အေဒီ (၁၂၅၅-၁၂၈၅) ပုဂံမင်းဆက် ၊ နရပတေ့မင်း လက်ထက်တွင် တရုတ်တို့နှင့် စစ်ဖြစ်ပွားခဲ့ ပါသည်။ တရုတ်စစ်တပ် (တာတာ စစ်တပ်) ၏ အကြီးအမှူးမှာ ဗိုလ်မှူးနဇရွတ်ဒင်း (အစ္စလာမ် အာရဗ်အမည်) ဖြစ်ပါသည်။ (၁၃၇၃-၇၄ ခုနှစ်တွင် စိုက်ထူခဲ့သော ရတနာစေတီ ကျောက်စာ)
ရတနာစေတီကျောက်စာ တွင် “မြင်းစိုင်းရောက် ခန်းတရက် မင်းကြီး ”ဟု ရေးထားပါသည်။ “ခန်း” ဟူသည် (တရုတ် ဧကရာဇ်) “ ကုဗလိုင်ခန်း” ကို ဆိုလိုဟန်တူပါသည် ။“တရက်”ဟူသည် “တူရကီ” ဟူသောစကားမှာ ပျက်လာဟန်တူသည်။ “တရက်”လူမျိုး တို့ကို မောင်ဂို (မောင်းဂွတ်) မန်ချူးရီးယန်းလူမျိုး၊ မဟာမက်ဘာသာဝင်များ၊ တရုတ်ပန်းသေးများ စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။
(ဦးဘသန်း ၊ ကျောင်းသုံးမြန်မာရာဇ၀င် ၊ စာ- ၈၇-၉၆ )
ခရစ်သက္ကရာဇ် (၇၀၀-မှ ၁၅၀၀) အတွင်းအင်္ဂလန် နိုင်ငံတွင် နှင်းဆီစစ်ပွဲ (War of Rose ) စစ်ပွဲကြီးများ ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်၊ရမ်းဗြဲကျွန်းအနီး အာရဘ် သဘောင်္တစ်စီး ပျက်ခဲ့ပြီး ၊ သဘောင်္ပေါ်ပါ အာရဘ် များသည် ရမ်းဗြဲ ကျွန်းတွင် အခြေစိုက် နေထိုင်ခဲ့ကြပါသည်။ (British Burma Gazatte , 1897)
အေဒီ (၆၅၂-၆၆၀) ပုဂံ၊ ပိတ်သုံမင်း ခေတ်တွင် အာရဗ်ကုန်သည် သဘောင်္များ သထုံ မုတ္တမ ဆိပ်ကမ်း မျာသို့ မကြာခဏ ၀င်ရောက်ကြကြောင်း ၊ အေဒီ (၈၀၀) ကျော်တွင်ရေးသား ခဲ့သော အာရဗ် မှတ်တမ်းများတွင် တွေ့ရပါသည်။(ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာ့ရာဇ၀င်မှ သိမှတ်ဘွယ်ရာအဖြာဖြာ -စာ ၁၅၆၊၁၅၇)
ထို့နောက် မြန်မာနိုင်ငံအတွင်းအခြေချနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များမှာ (အီရန် )ပါရှား နိုင်ငံသားများဖြစ်သော ဖာရစီ လူမျိုးနွယ်များ ဖြစ်ကြပါသည်။ ဖာရစီမှ ပါရသီ၊ ပါရသီ မှ ပါသီ၊ ပါသီမှ ပသီ ဟု မြန်မာ အသံဖလှယ်ခဲ့ကြပါသည်။ အထောက်အထားများမှာ ……..
