မအေ နှမ- ယောက်ျားမိန်းမ တန်ဆာတွေနဲ့ တိုင်းထွာပြီး ညစ်ညမ်းတဲ့ ဆဲဆိုခြင်းအပြင်
အက္ကောသ၀တ္ထုဆိုပီးတော့ ဇာတိ နာမ ဂေါတ္ထ ကမ္မ သိပ္ပ အာဗာဓ လိင်္ဂ ကိလေသ အာပတ္တိ ပါရာဇိက အက္ကောသ ဟု ဆဲနည်း(၁၀)မျိုး ရှိတယ်လို့ကျမ်းဂန်တွေမှာ ဆိုကြပါတယ်။
-
၁။ ဇာတိကိုစွဲပြီးသူတောင်စားမျို စဏ္ဍာလမျိုး လို့ ဆဲတာ။
၂။ နာမည်တပ်၍ ငယုတ်မာ၊ငတုံး စသဖြင့်ထိပါးဆဲရေးတာ။
၃။ အနွယ်ကို ထိခိုက်ပြီး ကျွန်သား၊သားပေါက်သား စသဖြင့် ဆဲရေးတာ။
၎။ အလုပ်အကိုင်ကိုစွဲပြီး ချေးကျုံးစားတဲ့အကောင်၊
ဂျာဒူးဝါးလား (အမှိုက်ကျုံးစားတဲ့အကောင်) စသဖြင့် ဆဲတာ။
၅။ အတတ်ပညာကို အစွဲပြု၍ ဖောက်ထွင်းဝိဇ္ဇာ၊သူခိုးဝိဇ္ဇာ၊ခါးပိုက်နှိုက် စသဖြင့် ဆဲတာ။
၆။ ရောဂါဝေဒနာကို အကြောင်းပြု၍ ရှူနာရှိုက်ကုန်း၊လိပ်ခေါင်း၊ဖာကျိုး အနူ စသဖြင့် ဆဲရေးကြတာ။
၇။ အသွင်သဏ္ဌာန် ကို အစွဲပြု၍ ငပု လံဘား၊ဘုတ်အီး စသဖြင့် ဆဲတာ။
၈။ ကိလေသာတစ်ပါးပါးကို အကြောင်းပြု၍ တဏှာရူး၊ဒေါသအိုး စသဖြင့် ဆဲရေးခြင်းမျိုး။
၉။ကျူးလွန်ခဲ့တဲ့ အပစ်ကို စွဲပြီး တစ်သက်တစ်ကျွန်းထောင်ကျ ၊ကြိုးပေးရမယ့် အကောင် စသဖြင့် ဆဲရေးခြင်းမျိုး။
၁၀။ ရုံ့ရင်းကြမ်းတမ်းတဲ့စကားနဲ့ နင့်အဖေ၊နင့်အမေ၊ခွေးသား၊၀က်မြေး စသဖြင့် ဆဲတာတို့
ဖြစ်သည်။
-
စာထဲပေထဲဖတ်ရတာမဟုတ်ဘဲနဲ့ ဖြတ်သန်းလာတဲ့ ဘ၀အတွေ့ အကြုံအရ ဆဲရေး တိုင်းထွာခြင်း အပေါ်မှာ စေတနာ ဆိုတာနဲ့ တိုင်းပီး ခွဲခြားတွေးမိတာလေးတွေလဲ ရှိပါတယ်။
-
ဘာဘဲဖြစ်ဖြစ် လူမှန်းသိလို့ စကားပြောတတ်တဲ့အရွယ်ကစပီး သွန်သင်လာတဲ့ အမေ့ကြောင့် ဖရုသ၀ါစာ ရုံ့ ရင်းကြမ်းတမ်းတဲ့စကားကို မကောင်းမှု တခုလို့ ခံယူပါတယ်။
-
အခြေအနေအရ အလုပ်အကိုင် အပြောင်းအလွဲလေးးတွေ ကြုံကြိုက်ရင်း တခါမှာ စရိုက်မျိုးစုံ လူမျိုးစုံနဲ့ ဆက်ဆံ ပါတ်သက်ရတဲ့လုပ်ငန်း ပါတ်ဝန်းကျင်တခုမှာ သတိမထားမိဘဲ ကျနော်ဟာ အပြောအဆို ကြမ်းတမ်းလာပါတယ်။ ကိုယ်က ဆူပူကြိမ်းမောင်း ပြောဆိုမှရတဲ့ လူနိုင်တွေ ကြားမှာ နေရတာကြောင့်လို့ ဆိုရပါမယ်။
မနက်မိုးလင်းလာတာနဲ့ ပြောရင်းဆိုရင်း အော်ဟစ်ဆဲဆိုရင်းနဲ့ လူဟာ မသိမသာ ကိုယ်ကြမ်းနှုတ်ကြမ်း ဖြစ်အလာမှာ တနေ့ ကျနော့ဆီကို အမေ တကူးတက ရောက်လာပီး သတိပေးမှ ပြန်ထိမ်းဖြစ်ရဖူးပါတယ်။
-
နစ်နာစေလိုစိတ်နဲ့ မုန်းတီးရွံရှာလို့ ဆဲတာမဟုတ်ပေမဲ့ ကောင်းစေခြင်စိတ် ဂရုဏာဒေါသောနဲ့
ဆဲမိပေမဲ့ မိမိကိုယ်မိမိအတွက် အကုသိုလ် ပွားစေတာလို့ ဆင်ခြင်ဖြစ်ပါတယ်။
နောက်တမျိုးက အမှုမဲ့အမှတ်မဲ့ အလေ့ဖြစ်ပီးဆဲရေးခြင်းဖြစ်ပါတယ်။
-
