နေပုံပါ။
အောက်ပုံတွေက ဒေသတွင်း လုပ်ငန်းရှင်တဦးဖြစ်သူ ဦးတင်ငယ် နှင့် သူ့ထံငါး ပုဇွန်လာရောင်းသူများပါ။
ဒီမြိတ်ကျွန်းစုကရွာတွေမှာ လောကဓမ္မတာ ကြွယ်ဝချမ်းသာသူတွေ ခေတ်အဆက်ဆက် ရှိခဲ့ကြပါတယ်။ အများစုဟာ ဘ၀ကိုအောက်ခြေသိမ်းက ရုန်းကန်လုပ်ကိုင်ရင်း ကြီးပွားလာသူများဖြစ်ကြပါတယ်။
ဘ၀ကိုလက်၂ဖက်နဲ့စခဲ့ရာက နယ်တ၀ှမ်းအချမ်းသာဆုံးစါရင်းဝင်ဖြစ်လာပီး တခေတ်တခါက နိုင်ငံတော် ငါးလုပ်ငန်းဦးစီးဌာန အကြံပေးအရာရှိအဆင့် တာဝန်ပေးခံခဲ့ရသူမျိုးအထိရှိဖူးပါတယ်။
ဒီနယ်ကသူဌေး သူကြွယ်အဆင့် အားလုံးနီးပါးဟာ အောက်သက်ကြေသူများပီပီ ပလွားခြင်းကင်ပါတယ်။
နှစ်၂၀ကျော်က နောင်ဂွမ်(ဦးဂွမ်)ဆိုတဲ့ ကွမ်းသီးခြံ လုပ်ငန်းရှင်တယောက်ဟာ အလှူ၊အစီးအဝေး၊တနယ်တ ကျေး သွားရတာမျိုးကလွဲယင် အင်္ကျီကျွတ်နဲ့ အမြဲတကုတ်ကုတ် အလုပ်လုပ်နေတာမို့ လူငယ်တွေက
“နောင်ဂွမ်ကလမ်းမှာ ရှပ်အင်္ကျီကတန်းမှာလို့ နောက်ပြောင်လေ့ရှိပါတယ်။ ဒီနယ်တ၀ှမ်းလုံးမှာလဲ
တယောက်ယောက်က အဆီအငေါ်မတည့်တာတခုခုလုပ်ရင် မင်းဥစ္စာနောင်ဂွမ်နဲရှပ်အင်္ကျီကျနေတာဘဲဟုပင်
ပြောစမတ်ဖြစ်အောင် ရိုးသားလှပါသည်။
အခုပုံက ဦးတင်ငယ်ဟာ ပင်လယ်ထွက်ပစ္စည်း နိုင်ငံခြားကိုပို့တဲ့လုပ်ငန်းများ ရေခဲစက် အအေးခန်းလုပ်ငန်း
တွေလုပ်ကိုင်နေသူ ဒေသခံ လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။
ငါးလာရောင်းသောဆလုံအဖွားကြီး၂ယောက်နှင့်

ဆလုံလိုစကားလက်ဆုံကျနေသော ဦးတင်ငယ်။


ဦးတင်ငယ် လှေပေါ်မှာတည်ခင်းဧည့်ခံသည့် ထမင်းဝိုင်း
ထွက်သည့်နေရာများ

လုပ်ငန်းခွင်ထဲက ကျွန်းသူလေးတွေ ပင်လယ်ရာသီကို သနပ်ခါးပါးပါးက အံတုနိုင်ကြောင်း သက်သေပြသည့်နှယ် အလှကြွယ်လျက်(ထမီအောက်နားစုတ်နေတာမဟုတ်
ငယ်ငယ်တုံးက သူ့အတွက် ရေငုတ်ပြိုင်တဲ့သူတွေမနဲဘူးလေ။

ကလေးရော ခွေးရော သူတို့ပိုင်ဆိုင်သမျှအားလုံး
ဒီထဲမှာရှိတယ်။
ကလေးမွေးတာလဲဒီမှာဘဲ
ကင်မရာအိပ်တလုံးပိုက်ပီး အဲလိုလှေမျိုးနဲ့ ကျနော်ပင်လယ်ထဲမှာ ၆လ-၁နှစ်နေခဲ့ဖူးသည်။

ကျွန်းပေါ်က ဆလုံရွာ
ဆလုံတို့သည် လှေနှင့်လှည့်လည်သွားလာရင်း
ကုန်ထုတ်နိုင်မှု ရာသီဥတု စသည့်တို့အရ တခါတရံ
ရွာတည်၍နေသည့်အခါနေသည်။
သို့သော် ထိုရွာတွင်နေစဉ် တစုံတယောက်သေလျှင်
ထိုရွာနှင့်ကျွန်းကို အလောင်းနှင့်အတူ စွန့်ထားခဲ့လေသည်။

