ပါမော်က္ခချူပ် ဒေါက်တာမြင့်ဦး
Think about it, 16 February, 2014
တစ်နေ့ ရုံးချုပ်မှာ တာဝန်ကျနေတဲ့ မိတ်ဆွေညွှန်မှူးးက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ နိုင်ငံခြား အဖွဲ့တစ်ဖွဲ့က အီးမေးလ်နဲ့ မေးလာလို့ဗျာလို့ အစချီပြီး 'သူတို့က ကျွန်တော်တို့ဆီမှာ သုတေသန ဆိုတာကို ကောင်းကောင်း လုပ်တတ်ကြပုံ မရဘူးလို့ ထင်တယ်တဲ့။ အထူးသဖြင့် (အလှူရှင်တွေ ပိုက်ဆံထောက်ပံ့ချင်စိတ် ပေါ်လာအောင် ဆွဲဆောင်နိုင်တဲ့) သုတေသန အဆိုပြုလွှာမျိုးကို မရေးနိုင်ကြဘူးတဲ့။ ကျောင်းတွေမှာ သင်မပေးကြဘူးလားလို့ မေးတယ်ဗျ။ ခင်ဗျားတို့ကျောင်းမှာ သင်ပေးလား။ ဘာတွေသင်လဲ' ဆိုပြီး မေးတော့တာပါပဲ။ ကျွန်တော်က သင်ပါပြီ ကောဗျာလို့ ပြန်ဖြေလိုက်တယ်။ ဘွဲ့ကြိုနောက်ဆုံးနှစ်မှာ တစ်ဘာသာအနေနဲ့ သင်ရသလို ဘွဲ့လွန်ကျမ်းတွေ ဆိုတာကလည်း သုတေသနကို အခြေပြုပြီးမှ ရေးကြရတာ မဟုတ်လားဗျာ။
အဲဒီအချိန်က ခပ်ပေါ့ပေါ့တွေးပြီး ပြန်ဖြေမိပေမယ့် နောက်တော့မှ သေသေချာချာ ပြန်စဉ်းစားမိတယ်။ 'ဒါကတော့ တို့ကို အထင်သေးတာပဲ' လို့ မခံချင်စိတ်နဲ့ ပြန်ဖြေလိုက်မိတာများလား လို့ပေါ့ဗျာ။ ဒုတိယအတွေး ဆိုပါတော့။ ကြီးကြီးကျယ်ကျယ် နှိုင်းရကောင်းလားလို့ မထင်ကြပါနဲ့။ မာဘူဘာနီ၁ က 'အာရှသားတွေ စဉ်းစားတတ်ရဲ့လား'၂ လို့ သူ့ကိုယ်သူပြန်မေးသလို ကျွန်တော်လည်း 'နေပါဦး ...သုတေသနဆိုတာကြီးကို ငါတို့ တကယ်ရော လုပ်မှ လုပ်တတ်ကြရဲ့လား' လို့ ကိုယ့်ဖာသာ ပြန်မေးမိတယ်။ အဲဒီတော့မှ ပေါ်လာတဲ့ မေးခွန်းတွေကဗျာ။ မီးခိုး ကြွက်လျှောက် ဆုံးပဲ မဆုံးနိုင်တော့ဘူး။ သင်ပေးရုံနဲ့ လက်တွေ့ လုပ်တတ်ပြီလို့ တထစ်ချ ယူဆလို့မှ မရပဲ။ သင်ပေးတဲ့ ဆရာကိုယ်တိုင်ကရော တကယ်တတ်ရဲ့လား။ စာသင်ခန်းကနေ အမြဲတမ်း ထွက်ပြေးဖို့ပဲ ကြံစည်နေကြတဲ့ ကျောင်းသားတွေနဲ့၊ စာဆိုရင် အလွတ်ကျက်ဖို့လောက်ပဲ သိတဲ့ ဘွဲ့ကြိုစာသင်သား အများစုကတော့ သိမှာတတ်မှာ မဟုတ်တာ သေချာတယ်။ အင်မတန်တော်တဲ့ လက်တစ်ဆုပ်စာ ကျောင်းသားတွေတောင် ခေတ်သစ် မျက်မမြင် ပုဏ္ဏားတွေလိုများ ဖြစ်နေကြမလား။ ပေးလိုက်တဲ့ မက်ဆေ့ခ်ျကို ရမှ ရကြရဲ့လား။ ရတယ်ပဲ ထားပါဦး။ စာတွေ့ သိရုံလောက်နဲ့ အလုပ်မှ မဖြစ်သေးပဲ။ ဘွဲ့လွန် ကျမ်းတွေအတွက် လုပ်နေကြတာတွေကိုပဲ ကြည့်လေ။ သုတေသန ပီသလို့လား။ သင်ပေးတယ် ဆိုတာလောက်နဲ့ မပြီးသေးတာ သေချာတယ်။