ကောဇာသက္ကရာဇ် (၅၈၃) ခုနှစ်မှစ၍ ကုလား-ပသီ မင်း (၃)ဆက် ပုသိမ်မြို့ကို ၁၂နှစ်တိုင် အုပ်ချုပ်ခဲ့ကြ၍ ပုသိမ်မြို့မှာ “ ပသီ”မြို့ဖြစ်ခဲ့ဖူးပါသည်။
(မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ( ၆) စာ -၃၅၀ ) (၁၉၅၅ -၅၆ ခုနှစ်ထုတ် ပုသိမ်တက္ကသိုလ်ကျောင်း သား ကျောင်းသူများ မဂ္ဂဇင်း ၊ စာ-၅) (ဦးမာဃ ၊ပုသိမ် ရာဇ၀င် ၊စာ- ၁၃၇)
ထို့ပြင် မင်းတုန်းမင်း တရားကြီး က မြန်မာနိုင်ငံမှ အစ္စလာမ်သာသာဝင်များ ဟဂ်ျပြုရာတွင် တည်းခိုနိုင်ရေးအတွက် မက္ကာမြို့ တွင် ဒေါင်းဇရပ်ကြီး တစ်ဆောင်ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ထိုဇရပ်ကြီး သွားရောက်ဆောက်လုပ်ရန် နေမျိုး ဂုဏ္ဏ ဘွဲ့ ရ ခလီဖွာ သခင်ကြီး ဦးဘိုးမြ နှင့် ဟာဂျီ ဦးရွှေဘော်တို့ကို တာဝန်ပေးအပ်ခဲ့ပါသည်။ မြန်မာအစ္စလာမ် ဘာသာ ၀င် များ လှူဒါန်းငွေနှင့် လိုသမျှ ကို မင်းတရားကြီးက စိုက်ထုတ် လှူဒါန်းခဲပါသည်။
(မြေတူးမြို့ ပလီထိုင်ဆရာကြီး ဦးရွှေတောင်ပြုစု သော လင်္ကာ )
မြန်မာဘုရင် ခေတ်က အစ္စလာမ် ဘာသာဝင်မြန်မာများကို ကုလား၊ ကုလားပျို၊ ပသီ၊ ပသီကုလား၊ ပန်းသေးတရုတ် ကမန်၊ မြေတူးသား၃၇၀၀ အဆက် စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ ကမန်မှာ ယခုအခါ တိုင်းရင်းသားတစ်မျိုးအဖြစ် အသိအမှတ်ပြု ခံနေရပြီဖြစ်ပါသည်။ ဘင်္ဂါလီဟု သော အခေါ်အဝေါ်လုံးဝမရှိခဲပါ။ ဗြိတိသျှခေတ်တွင် အိန္ဒိယ ဒေသအသီးသီးမှ ၀င်ရောက်လာကြသော အစ္စလာမ်ဘာသာ ၀င်များက မိမိတို့ ၀င်လာရာ ဒေသကိုအစွဲပြု၍ အိန္ဒိယတွင် ပင်အခေါ်အဝေါ်မရှိသော လူမျိုးနာမည်များ တီထွင်လာကြသည်။ ဥပမာ – စုရာသ်ဒေသ မှ ၀င်လာသူများကို မိမိတို့ကိုယ် ကို စူရတီ လူမျိုး ဂူဂျာရသ် ဒေသမှ ၀င်ရောက်လာသူများက မိမိတို့ကိုယ်ကို (ဂူဂျရသီ) မေမန်လူမျိုး၊ တမိလ်နာဒူးဒေသမှ ၀င်ရောက်လာသူများက ကျူလီယာ လူမျိုး၊ စသည်ဖြင့် ခေါ်ဝေါ်လာကြသည်။ ထိုခေတ်တွင် အရှေ့ဘန်ဂေါလ် (ယခုဘင်္ဂလားဒေ့ရှ်) မှ ၀င်လာသူများက မိမိတို့ကိုယ်ကို ဘင်္ဂါလီ လူမျိုးဟု စတင်ခေါ်ဝေါ်လာကြသည်။
ဗြိတိသျှတို့က မည်သည့်ဒေသ မှ ၀င်လာသည်ဖြစ်စေ ၊ ဘုရင်လက်ထက် ကရှိနေသူ အစ္စလာမ် ဘာသာဝင်အားလုံး ကို “မဟာမေဒင် လူမျိုး” ဟု ခေါ်ဝေါ်လိုက်ကြသည်။ ထို့အတူ မြန်မာ တိုင်းရင်းသား တို့က ၄င်းတို့အားလုံးကို “ကုလား” ဟု ခေါ်ဝေါ်လိုက်ကြသည်။
