နှစ်ငါးဆယ် အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ်နဲ့ အစိုးရ ဘတ်ဂျက်ကို လူသိရှင်ကြား ထုတ်ပြန်ပြီး လွှတ်တော်မှာ ဆွေးနွေးခွင့် ရတာဟာ ၂၀၀၈ အခြေခံ ဥပဒေရဲ့ အသီးအပွင့် တစ်ခုပါပဲ။ လွှတ်တော် အမတ်တွေကလည်း အတော်လေး တက်တက် ကြွကြွ ဆွေးနွေး ကြတာကိုလည်း သတိပြုမိပါတယ်။ သို့သော် သတင်းစာထဲက ဆွေးနွေးချက်တွေကို ဖတ်ရင်း လွှတ်တော်ရဲ့ ဘတ်ဂျက် ရေးရာ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ထောက်ပြ စရာတွေလည်း တွေ့လာရပါတယ်။
ပထမဆုံး တွေ့ရတာကတော့ လွှတ်တော် အမတ်တွေ အနေနဲ့ နိုင်ငံရဲ့ မိုက်ခရိုနဲ့ မက်ခရို စီးပွားရေး အခြေအနေ (Micro- economics and Macroeconomics) အခြေအနေတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ ၀န်ကြီးဌာနများ၊ စီမံကိန်းများ အပေါ် မိမိတို့ရဲ့ ကိုယ်ပိုင် အမြင်များကို အခြေခံပြီး ပြောဆို ဆွေးနွေးတာက အများစု ဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံ စီးပွားရေးကို ပြောရင် တုန့်ဆိုင်းနေတယ်လို့ ပြောရမှာ ဖြစ်တယ်။ ဒါဟာ ၂၀၀၈ ငွေကြေး အကျပ်အတည်း နောက်ပိုင်း နိုင်ငံအားလုံး ရင်ဆိုင်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကို ကုစားတဲ့အခါ နိုင်ငံအများစုက စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခွန် လျှော့ပေးတယ်။ နောက်ပြီး စီးပွားရေး ပြန်လည် နှိုးဆွတဲ့ ရန်ပုံငွေကို ထူထောင်ပြီး အတိုး သက်သာတဲ့ စက်မှု လုပ်ငန်း ချေးငွေတွေ ပေးတာ၊ အစိုးရ တည်ဆောက်ရေး လုပ်ငန်း Publci Work တွေ လုပ်ပေးတယ်။ တရုတ် သည်ပင်လျှင် ၂၀၀၈ အကျပ်အတည်း ကနေ ရုန်းထွက်ဖို့ အတွက် ဒေါ်လာ ၅၈၆ ဘီလီယံ ရန်ပုံငွေ ထူထောင်ပြီး လုပ်ပေးခဲ့ရတယ်။ အမေရိကန်က ဒေါ်လာ ၇၈၇ ဘီလီယံ ရန်ပုံငွေ ထူထောင်ပေးရတယ်။
မက်ခရို စီးပွားရေး သဘော အရ စီးပွားရေး နလံ ပြန်ထူချင်တယ် ဆိုရင် ကုန်ထုတ် လုပ်ငန်းတွေ လည်ပတ်အောင်၊ လူတွေ ငွေပို သုံးနိုင်အောင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာအောင် လုပ်ရတယ်။ ဒါက အခြေခံ သဘောတရားပါ။ ဒါ့ကြောင့် အဲဒီအချိန်မှာ လိုငွေပြ ဘတ်ဂျက်နဲ့ သွားရပါတယ်။
ဒီကနေ့ လွှတ်တော် အမတ်များရဲ့ ဆွေးနွေးချက်တွေကို ခြုံကြည့်လိုက်ရင် အခုလို တွေ့ရတယ်။
စီမံကိန်းကြီးတွေ အပါအ၀င် ၀န်ကြီး ဌာနတွေရဲ့ အသုံးစရိတ်ကို ဖြတ်တောက်ဖို့။
စီးပွားရေး ဦးမော့လာအောင် လုပ်ဖို့။
အခွန်အကောက်တွေ လျှော့ချဖို့။
အစိုးရ ၀န်ဆောင်မှုတွေ အရည်အသွေး တိုးမြှင့်ပေးဖို့။