ပြည်တွင်းမှာ သင်ပေးတာတွေ အလုပ်မဖြစ်ဘူးပဲထား။ နိုင်ငံခြားမှာ စာသင်ဖူးတဲ့သူတွေ (မများဘူးဆိုတာတောင်) နည်းတော့မနည်းလှဘူး။ သူတို့တတွေကရော။ ထဲထဲဝင်ဝင် မသိဘူး ဆိုဦးတော့။ သုတေသနဆိုတာ ဘာဆိုတာနဲ့ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ ထုံးနည်းတွေလောက်တော့ သိကြမှာပဲ။ သူတို့ သုတေသန မလုပ်ကြဘူးလား။ နေပါဦး။ လုပ်ရော လုပ်ချင်ကြရဲ့လား။ လုပ်ချင်တယ်ပဲထား။ လုပ်လို့ရတဲ့နေရာ၊ လုပ်နိုင်တဲ့ အခြေအနေ ရှိလို့လား။ မလုပ်ချင် ကြဘူးဆိုရင်ကော။ ဘာကြောင့်လဲ။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို ရှာကြည့်တော့မှ၊ အလိုလေး ... 'သုတေသန လုပ်တတ်အောင် သင်မပေးကြဘူးလား' ဆိုတာက သမုဒ္ဒရာထဲ မြုပ်နေတဲ့ ရေခဲတောင်ကြီးရဲ့ ပေါ်နေတဲ့ ထိပ်ချွန်းပိုင်း သေးသေးကလေးပဲ ရှိသေးတာကိုး။ အဲဒီတော့ ကျွန်တော်လည်း မာဘူဘာနီဖြေသလို ဖြေကြည့်ချင်လာပါတယ်။
၁။ ခင်ဗျားတို့ထင်တာမမှားဘူး။
ဟုတ်တယ်။ ခင်ဗျားတို့ထင်တဲ့အတိုင်းပဲ။ ကျွန်တော်တို့ သုတေသန မလုပ်တတ်ကြဘူး။ တစ်သက်လုံး မစူးမစမ်း၊ မမေးမမြန်း၊ မစောကျောမဝေဖန်ပဲ သိသလောက်ကလေးကိုပဲ အဟုတ်ကြီးထင်နေတဲ့ လူ့အဖွဲ့အစည်းမှာ သုတေသန ဆိုတာ ဘယ်မှာ ရှင်သန်နိုင်မှာလဲ။ ဖြတ်သန်းလာရတဲ့ ပညာရေးစနစ်ကိုပဲ ကြည့်ပါဦး။ သင်သလောက်ကိုပဲ ကျက်၊ မှတ်။ စောဒကမတက်နဲ့။ မေးခွန်းမထုတ်နဲ့။ အားလုံး၏၊ သည်မရွေး ပြန်ရွတ်ပြ၊ ရေးပြနိုင်ရင် အမှတ်ပြည့်ရမယ်။ အဲဒီလို ဖြစ်နေတယ် မဟုတ်လားဗျာ။ ကိုယ်တိုင် လေ့လာစူးစမ်းဖို့၊ ရှာဖွေဖေါ်ထုတ်ဖို့ ဆိုတာတွေကို အပိုအလုပ်လို့ မှတ်ယူကြတာကလား။ ဒီတော့ မေးခွန်းတွေ ထုတ်ရမယ်၊ ကိုယ်တိုင်လေ့လာ အဖြေရှာရမယ်ဆိုတဲ့ သုတေသန အခြေခံ တွေက ပျောက်ဆုံးနေတော့တာပေါ့။ လက်တွေ့ သက်သေပြမယ်ဗျာ။ တစ်ဦးစ၊ နှစ်ဦးစကလွဲလို့ နိုင်ငံတကာမှာ နာမယ်ကျော်တဲ့ ရွှေပြည်သား သုတေသီရယ်လို့ များများစားစား ရှိလို့လား။ ပြည်ပမှာ လူရာဝင်တဲ့ စာတမ်းဆိုရင်လည်း အနည်းအကျဉ်းလောက်ပဲ ရှိတယ်မဟုတ်လား။ ကိုယ့်ပြည်တွင်းမှာပဲ ပြန်ကြည့်လိုက်ပါဦး။ သုတေသန ဌာနကြီးတွေမှာ လုပ်နေတာတွေက လက်တွေ့ဆီကို ရောက်လို့လား။ ဘယ်ဘာသာရပ် နယ်ပယ်ကိုပဲကြည့်ကြည့် သူ့ပရိသတ်နဲ့သူ အခိုင်အမာ ရပ်တည်ပြီး တွင်တွင်ကျယ်ကျယ် ထုတ်ဝေနေရတဲ့ သုတေသန ဂျာနယ်ဆိုတာမျိုး ဘယ်နှစောင်ရှိလို့လဲ။
၂။ အထင်သေးလှချည်လား ... လုပ်တတ်တာပေါ့ဗျ။
သုတေသန လို့ပြောလိုက်တိုင်း လူတွေက ဓါတ်ခွဲခန်းတွေ၊ ရှုပ်ရှုပ်ထွေးထွေး ကရိယာတွေ၊ ဂျူတီကုတ်ဝတ်ထားတဲ့ လူတွေကိုပဲ ပြေးမြင်ကြတာကိုး။ ကျွန်တော်တို့ရဲ့ဘ၀မှာ နေ့စဉ်နဲ့အမျှ မေးခွန်းတွေ ထုတ်နေကြ၊ အဖြေတွေ ရှာနေကြ တာပါပဲဗျာ။ သုတေသန အလုပ်တွေ မတွင်ကျယ်သေးတာနဲ့ပဲ ကျွန်တော်တို့ကို မလုပ်တတ်ဘူးလို့ ထင်နေတာက အထင်သေးလွန်းရာ ကျပါတယ်။ သုတေသန အခြေခံသဘောတရားတွေ ဆိုတာက နားမလည်နိုင်လောက်အောင် ခက်ခဲတဲ့ ပညာတွေမို့လို့လား။ သုတေသန ထုံးနည်းတွေဆိုတာက မလုပ်တတ်လောက်အောင် ရှုပ်ထွေးနေလို့လား။ နျူကလီးယားဗုံးတွေ၊ ဒုံးပျံကြီးတွေ မလုပ်တတ်ရင်နေမယ်။ လက်တွေ့အသုံးချ သုတေသန အလုပ်တွေကတော့ မလုပ်တတ်စရာ ဘာမှမရှိပါဘူး။ သိတဲ့ တတ်တဲ့သူတွေ တစ်ပုံကြီးပါဗျာ။ နိုင်ငံခြားပြန်တွေလည်း အများကြီး။ သူတို့ မလုပ်ချင်၊ မလုပ်နိုင်သေးတာပဲ ရှိတာပါ။ လုပ်ချင်လာအောင် အားပေး၊ လုပ်နိုင်လာအောင် ထောက်ပံ့မယ်ဆိုရင် သုတေသန ဆိုတာကြီး ကျွန်တော်တို့ ဆီမှာ တွင်ကျယ်လာမှာပါ။ မသိသေး၊ မတတ်သေးဘူး ဆိုရင်လဲ သင်ပေးလို့ ရပါတယ်။ ရွှေပြည်သားတွေ ဒီလောက် မညံ့ပါဘူး။
၃။ အင်း ... လုပ်ချင်လည်း လုပ်တတ်မယ်ထင်ပါရဲ့။
အမှန်အတိုင်း ပြောရရင် အပေါ်ကအဖြေ နှစ်မျိုးလုံးကို ကျွန်တော် ဘ၀င်မကျဘူးဗျ။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေမှာ သုတေသနဆိုတာကို ကျကျနန မလုပ်နိုင်ကြတာကတော့ အမှန်ပါ။ ဒါပေမယ့် သုတေသနကို နားလည်းမလည်၊ လုပ်လည်း မလုပ်တတ်တော့တဲ့ အခြေအနေအထိ ကျွန်တော်တို့ မရောက်သေးတာကလည်း အမှန်ပါပဲ။ မိတ်ဆွေညွှန်မှူးပြောတဲ့ နိုင်ငံခြားကအဖွဲ့ ဘာကိုရည်ရွယ်ပြီး မေးနေတယ်ဆိုတာ ကျွန်တော် ရိပ်မိ ပါတယ်။ 'မရှိတာထက် မသိတာခက်တယ်ကွ' ဆိုပြီး ကျွန်တော်တို့ မတတ်ရင် သင်ပေးမယ် ဆိုတဲ့သဘောပေါ့ဗျာ။ ပိုက်ဆံကတော့ ကျွန်တော်တို့ကပဲ ပေးရမလား။ ကြားစပွန်ဆာကပဲ ပေးမှာလားတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ လာသင်ပေးမယ်ဆိုရင် မကောင်းဘူးလားဗျာလို့ မေးစရာရှိပါတယ်။ ကျွန်တော်တို့မှာ ခက်နေတာက မသိတာ မဟုတ်ဘူး။ 'မသိတာထက် မလုပ်တာခက်' ဖြစ်နေတာဗျ။ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ သင်တန်းတွေပေးတော့ မတက်ချင်ပဲ လာတက်ကြ။ ပြီးသွားတော့လည်း တတ်သလိုလို၊ မတတ်သလိုလိုနဲ့။ နောက်ဆုံးတော့ ကိုယ့်နေရာကိုယ်ပြန်။ ကိုယ်လုပ်နေကျ အလုပ်တွေကိုပဲ ဆက်လုပ်။ ဒီလိုနဲ့ပဲ သံသရာ လည်လာခဲ့တာ ကြာလှပြီ မဟုတ်လား။
သိရုံ၊ တတ်ရုံနဲ့ မပြီးသေးပဲ တကယ်လုပ်ဖို့လည်းလိုပါတယ်။ လုပ်တတ်တဲ့သူတွေ တကယ်လုပ်ဖို့အတွက် လုပ်ရမယ့် နေရာတွေ (တက္ကသိုလ်တို့၊ သုတေသနဌာနတို့မှာ) ရောက်နေဖို့ လိုပါတယ်။ သူတို့ကို အဲဒီနေရာတွေဆီ ပို့ရုံနဲ့လည်း မပြီးသေးပါ။ သူတို့မှာ လုပ်ချင်စိတ် ရှိဖို့လိုပါတယ်။ လုပ်ချင်စိတ် ရှိလာဖို့အတွက် ဘ၀ဖူလုံဖို့နဲ့ အနာဂတ်မှာ မျှော်လင့်စရာတွေလည်း ရှိရပါမယ်။ အပြောလွယ်သလောက် လက်တွေ့မှာ သိပ်ခက်တဲ့ ကိစ္စပါ။ ကျွန်တော့်မိတ်ဆွေ ညွှန်မှူးကို 'နိုင်ငံခြားက အဖွဲ့ကို မေးကြည့်စမ်းပါဗျာ။ သုတေသန မလုပ်ချင်တဲ့ သူတွေကို လုပ်တတ်အောင် သင်တန်းတွေ ပေးနေလို့တော့ ဘာမှမထူးဘူး။ လုပ်တတ်တဲ့သူတွေ သုတေသနမှ မလုပ်ရရင် မနေနိုင် မထိုင်နိုင် ဖြစ်သွားအောင် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးများရှိရင် ပေးပါဦးလို့။ ရှော့ရိုက်ပြီးပဲပြောင်းပြောင်း၊ သိပ္ပံဇတ်လမ်း တွေထဲမှာလို ဗီဇပြောင်းတာမျိုး၃ ပဲလုပ်လုပ် လုပ်ပေးပါလို့ ပြောဗျာ' လို့ ကျွန်တော် ရယ်စရာလုပ် ပြောမိပါသေးတယ်။ စိတ်ထဲကတော့ မရယ်နိုင်ပါ။ အဲဒီလို တကယ်လုပ်မှ ရတော့မယ်ဆိုရင် အဲဒါ ... အတော့်ကို ၀မ်းနည်းစရာ ကောင်းတဲ့ ကိစ္စဗျ။