-ခရစ်တော် ၏သာသနာ “ခရစ်ယာန်” ဟုခေါ် သကဲ့ “တမန်တော် မုဟမ္မဒ်” ကိုအစွဲပြု၍ “မဟာမေဒင်”*
-အိန္ဒိယ စကား (ကာလား – အမည်း၊ အသားမည်း)*
ဗမာမွတ်ဆလင်မ်
ဗြိတိသျှခေတ်တွင် ဗုဒ္ဓဘာသာအသင်ကြီးပေါ်ပေါက်သကဲ့သို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်တိုင်းကို ဗမာ မွတ်ဆလင်မ် ဟု တစ်ပြေးညီ ခေါ်ဝေါ်ခြင်းဖြင့် အိန္ဒိယ ကုလား နှင့် လမ်းခွဲလိုက်ကာ “ဗမာ မွတ်ဆလင်မ် ကွန်ဂရက်”ကြီး ကိုဖွဲ့စည်းတည်ထောင်လိုက်ကြသည်။ ဦးဆောင်သူမှာ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် ဖြစ်ပါသည်။ ဗမာ မွတ်ဆလင်မ် တို့က ကုလား ဟူသည် မြန်မာနိုင်ငံကို သစ္စာမခံသော အိန္ဒိယ တိုက်နယ် သားများနှင့် အနွယ်အဆက်များဟု ယူဆ ပြီး ဗမာမွတ်ဆလင်မ် ဟူသည်မြန်မာနိုင်ငံကို သစ္စာခံသော (မည်သည့် အနွယ်အဆက်မှမဆို ဆင်းသက်လာသည့် ) အစ္စလာမ် ဘာသာ ၀င်မြန်မာနိုင်ငံသားများ ဟုသတ်မှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ၀န်ကြီးချုပ်ဦးနု လက်ထက်တွင် နိုင်ငံရေးအသွင်ဆောင်သော ဗမာ မွတ်ဆလင်မ်ကါန်ဂရက် ကို ဘာသာရေး ၊လူမှုရေး သီးသန့်သာ ဆောင်ရွက်သော “အစ္စလာမ်သာသနာရေးရာကောင်စီ ” အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဆရာကြီးဦးရာဇတ် ကျဆုံးသွားပြီးနောက် ထိုအဖွဲ့ကို ဖဆပလ ခေတ် တရားရေးဝန်ကြီး ဦးခင်မောင်လတ် (မြောင်းမြသား) က ဦးဆောင်ခဲ့သည်။
များမကြာမီ ဖဆပလ ခေတ် ၀န်ကြီးတစ်ပါး ဖြစ်သော ဦးရှာရှစ် ( သခင်နု၊ သခင်အောင်ဆန်း၊ တို့နှင့်ကျောင်းသားသမဂ္ဂ တွင် တွဲဖတ် ဦးဆောင်ခဲ့သူ ) က “ဗမာ မွတ်ဆလင်အဖွဲအချုပ်ကို ဖွဲ့စည်းတည်ထောင်ပါသည်။ နိုင်ငံရေးအမြင်ရှိသော လူငယ်များကလည်း ဗမာမွတ်ဆလင်မ် လူငယ်အဖွဲ့ချုပ်” ကို တည်ထောင်ပါသည်။
ယခုခေတ်တွင်လည်းအစ္စလာမ်သာသနာရေးရာကောင်စီ ၊ မြန်မာမွတ်ဆလင်မ် အဖွဲ့ချုပ် ၊ မြန်မာ မွတ်ဆလင်မ် လူငယ်အဖွဲ့ချုပ် တို့နှင့် (န၀တ) ခေတ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကော်မရှင် ၀င် ဆရာချယ် ဖွဲ့စည်းတည်ထောင်ခဲ့သော “မြန်မာ မွတ်ဆလင်မ် အမျိုးသားရေးရာအဖွဲ့ချုပ် ” တို့ကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားဆဲဖြစ်သည်။ မောင်ဝတ်လုံ ( မြောင်းမြ)
No comments:
Post a Comment