သူတို့ လွှတ်တော် နယ်မြေတွေမှာ လိုအပ်နေတဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတား၊ ရေသွယ်မြောင်း၊ ဆည်တွေ လုပ်ပေးဖို့။
ဘတ်ဂျက် လိုငွေမပြဖို့။
ဝန်ထမ်းတွေကို အနည်းဆုံး လစာ တစ်သိန်း ပေးဖို့။
ဒါတွေကို ချကြည့် လိုက်ရင်ပဲ ဘယ်လိုမှ အဆက်အစပ် မညီတာ တွေ့ရမှာပါ။ အဲဒါဟာ လွှတ်တော် အမတ်တွေ အတွင်းမှာ မက်ခရို စီးပွားရေး သဘောတရားကို ဆုပ်ကိုင်ပြီး တူညီတဲ့ ချဉ်းကပ်မှုနဲ့ ဆွေးနွေးရမယ့် အစား မိမိ သန်ရာသန်ရာ ဆွေးနွေး နေတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်တစ်ခါ အမတ်တစ်ချို့က အခြေခံ ဥပဒေမှာ ပါတဲ့ ဥပဒေပြုရေး အခန်းကဏ္ဍကို တိတိပပ မသိတာလည်း တွေ့ရတယ်။ လွှတ်တော် အမတ် တစ်ချို့က ၀န်ကြီးဌာန အသုံးစရိတ်ကို ဆွေးနွေးတဲ့ နေရာမှာ အဆောက်အဦ တစ်ခုကို ဒီနေရာမှာ မဆောက်ဘဲ ဟိုနေရာမှာ ဆောက်သင့်တယ်လို့ ဆွေးနွေး တာတောင် ရှိတယ်။ တကယ်တော့ ဥပဒေ ပြုရေးဟာ အသုံးစရိတ်ကိုပဲ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဆောက်သင့်လို့ ငွေခွင့်ပြုတယ် ဆိုရင် အရှေ့လှည့်၊ အနောက်လှည့် ဆောက်တာ၊ စီမံကိန်း နယ်မြေထဲမှာ ဘယ်နေရာမှ အဆောက်အဦ ဆောက်မယ် ရွေးတာဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ အလုပ်သာ ဖြစ်ပါတယ်။
လစာ တစ်သိန်း ဆိုတဲ့ ကိစ္စမျိုး ကြတော့လည်း အစိုးရအဖွဲ့က လစာထက် ထောက်ပံ့ကြေးလိုပဲ တိုးပေးနိုင်မယ် ဆိုပြီး Data တွေနဲ့ ရှင်းပြတာကို နားထောင် ပြီးတဲ့အခါ လစာ မဖြစ်မနေတိုးဖို့ ပြောနေသူတွေဟာ မိန်းမက နောက်ဖေး မီးဖိုချောင်မှာ ဆန်၊ ဆီ၊ ဈေးဖိုးတွက်ပြီး တစ်ပတ်စာ လောက်အောင် ဘယ်လို ချက်ရမလဲ တွက်ရင်း ချွေးပြန်နေချိန်မှာ အိမ်ရှေ့မှာ ထိုင်ပြီး အိမ်မှာ ရှိမှန်းမသိ၊ မရှိမှန်းမသိ ဖြတ်သွားသမျှ လူကို ထမင်း ၀င်စားပါဦးလို့ ဖိတ်နေတဲ့ အိမ်ဦးနတ်နဲ့ တူလေစွလို့လည်း တွေးမိပါတယ်။
နောက်တစ်ခါ SEA Game ကို ၂၀၁၃၊ အာဆီယံ ဥက္ကဌ တာဝန်ကို ၂၀၁၄ မှာ ယူရမယ့် အချိန်မှာ အဓိက အခမ်းအနားတွေ ကျင်းပရမယ့် နေပြည်တော်က ဆောက်လုပ်ရေး စီမံကိန်းတွေ အားလုံး ရပ်ဆိုင်း ထားသင့်ကြောင်း ဆွေးနွေး တာမျိုးဟာလည်း ဆွေးနွေးသူရဲ့ တွေးခေါ် မျှော်မြင်မှုအပေါ် မေးခွန်း ထုတ်စရာ ဖြစ်စေပါတယ်။
တစ်ဖက် အသုံးစရိတ်တွေ ဖြတ်ဖို့ ပြောနေချိန်မှာ လူတွေ သိပ်သတိ မထားလိုက်မိတဲ့ လွှတ်တော် အမတ်တွေအတွက် ကား၊ ရထား၊ လေယာဉ် အခမဲ့စီးခွင့်များ၊ ဆေးကုသခွင့်များ၊ အခမဲ့ ဖုန်း၊ ရေ၊ မီး သုံးစွဲခွင့်များကို လွှတ်တော်က အတည်ပြုပေး လိုက်တာကိုလည်း တွေ့ရပြန်ပါတယ်။