1 Kishore Mahbubani, Dean, The Lee Kwan Yew School of Public Policy, Singapore.
2 Can Asians Think? (First published in 1998)
3 Genetic Engineering
- Bala Ji Moe and 77 others like this.
- Zay Htet တကယ်တော့ကျွန်တော်တို့ဆီမှာသုတေသနနဲ့ပါတ်သက်တဲ့ဝန်းကျင်ပျောက်နေတာပါ.. ခုတက္ကသိုလ်တွေမှာရှိနေတာပဲလို့ပြောစရာရှိပါတယ်.. ကျွန်တော်ပြောချင်တဲ့သုတေသနက နိုင်ငံတကာမှာလုပ်နေတဲ့သုတေသန၀န်းကျင်ကိုပြောချင်တာပါ.. အဲ့လိုပြောလို့မင်းကနိုင်ငံတကာဝန်းကျင်ဆိုပြီးပြောရအောင်ဘယ်လောက်များနှံ့စပ်လို့လဲလို့မေးနိုင်ပါသေးတယ်.. အိမ်နီးချင်းတစ်နိုင်ငံကိုပဲ တစ်ပါတ်ဆယ်ရက်လောက်ရောက်ဘူးတာပါဗျာ.. ဒါကလဲ သုတေသနလုပ်တာမျိုးနဲ့မဟုတ်ပါဘူး..
ဒါပေမယ့် သုတေသနလုပ်နေတဲ့သူတွေ (ပြည်တွင်း/ပြည်ပ) ကိုတွေ့တိုင်း ကိုယ့်ဟာကိုယ်ကျိတ်မေးမိတာက ဒီလူတွေဘာပိုက်ဆံနဲ့သုတေသနလုပ်နေကြတာလဲ ဆိုတာပါပဲ..
တကယ်တော့ သုတေသနဆိုတာကိုက သူတို့ရဲ့ စားဝတ်နေရေးကိုဖြေရှင်းပေးနေတာကိုး..
သုတေသနလုပ်နိုင်ရင် အလုပ်ရမယ်.. အလုပ်မြဲဖို့သုတေသနလုပ်ရမယ်..
ဒါကသုတေသန နဲ့ အလုပ်ရဲ့ဆက်နွယ်တဲ့ဝန်းကျင်..
သုတေသနနဲ့ငွေက တစ်မျိုးနွယ်နေပြန်ရော..
သုတေသနလုပ်ဖို့ ငွေလိုတယ်.. ငွေဖြစ်အောင်လုပ်တဲ့ ငွေပေးချင်လာအောင်လုပ်တဲ့ သုတေသနဖြစ်မှ ငွေရမယ်.. အဲလိုဖြစ်အောင်လဲ စွဲဆောင်နိုင်ရမယ်.. အဲ့အတွက်ဘာသုတေသနလုပ်ရမလဲဆိုတာကို စပြီးသုတေသနလုပ်ရကော.. ပြသနာတွေအစဆွဲထုတ်ရကော..
ဒီလိုနဲ့သုတေသန၊ အလုပ်၊ ငွေ ဆိုတဲ့ ၀န်းကျင်ကြီးဖြစ်လာကော..
