အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စကို လာမည့် သီတင်းပတ်အတွင်း ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း ဦးဝင်းတင်က ပြောကြားခဲ့သည့်နည်းတူ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း NLD ပါတီက ကန့်ကွက်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲဥပဒေထဲက အချက်တချို့ကို လွှတ်တော်ကနေ ပြင်ဆင်ချက် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ မကြာသေးမှီက ပြောဆိုခဲ့သည်။
ဦးဥာဏ်ဝင်းက မိမိအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
NLD ပါတီဝင်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိလည်း ဖြစ်သော ဦးဝင်းထိန်က “NLD ပါတီ မှတ်ပုံတင်တာနဲ့ပတ်သက်လို့ တနိုင်ငံလုံးက မြို့နယ်တွေရဲ့ ဆန္ဒသဘောထားတွေကို ယူရဦးမှာပါ။ ၂၀၁၀ တုန်းကတော့ မှတ်ပုံတင်မယ့် ကိစ္စကို မြို့နယ် ၁၀၀ မှာ ၉၉ မြို့နယ်က သဘောမတူခဲ့ကြပါဘူး။ ဒါပေမယ့် အခုက ဥပဒေ ပြင်ဆင်လိုက်တော့ အခြေအနေက မတူတော့ဘူးပေါ့” ဟု ပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ စိမ်းလဲ့ကန်သာတွေ့ဆုံပွဲ အပြီး သတင်းထောက်များနဲ့တွေ့ဆုံမေးမြန်းကြ ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း “NLD အရတော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက် ပြောပေးလို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာပါ။ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောနိုင်မှာဖြစ်ပါတယ်” ဟုပြောခဲ့သည်။
ယခုအခါ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” အတည်ဖြစ်လာပါပြီ။
အောက်တိုဘာလ (၂၀) ရက်နေ့တွင် အမျိုးသားလွှတ်တော်က အတည်ပြုချက်ဖြင့် ပေးပို့သော “နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင်ပြင်ဆင်ချက် မရှိသကဲ့သို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကလည်း သတ်မှတ်ထားသည့် အောက်တိုဘာ (၂၆) ရက်အထိ ပြင်ဆင်ချက်တစ်စုံတစ်ရာတင်သွင်းခြင်းမရှိသည့် အတွက်ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုထားသည့်အတိုင်း ပြည်သူ့လွှတ်တော်ကသဘောတူကြောင်းဆုံးဖြတ်ခဲ့သည်။
ပြင်ဆင်လိုက်သော အချက်များ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသည့်အချက် အစား လေးစားလိုက်နာရမည် ဟူ၍ ပြင်ဆင်လိုက်သည်။ ထို့အတူ အကျဉ်းကျခံဖူးသူများ နိုင်ငံရေး ပါတီတည်ထောင်နိုင်ခွင့်နှင့် လက်ရှိအကျဉ်းကျ ခံနေရသူများကိုလည်း ပါတီဝင်အဖြစ် သတ်မှတ်ပိုင်ခွင့်ရှိသော အခွင့်အရေးများ ပါဝင်ကြောင်းသိရသည်။
ဤအချက်သည် NLD ပါတီကို သင်းသပ်ထားသောအချက်ဖြစ်သည်။
မိမိပါတီအတွက် ဘ၀နှင့်ရင်းထားသော ရဲဘော်ရဲဘက်များအား အရေခွံခွါပြီး ပြစ်ခဲ့ရမည့်အချက်ဖြစ်သည်။
ဤအချက်သည် NLD ပါတီကို ရွေးကောက်ပွဲ(၀င်လိုသည့်တိုင်အောင်) မ၀င်သာအောင် ကန့်သန့်ထားခဲ့သည်။
၂၀၁၀ မတ်လ ၂၉ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဦးစီးအဖွဲ့ အထူးအစည်းဝေးသို့ ဒေါ်အောင်ဆန်းစုကြည်မှာ ကြားတဲ့အချက် ၆ ချက်အနက် အချက်အမှတ် (၁) (၂) (၃) တွင် - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
- တရားမျှတမှုမရှိ၊ တစ်ဖက်သတ်ရေးဆွဲထားသည့်ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်း ချက်များမှာ ဒီမိုကရေစီနည်းမကျ
- အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်၊
ဟုပါဝင်သည်။
ယခုအခြေအနေတွင် NLD ပါတီ တိုင်းရင်းသားအင်အားစုများနှင့် အများပြည်သူတို့ ရယူလိုသည်မှာ တန်းတူရည် ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ပြီး အစိုးရကပြောနေသည်မှာ လွတ်တော်ပေါ်ပေါက်နေပြီဖြစ်၍ လွတ်တော်အတွင်းမှ ၀င်ရောက် ပြောဆိုရန် ဖြစ်သည်။ ထိုကြောင့်ဝင်လာအောင် ပြင်ပေးခြင်းဖြစ်သည်။ တနည်းအဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်အတွင်း ၀င်သာအောင် လမ်းဖေါ်ပေးခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထွက်လာပြီး နောက်ပိုင်းကာလတွင် NLD ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး၊ မဝင်ရေးတို့နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ၌ စိတ်ဝင်တစားရှိကြသည်။