ဆလုံရိုးရာနတ်ကွန်း

ဆလုံလှေတစု။
အရင်ကပုံကြည့်ခြင်ရင်ဒီမှာကလစ်https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMe3osfJotiC0_nyLjQEpz72zmsaTtyq2y65Il15KXHB4k6c6PsA3Tu1vHyoCdHGGuI5EmUlqmxnvdV2TtTZe6BIms5wJ0qO8AIHI9mU3olU19C8DEO4h4Iw9y-OiddJJ_8HHdMXXXqQk/s1600-h/57-3.jpg
အရင်ကဆို အိန္ဒိယနိုင်ငံ ပို့တ်ဘလဲတွင်သွားရောင်းသည် ။
ဆူးများမှာဆွေးနေသောသံကဲ့သို့ရှိပြီးအလွန်ချွန်ထက်သည်။ စူးမိလျှင်ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန် ခဲ့သည်။စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင်နာသည်။ အပြင်းအထန် ယောင်ကိုင်းလာသည်။ရက်အနည်းငယ်အတွင်ယောင်သောနေရာပုတ်သွားသည်)အတွင်းသားမှာမူအလွန်နူးညံ့ပြီးခွန်အားကိုတိုးစေသည်ဟု ဆိုသည်။
ငါးကိုရေငုတ်၍ စူးထိုးဖမ်းနည်းကို
ဆလုံလူမျိုး ကျား/မ /ကလေး/ လူအို

ဘယ်သူမဆို တတ်ကျွမ်းသည်။ရေထဲကငါးကို ရေပေါ်မှာလှေနှင့်သွားရင်း
သရေကြိုးတတ် သံစူးဖြင့် ပစ်ဖမ်း သည့်အခါဖမ်းသည်။


ဒင်းကလေးအတွက် ရေထဲကငါးကို ဒိုင်ဗင်ထိုး၍
စူးနဲ့ထိုးနေတဲ့ မောင်ဆလုံလေးတွေ
သြော်..သဘာဝရဲ့ သဘာဝလေးတွေလေ..နော


လှေတည်ဆောက်နေတာ

သစ်ထွင်း ဆလုံလှေ
ဆလုံလှေ (သစ်အပင်လိုက်ထွင်းထားတဲ့ ဧရာ (လောင်း)ပေါ်မှာရင်ကန်းသားခေါ်တဲ့ ဖေါ့ပင်နဲ့ ဆောက်ထားတာ
တည်တဲ့ ကော့သောင်မြို့
...............................................................................
Interesting General Links about Mergui archipelago:"MERGUI MYEIK ARCHIPELAGO MYANMAR - BURMA""The Mergui Archipelago Project"
A very interesting website full of resources about Mergui archipelago and the people living there. The MAP has printed several excellent books on the subject."Mergui Archipelago, Biodiversity project" by ECoSwiss Website, an interesting resource about biodiversity in Mergui archipelago."Burma Sea Gypsies Compendium" By MAJE Project, another very interesting resource about Mergui and its Sea Gypsies.
1 comment:
မင်္ဂလာပါ အကို
လာရောက်ကြည့်ရှု့ ခံစား တမ်းတ လွမ်းမောရပါသည်။
ကောင်းလိုက်တဲ့ တင်ပြမှု တော်တော်စုံတယ်။ ကျမ်းတစောင်နီးနီးပါပဲ။
တမ်းတဆုံးကတော့ လတ်ဆတ်တဲ့ အစားအစာတွေပါပဲ။ http://3.bp.blogspot.com/_qV7qstXR07c/SdCrO_ylmYI/AAAAAAAAB8s/_3o0n2eRAjU/s1600-h/mergui-111207-34.jpg ဤပုံပါ အစားစာများကို ပိုလွမ်းပါတယ်။
ပင်လယ် သန္တာကျောက်တန်းအတွင်း မျိုးပွားရာဒေသများလည်း ငါးဖမ်းလှေကြီးတွေကြောင့် ပျက်စီးခြင်း၊ ပင်လယ်သတ္တ၀ါများရဲ့ ပျော်စံရာ ပင်လယ်အော်တွေအတွင်း ဗုံးခွဲပြီး ငါးဖမ်းခြင်းများ ကြောင့် မျိုးစိပ် အတ်ာများများ ပျောက်ကွယ်သွားတာက ကြာပါပြီ၊
“ လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု ” ဒီစကားကိုတော့ စိတ်ထဲ သိပ်လက်မခံချင်ဘူး။ ဒါဗေမဲ့ လှပတာတော့ အမှန်ပါပဲ။
အထူးပြောချင်တာကတော့ ဓါတ်ပုံတွေ တော်တော် စုပြီးတင်ပြနိုင်တာ အရမ်းကောင်းပါတယ်။
လွမ်းဆွတ်ရင်း...
Post a Comment