ကဲ..ဆရာရေ.. အဲ့ ၀န်းကျင်မရှိရင်.. ဆရာကောင်းတွေဘယ်လောက်သင်သင် ရာထူးတိုးဖို့အထောက်အပံ့ဖြစ်မယ့်သုတေသနပဲ ဖြစ်လာပါလိမ့်မယ်ထင်ပါ့.. - Ye Ni ချင်းမိုင်တက္ကသိုလ်မှာ မနှစ်က Social Science Research တခု လာလုပ်တဲ့ ဝန်ကြီးဌာနတခုက ကျောင်းသူကို ဝန်ကြီးဌာနက "ငါတို့ ဆီက အချက်အလက်တွေ သူများနိုင်ငံ ရောက်သွားမှာ" စိုးတဲ့အတွက် အချက်အလက်မှန်တွေ မပေးဘူး။ အဲဒီအတွက် ကျောင်းသူရဲ့ စာတမ်း မအောင်ဘူး။
- Mdy Boy While we are discussing """သုတေသနဆိုတာကို ကျွန်တော်တို့ လုပ်မှလုပ်တတ်ကြရဲ့လား ... (Can we do research?)""", please see R&D spending in selected countries.
[The The Wall Street Journal, 2014 Jan 17] - Thiha Kyaw ကျွန်တော်တို့တွေ အခက်အခဲတွေကြီးပြောနေလို့တော့ မပြီးသေးဘူးထင်တယ်နော်။ လုပ်ချင်စိတ်ရှိအောင် လုပ်ချင်တဲ့ သူတွေများများပေါ်လာအောင် ပြန်လုပ်ယူရဦးမှာပါ။ ကျောင်းတုန်းက ဗန်းစကားနဲ့ပြောရင် စုန်ပြူးတွေထွက်လာဖို့လိုတာပါ။ စုန်းပြူးတွေကပဲ ဘာမှ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်တဲ့ Research ကို ရအောင်လုပ်ယူသွားတာပဲ။ အခုတော့ ကျောင်းတွေသွားကြည့်၊ စုန်းပြူးရှိဖို့နေနေသာသာ မလုပ်၊ မရှုပ်၊ မပြုတ်တွေကများနေတယ်။ ဘယ်လိုလုပ်ပြီး သုတေသနဘက်သွားမလဲ။ စူးစမ်းဖို့ နေနေသာသာ လူကြီးမကြိုက်မှာ စိတ်းပူနေရာတာနဲ့ ဘယ်ခရီးမှ မရောက်တော့ဘူး။
- Maung Maung Than သစ်တောဌာနရဲ့ သုတေသနနဲ့ လေ့ကျင့်ရေး အသုံးစရိတ်များ Source Environmental Performance Assessment Report, UNEP
- PaiNg PaiNg ကျွန်တော်တို့ ကျောင်းသားများသည် research ဟုခေါ်သော ဘာမှန်းမသိတဲ့အရာကြီးကို လုပ်ချင်ကြပါသည် သို့သော်
ဘယ်လိုလုပ်ရမှာလဲမသိပါ တစ်ခါမှမလုပ်ဖူးဘူးလေ
ဘာကိုလုပ်ရမလဲမသိပါ ကိုယ်နဲ့ကိုက်ညီတာကို မခွဲခြားနိုင်သေးပါ ဘာ့ကြောင့်လုပ်ရမှာလဲမသိပါ ရလာမဲ့အကျိုးကျေးဇူးတွေကို မသိကြပါ နိုင်ငံခြားကကျောင်းသားတွေ လုပ်နေကြတာကို အားကျတဲ့စိတ်တစ်ခုတည်းနဲ့တင် လုပ်ချင်စိတ်ရှိကြပါတယ် - Pyi Pyi Thant ဟုတ်ကဲ့ သုတေသနတော့ လုပ်ချင်ပါတယ်။ ဒီသုတေသနအတွက် လေ့လာတဲ့ မေးခွန်းတွေ ဖြေပေးရင် ဘယ်လောက်ပေးမှာလဲ လို့ မေးတဲ့ respondent တွေ၊ ဒီသုတေသနလုပ်ပြီးရင် ကျွန်တော်တို့ ရွာကို ဘာလုပ်ပေးမှာလဲ လို့ မေးတဲ့သူတွေနဲ့ တွေ့ရင်၊ သုတေသန လုပ်ဖို့ ဝင်ငွေ ထွက်ငွေ ကို မေးတဲ့အခါမှာ မမှန်မကန် ဖြေတာတွေနဲ့ တွေ့ကြုံရရင် တိုင်နဲ့ ခေါင်းနဲ့ သာဆောင့်ပြီး ကျွန်တော်မျိုးမ မှားပါတယ် လို့သာအော်လိုက်ချင်ပါတယ်။