လွှတ်တော်ဟာ ဥပဒေပြု အဖွဲ့အစည်း အနေနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အသုံးစရိတ်ကို ပြည်သူတွေ သိအောင် ဆွေးနွေး ထောက်ပြဖို့၊ ဖြတ်တောက်တာ၊ ပြင်ဆင်တာ လုပ်ဖို့ အခွင့်အရေး ရှိတာ အမှန်ပါပဲ။ ဒါပေမယ့် နည်းပညာနဲ့ ဆိုင်တဲ့ကိစ္စမျိုး၊ မက်ခရို စီးပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စမျိုးတွေမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီထက်ပိုပြီး အမြင် ကျယ်ကျယ်နဲ့ ဆွေးနွေး သင့်တာ အမှန်ပါပဲ။ အခု အချိန်ထိကတော့ ၀န်ကြီးဌာနတွေကို သူ့ထက်ငါ ဘယ်သူက ပိုပြီး ဝေဖန်နိုင်သလဲ ဆိုတာ ပြိုင်နေတဲ့ အခြေအနေ၊ ဘတ်ဂျက် ဆွေးနွေးတယ် ဆိုတာ ဖြတ်တောက်ဖို့ပဲ ဆိုတဲ့ အသိပဲ ရှိနေတဲ့ အခြေ အနေတွေပဲ တွေ့နေရပါ သေးတယ်။
ဒါကလည်း မြန်မာနိုင်ငံရဲ့ ကဏ္ဍ ပေါင်းစုံမှာ တွေ့နေရတဲ့ Capacity ပြဿနာလို့ပဲ ဆိုရမှာပါ။ နောက်တစ်နှစ် ဘတ်ဂျက် ဆိုရင် တော့ဖြင့် အခုထက် ပိုပြီး ပညာပါတဲ့ ဆွေးနွေးချက်တွေ မြင်ရ၊ ကြားရမယ်လို့ မျှော်လင့် မိပါတယ်။
ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးများမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဘတ်ဂျက် ရေးရာ ဆွေးနွေးမှု များအပေါ် ဘ၀င်မကျ ဖြစ်မိတာလေးကို ပို့စ် တင်လိုက်တဲ့ နေ့မှာပဲ လွှတ်တော်ထဲက အံ့အားသင့်ဖွယ်ရာ လုပ်ရပ်တွေကို ကြားလိုက် ရပါတယ်။
ပထမ လုပ်ရပ်ကတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွက် ဘတ်ဂျက် လျာထားတာကို ဥပဒေနဲ့ မညီဘူး ဆိုပြီး ငွေအားလုံးကို ပယ်ဖျက် လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဒါဟာ အံ့အား သင့်ဖွယ်ရာ ဆိုတာထက် လွှတ်တော် အမတ်များရဲ့ ရည်ရွယ်ချက်ကို မေးခွန်း ထုတ်စရာ ဖြစ်တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီအဆိုကို တင်သွင်းသူက ကျားဖြူပါတီက ဒေါ်နန်းဝါနု ဖြစ်ပြီး ကြံ့ဖွံ့ အမတ်တွေကပါ ထောက်ခံလို့ အဆို အတည် ဖြစ်သွားခဲ့ပါတယ်။
တကယ်တော့ လူ့အခွင့်အရေး ကောင်စီဟာ နိုင်ငံတကာက တောင်းဆို ချက်ကြောင့်သာ မဟုတ် နိုင်ငံတွင်းက အခြေအနေများ အရ ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ရှိဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလား ဆိုတာ ဆယ်တန်း ကျောင်းသားလေးတောင် ဖြေနိုင်ပါတယ်။ ဒီနေရာမှာ လွှတ်တော် အတွင်း ဆွေးနွေးချက်များကို အပြည့်အစုံ မသိရလို့ မပြောနိုင်ပေမယ့် ဒီကော်မရှင် အတွက် ငွေတောင်းတာဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း မဟုတ်လို့ ငွေမပေးသင့်ဘူးလို့ ဆိုရင်တောင် လွှတ်တော် အနေနဲ့ အောက်ပါတိုင်း လုပ်သင့်တယ်လို့ ထင်ပါတယ်။