ဥပမာအားဖြင့် ကျနော်တို့ ဒေသသားတွေ အလွန်အဆဲထူပါတယ်။
နဂိုလ်ကမှ ကမ်းရိုးတန်းမှာ ပေါက်ပွါးကြီးပြင်းရတာမို့ ရာသီဥတု ရေမြေအခြေအနေကို အံတုရင်း အများစုက ကိုယ်ဟန်အမူအရာကြမ်းပါတယ်။ မုတ်သုန်လေကိုဆန်ပြီး စကားပြောရတဲ့ အကျင့်ကြောင့် အသံကျယ်ကျယ် ပြောလေ့ရှိပါတယ်။ ဒီကြားထဲ ဒေသအလျောက် စကားကလဲဝဲ- အဆဲကလဲ သန်သေးဆိုတော့ ပီးပါလေရော။
အဆဲသန်တယ်ဆိုရာမှာ အင်မတန်ရင်းနီးခင်မင်စွာ ပျော်ပျော်ပါးပါးကြီးကို ဆဲကြတာ။
-
ရန်ကုန် ၁၉၈၀ -၈၁ ခုနှစ်- နံပါတ်၁၀လိုင်းကား ဟီးနိုးအသေးစား အလယ်ပိုင်းမှာ ခုံတနေရာရထားတယ် ကားကတော့နေ့လည်ပိုင်းပေမဲ့ အတော်ပြည့်ပီး မတ်တပ်တွေဖြစ်နေဘီ။
ရွှေတိဂုံ တောင်ဖက်မုဒ်မှာလူတယောက် ကားပေါ်ကို ရှေ့ပေါက်ကတက်လာတယ်။
-
တက်တက်ခြင်းဘဲ နောက်ပေါက်နားမှာရှိနေနှင့်တဲ့ သူငယ်ခြင်းတယောက်ကိုတွေ့ပီး လှမ်းနှုတ်ဆက်တယ်။
-
ဝါး ” -ီး“ ရန်ကုန်ဘယ်တုံးကရောက်နေလဲ ”နင့်မိ -ိုး“ငါတောင်မသိဟမား ” -ီး ရေး“ (သူငယ်ခြင်း ရန်ကုန်ရောက်နေတာ သူမသိလို့ အံ့အောပီး ၀မ်းနဲစကားပြောတာ)။ ဟိုတယောက်က ပြန်အော်တယ် ဟ ” -ီး စောစောကဘဲ ရောက်ဇာ ” -ီးရေး..“ မိုးလင်းတိုင်မှ ပွဲရုံလာဖို့ ” -ီး“။
(မနက်ကမှ ရောက်တာ မနက်ဖန်ကျမှ ပွဲ့ရုံမှာလာတွေ့မလို့တဲ့)။
-
ကားပေါ်ကလူတွေကတော့ လန့်နေဘီ အော်ကြီးဟစ်ကြယ်နဲ့ ဆဲရေးတိုင်ထွာနေကြတာကိုး
ဒါပေမဲ့ လူတွေကြည့်လိုက်တော့လဲ ရီရီမောမော အမူအရာက တရင်းတနီး ဘာတွေ ပြောနေမှန်းလည်း နားမလည်။
-
အဲဒီအချိန်မှာ ခါးကို ခုံမှာ အကုန်လျောထားပီး ဇက်ကိုပု မျက်နှာကိုမမြင်အောင်ငုံ့နေရတာက ကျနော်- ဒင်းတို့ တယောက်နဲ့တယောက် အချက်ပြပီး သိမ်ကြီးဈေးမှာဆင်းသွားတဲ့အထိ။
-
သူတို့ဟာ အလေ့အထဖြစ်ပီး ဆဲဆိုနေပေမဲ့ မဆဲဖို့ တော့ အမြဲ ဆုံးမပဲ့ပြင်နေတာဘဲ။
ကျနော်က ကိုယ့်နယ်မှာ ကိုယ်နေချိန်နဲတဲ့သူ။ အဖေပြောင်းရာမြို့တွေ လိုက်လျောက်နေပီး ပင်စင်ယူပီး နယ်မှာပြန်နေတော့၁၀နှစ်၁၁နှစ်သားလောက် အမေကလဲ အမြဲ ဆုံးမပြောဆိုနေတော့ ဒီအကျင့်မရလိုက်ဘူး။ ၁၄-၅ နှစ်သားကျပြန်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်နဲ့ပေါ့။
အဲဒီ ၁၁နှစ်သား နယ်စရောက်တော့ ဦးလေးက သူးသား၂ယောက် ကစားရင်း ဆဲနေတာကို မဆဲဖို့ ဆုံးမနေတာ မှတ်သားဖူးတယ်။ တသက်လုံးလဲမှတ်မိနေတယ်။
-
ဟ ” -ီး“”နင့်မိငါ့ -ိုး သားငယ်တွေ မဆဲဘဲပြောမရဟလား” -ီး“။ စကားကို မဆဲဘဲပြောဖို့ ဆုံးမနေတာ။ သူဆဲတာက အဖွင့်အလယ်အပိတ်နဲ့။
ခုတော့ မြို့နဲ့ရော တိုင်းပြည်နဲ့ပါ အနှစ်သုံးဆယ်လောက် ခွဲခွါခဲ့ရတော့ ဆဲတဲ့အလေ့ ရော့လောက်ရောပေါ့။