- Htay Htay Kyi Tint လုပ်တော့လုပ်နေပါတယ်။ အားမကောင်းသေးလို့ပါ။http://www.youtube.com/watch...The Village Book represents ActionAid Myanmar's bottom-up approach to community ...See More
- Soe Thura Tun မြန်မာပြည်မှာ သုတေသနကို နိုင်ငံတကာ နဲ့တွဲဖက် လုပ်နေတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ တချို့လည်း publish ဖြစ်ပြီး တချို့ကတော့ ထွက်မလာ (သေး)ပါ။ စာရေးသူအနေနဲ့ သူ့ဝန်းကျင် အပေါ် ကြည့်ပြီး မြင်တာလို့ပဲသဘောထားပါတယ်။ တပြည်လုံး တွက်ကြည့်ရင် အား မကောင်းလှဘူးဆိုတာတော့ လက်ခံပါတယ်။ အဖြေ ၁-၂-၃ ကို တော့ စိတ်တိုင်းမကျ၊ အပျင်းပြေ ရေးသလိုဖြစ်နေပါတယ်။ ဒီထက်ပို လေ့လာ ကြည့်ရင် အဖြေ တစ်ခု ထွက်မှာပါ။
- Maung Maung Than အဓိကကတော့ သူ့ ဝန်းကျင်ပါ၊ especially သစ်တောကို ပြောတာပါ၊ သူ့ ဘေးက စိုက်ပျိုးရေး ဒီထက်မက အများကြီးဖြစ်မြောက်နေတာကို လက်ခံပါတယ်
- Wei Phyo Oo ရွှေပြည်သားတွေရဲ့ သုတေသနစာတမ်းတွေ international journal publication တွေထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာကို Web of Science လို နေရာမှာ ရှာကြည့်ရင် လွယ်လွယ်လေး သိပါတယ်ခင်ဗျာ။ ကျွန်တော့်အမြင်ပြောရရင် ပါချုပ်က သူကိုယ်တိုင် ပညာရှင်ဆိုတော့ corresponding author ကိုပဲ စာရင်းသွင်းမှာပါ။ co-author ဆိုရင် count လုပ်မယ်မထင်ပါဘူး။ co-author လောက် ပါရုံအဆင့်ကတော့ သစ်တောက ၅တန်းကျောင်းသားလောက်တောင် ဖြစ်နိုင်မယ်ထင်ပါတယ်။ သစ်တောက လူတွေထဲမှာ corresponding author အဖြစ် နိုင်ငံတကာဂျာနယ် publication ၃-၅စောင်လောက်တော့ ရှိတဲ့သူတွေ အများကြီးပါ။ ပါချုပ်က ဒီထက်ပိုပြီး ဖြစ်ထွန်းစေချင်တာ ဖြစ်မှာပါ။ ကျွန်တော်သိသလောက်တော့ ရွှေပြည်မှာ စိုက်ပျိုးရေးကလူတွေက သုတေသနအလုပ်နိုင်ဆုံးပါ။ ကျနော့်အမြင်ပြောရရင်လည်း အဆင့်မီသုတေသနဆိုတာကို နိုင်ငံတကာ အကယ်ဒမစ်ဂျာနယ်တွေမှာ (ယခင်က Journal of Burma Research Society မှာ ဆရာကြီးတွေ ရေးခဲ့ကြပေမယ့်) ရွှေပြည်သားတွေအနေနဲ့ ကိုယ်တိုင် corresponding author အနေနဲ့ ဘယ်လောက်ရေးထားတယ်ဆိုတာနဲ့ပဲ တိုင်းတာ တာက ပိုမှန်မယ်ထင်ပါတယ်။ ဒါကြောင့်လည်း ပါချုပ်က Can we do research? လို့ အဘိယာစကပြုတာ ဖြစ်မယ်ထင်ပါတယ်။