၁။ ကော်မရှင်အတွက် သီးခြား ခေါင်းစဉ်နဲ့ မပေးနိုင်ဘူး ဆိုရင် သမ္မတရုံး အသုံးစရိတ်ထဲမှာ ထပ်ဆောင်းပေးပြီး ကော်မရှင် အတွက် သုံးသင့်တယ်။
၂။ နောင်မှာ ကော်မရှင် အနေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ကင်းကွာပြီး သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ အတွက် လူ့အခွင့်အရေး ကော်မရှင်ကို ဥပဒေနဲ့ ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်၊ ငွေကြေး သုံးစွဲခွင့်တွေကို ပေးနိုင်ဖို့ အတွက် ဥပဒေ ရေးဆွဲဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို တင်သွင်းသင့်တယ်။ ဒါမှမဟုတ် လွှတ်တော် အမတ်များက စတင် ပြုစု တင်သွင်းသင့်တယ်။
ဒါပေမယ့် အခု လွှတ်တော်ရဲ့ လုပ်ရပ်ကတော့ လူ့အခွင့်အရေး ကော်မရှင် ထားတာကို မလိုလားတဲ့ သဘော သက်ရောက် နေတော့ ဒါဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အထောက်အကူ ပြုရဲ့လားလို့ မေးစရာ ဖြစ်လာပါတယ်။ နောက်တစ်ခုက ကော်မရှင်အတွက် ငွေမပေးတဲ့ အတွက် သမ္မတရုံးက စီစဉ်ပေးတဲ့ ငွေနဲ့သာ ဆက်လုပ်ရမယ် ဆိုရင် (အခုထိ ဘယ်ကငွေနဲ့ ဆက်လုပ်မယ် ဆိုတာ တိတိကျကျ မသိရသေးပါဘူး။) ကော်မရှင်ရဲ့ လွတ်လပ်မှုကို မထိခိုက် စေဘူးလားလို့လည်း မေးခွန်း ထုတ်ဖို့ ဖြစ်လာပါတယ်။
ဒုတိယ လုပ်ရပ်ကတော့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ၁၀၀% ဖြတ်တောက်လိုက်တဲ့ ကိစ္စပဲ။ ကျွန်တော် နိုင်ငံတကာ ရေးရာတွေကို လေ့လာခဲ့တာ ဆယ်စုနှစ် တစ်ခုရှိခဲ့ပြီ။ ဘယ်နိုင်ငံမှာမှ လွှတ်တော်က ၀န်ကြီးဌာန တစ်ခုရဲ့ အသုံးစရိတ်ကို ၁၀၀% ဖြတ်တယ် ဆိုတာ မကြားဖူးပါဘူး။ ၁၀၀% ဖြတ်တယ်ဆိုရင် လစာပေးဖို့တောင် မရှိလို့ ဒီဝန်ကြီးဌာနကို ဖျက်ပစ်ဖို့ပဲ ရှိတယ်။ နောက်ပြီး လွှတ်တော်က ဒီဝန်ကြီးဌာန ဖွဲ့စည်းမှုနဲ့ အဲဒီ ၀န်ကြီးဌာနရဲ့ ၀န်ကြီး ခန့်ထားမှုကိုတော့ အတည်ပြုခဲ့ပြီး ၀န်ကြီးဌာန အသုံးစရိတ်ကိုတော့ တစ်ပြားမှ မပေးဘူး ဆိုတာ ရှေ့နောက် ညီညွတ် ရဲ့လားလို့ မေးကြည့်ချင်ပါတယ်။ နောက်ပြီး ဒီဝန်ကြီးဌာနရဲ့ လျာထားတဲ့ စီမံကိန်းတွေဟာ တစ်ခုမှ နိုင်ငံအတွက် အသုံမတည့် တော့ဘူးလား၊ ကျွန်တော်တို့ သိနေတဲ့ စက်မှုဇုန် ဆိုတာတွေ အတွက် အကူအညီ ပေးတယ် ဆိုတာတွေကရော လူထု အတွက် အကျိုး မရှိနိုင်ဘူးလားလို့လည်း တွေးကြည့်မိပါတယ်။
ဒါဟာ လစာတိုးရေးနဲ့ ပတ်သက်တုံးက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လစာပေးနိုင်ဖို့ အတွက် ဒီဝန်ကြီးဌာနရဲ့ ငွေတွေကို ဖြတ်တောက်ပြီး လစာ တိုးပေးတဲ့စီမှာ သုံးဖို့အတွက် အကြံပြုခဲ့ဖူးတယ်။ အခု လစာ တိုးပေးတဲ့ကိစ္စ မအောင်မြင်တဲ့ အတွက် အစိုးရကို လက်စားချေတဲ့ အနေနဲ့ လုပ်ခဲ့လေ သလားလို့တောင် မတွေးစကောင်း တွေးမိပါတယ်။
အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးများကို လေ့လာရင်းနဲ့ လွှတ်တော် ဥက္ကဌများရဲ့ ရည်ရွယ်ချက်ကို မေးခွန်း ထုတ်ချင်လာ ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ အမေရိကန်ပုံစံ အာဏာ သုံးရပ်ကို ခွဲခြားထားပြီး အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ် ဖြစ်ပါတယ်။ အင်္ဂလိပ် ၀က်မင်နစ်စတာ ပုံစံလို လွှတ်တော်မှာ အများစုရတဲ့ ပါတီက အစိုးရဖွဲ့၊ လွှတ်တော် အမတ်က လွှတ်တော် အမတ်ရော ၀န်ကြီးရော လုပ်လို့ရတဲ့ စနစ် မဟုတ်ပါဘူး။ မဏ္ဍိုင် တစ်ခုခြင်းဟာ သီးခြား ရပ်တည်နေတာ ဖြစ်တယ်။
ဒီနေရာမှာ အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုတဲ့ အနှစ်သာရကို သေသေချာချာ နားလည်ဖို့ လိုမယ် ထင်ပါတယ်။ အပြန် အလှန် ထိန်းကျောင်းတာဟာ စင်ပြိုင်အာဏာ တည်ဆောက်တာ မဟုတ်ပါဘူး။ အပြန်အလှန် ထိန်းကျောင်းမှုဟာ ညီညွတ်ရေးကို ခိုင်မြဲစေပြီး စင်ပြိုင် အာဏာ တည်ဆောက်ခြင်းဟာ အားလုံးကို ပြိုကွဲစေပါတယ်။ တကယ်တော့ လွှတ်တော် ဥက္ကဌများဟာ လွှတ်တော် အမတ်များရဲ့ ဆွေးနွေးချက်များ၊ မေးခွန်းများကို ထိန်းကျောင်း ပေးရသူများ ဖြစ်ပါတယ်။ မမေးသင့်တဲ့ မေးခွန်းကို မမေးရအောင်၊ အဆိုများ စနစ်တကျ ဖြစ်အောင် လုပ်ပေးရသူများ ဖြစ်ပါတယ်။ အခုအချိန် အထိတော့ လွှတ်တော် ဥက္ကဌများ ကိုယ်တိုင်က Free for All လွှတ်ပေးထားတဲ့ သဘောမှာ ရှိနေတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် သူတို့ဟာ လွှတ်တော်ရဲ့ ဥပဒေပြု လုပ်ငန်းများကို အသက် ၀င်စေချင်လို့ လုပ်နေတာလား၊ ဒါမှမဟုတ် သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက် အတွက် ကမောက်ကမ အခြေအနေတွေကို ဖန်တီး နေတာလား ဆိုတာ ပြန်စိစစ်ရမယ့် အခြေအနေကို ရောက်နေပြီလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အနောက် ဒီမိုကရေစီ နိုင်ငံတွေမှာတောင် အာဏာရ ပါတီက အမတ်များဟာ အုပ်ချုပ်ရေး မဏ္ဍိုင်မှာ တာဝန် ယူနေရတဲ့ မိမိတို့ပါတီက လူများကို နေရာတကာ ထော်လော် ကန့်လန့် လုပ်တာ မတွေ့ဘူးလို့ပါပဲ။ အမေရိကန်လို လွတ်လပ်ပါတယ် ဆိုတဲ့ ဒီမိုကရေစီ နိုင်ငံမှာတောင် လွှတ်တော်ထဲက ဒီမိုကရက် အမတ်များဟာ ဒီမိုကရက် သမ္မတရဲ့ မူဝါဒ အောင်မြင်ရေးကို ပူးပေါင်း လုပ်ဆောင်တာကို တွေ့ရပါတယ်။ သဘော မတူတာ ရှိရင်တောင် လွှတ်တော်ထဲက ခေါင်းဆောင်များနဲ့ သမ္မတ တွေ့ဆုံညှိနှိုင်းပြီး ဥပဒေပြုရေး ကိစ္စများကို ဆောင်ရွက် ကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှစ်ခုဟာ တစ်ပါတီတည်းမှ ဟုတ်ရဲ့လားလို့ တွေးစရာ ဖြစ်ရမယ့် အခြေတောင် ဆိုက်နေပါပြီ။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်တဲ့ အပြန်အလှန် ထိန်းကျောင်းခြင်း အဆင့်ကို ကျော်လွှန်ပြီး Power Politic အဆင့်ကိုများ သွားနေပြီလားလို့ သံသယ ဖြစ်စရာပါပဲ။
အခုလို အပြောင်းအလဲ ကာလမှာ ဒီလို သံသယတွေ မရှိသင့်တာတော့ အမှန်ပဲ။ ကျွန်တော်တို့ အနေနဲ့လည်း အခြေခံဥပဒေ အတည် ဖြစ်လာတဲက အခြေခံဥပဒေ ဘောင်ထဲကနေ အပြောင်းအလဲတွေ လုပ်ဖို့အတွက် အဆူခံ၊ အဆဲခံပြီး ရေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့ လုပ်ရပ်အချို့ဟာ အပြောင်း အလဲကို အားပေးတာထက် ထိခိုက်အောင် လုပ်သလိုများ ဖြစ်လာနေပြီလားလို့ စိုးရိမ်မိပါတယ်။
1 comment:
The Padaukmyay [Land of Gum-kino Tree or Pterocarpus macrocarpus] Blog is, among the Burmese Nettizen, a well known blog spot that belongs to the Ministry of Information, a propaganda arm of the Government of Myanmar.
The Blog was initiated by SPDC’s Ministry of Info and placed under direct supervision of Minister BG Kyaw San. Kyaw San, a civilian, is known for his pungent stunts of pro-junta, pro-military establishment, anti-political parties; and is one of the prominent critiques of Aung Sann Su Kyi.
Now that the Government policy towards Aung Sann Su Kyi as well as political parties has changed Kyaw San plays along to an extent but he still has the vile that was nurtured for decades. Not only that, as many believe, he has keen supporters within the Government.
Now, the following article can be considered as an ‘implosion’, as it is directed towards the Parliamentarians, the Speaker of the House and the President of the Upper House, aims of the Separation of Power three thee branches and its practices in Myanmerese Parliaments, budget cuts on the Human Rights Commission and the Ministry of Industrial Development, etc.
The article clearly reflects a conflict at the very top.
Post a Comment