ပေါ်ထွက်လာတဲ့ ပြင်ဆင်ထားပြီးဖြစ်တဲ့ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ” နဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မှာလား။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရမည်” ဆိုတဲ့ စကားရပ် အစား “လေးစား လိုက်နာရမည်” လို့ ပြင်ဆင်လိုက်ရုံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံနိုင်ပါပြီလား။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ထဲမှာပါရှိနေတဲ့ စစ်အာဏာရှင်စနစ်အတွက် အကာအကွယ် ပေးထားတဲ့ ၊ တစ်ဘက်သတ်အသာစီးယူထားတဲ့၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်တွေကို ဘယ်လို ပြင်သွားမှာလည်း။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ ပြည်နယ်/တိုင်း စည်းရုံးရေးမှူးတွေရော၊ အမျိုးသမီး လုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်းအဖွဲ့တို့ ဆွေးနွေးပြီးမှ ထွက်ပေါ်လာခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ ပါတီရဲ့မူတွေအပေါ်မှာရော ဘယ်လို ဆက်လက်ပြီး ရပ်တည်သွားမှာလည်း။ NLD ခေါင်းဆောင်ပိုင်းအနေနဲ့ လွှတ်တော်ထဲကို ရောက်သွားပြီးတဲ့အချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို အားထုတ်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ပဲ သွားမှာလား။ စသည်ဖြင့် အလွန် စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ စောင့်ကြည့်နေယင်း သည်းထိတ်ရင်ဖိုလည်းဖြစ်နေကြသည်။ သူတို့သည်သာမာန် ပွဲကြည့်သူ သက်သက်မဟုတ် ပွဲ၏ အနိုင်အရှုံးရလဒ် ကောင်းကျိုး ဆိုးမွေကို တိုက်ရိုက် ထိတွေ့ခံစားရမည့်သူများ ဖြစ်နေသည်။
တဖက်က အ၀တ်သစ်လဲထားသော ပုဂ္ဂိုလ်များကလည်း မိမိကိုယ်ကို အများပြည်သူက ရွေးကောက် တင်မြှောက် ထားသည့် အစိုးရဟု ဆိုကာ ယခင်စစ်ဝတ်နှင့်သုံးခဲ့သည့်နည်းများကို ရှောင်ဖယ်ပြီး ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာသည်။ ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။ ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြောဆိုလာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ ပြန်လုပ်သည်။ ထို့နောက် ဆင်းရဲမှုလျော့ချရေး ဆွေးနွေးပွဲသို့ဖိတ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံကြသည်။ သို့သော် တွေ့ဆုံပွဲများတွင် ဘာတွေ ဆွေးနွေးကြသည်ကို ပြည်သူတွေ မသိကြရ။
ဆွေးနွေးပွဲတွင် ဘာတွေ ဆွေးနွေးကြသည်ကို မသိရသော်ငြား ပြောစကား ဆိုစကားတို့ကတော့ ထူးခြားလာသည်။ မြန်မာနိုင်ငံ သည် အပြောင်းအလဲ လမ်းစပေါ်သို့ရောက်နေပါပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလာသည်။ ဘာပြောင်းလဲပါသ နည်း။ တိတိကျကျ မသိရပါ။ အစိုးရ၏ အပြောအဆို ပြောင်းလဲလာသည်ကို ဆိုလိုသလော။ သို့မဟုတ် ဒေါ်စုနှင့် ဦးအောင်ကြည် အကြား၊ ဒေါ်စုနှင့် ဦးသိန်းစိန် အကြားတွင် အများမသိသော သဘောတူညီချက် တခုခု ရထားလေသလော။ ပြည်သူတို့ မသိရသေး။
NlLD ၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုထားတဲ့ အချက် များကို လိုက်လျောသယောင်ရှိသော (၂၈/၂၀၁၁) နဲ့ (၄၉/၂၀၁၁) “လွတ်ငြိမ်းချမ်းသာခွင့်”၂ ကြိမ်ပေးခဲ့တာ ရွေးကောက်ပွဲဝင်နိုင်အောင် ဥပဒေကို ပြင်ပေးမယ် လွတ်တော်ထဲဝင်ပီး အခြေခံဥပဒေ ပြင်ဆင်ရေးကို အားထုတ်ပါဆိုတဲ့ အကွက်မျိုးတွေ ထုတ်လာသည်။
တပြိုင်နက်ထည်းမှာပင် သတိပြုစရာ “၀ှက်ဖဲ” တချပ်ရှိသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခွင့်ရအောင် အခင်းအကျင်းအပြင်အဆင်က ဘယ်လိုရှိပါသလည်း။
ရွေးကောက်ပွဲ ဥပဒေပါ ပုဒ်မ ၁၀ (င) တွင် နိုင်ငံခြား ကျေးဇူးသစ္စာကို ရိုသေ စောင့်ရှောက်သူ၊ နိုင်ငံခြား တိုင်းပြည်များမှ အခွင့်အရေးရသူ၊ နိုင်ငံခြားသား တစ်ယောက်ကဲ့သို့ အခွင့်အရေးကို ခံစား ပိုင်ခွင့်ရှိသူများ ရွေးကောက်ပွဲ ၀င်ခွင့်မရဟု ကန့်သတ်ထား ပါသည်။ ဥပဒေပုဒ်မ ၁၀(င) သည် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၄ (၁) ၉(က)နှင့် အတူတူပင် ဖြစ်နေပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲ အတည်ပြုခဲ့သည့် ဥပဒေအရပါဟု န၀တ နအဖ ပြည်ခိုင်ဖြိုးတို့ အဆက်ဆက် တင်လာသောလိုင်းဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဇ) တွင် သောင်းကျန်းသူများနှင့် ဆက်သွယ်မှု ပြုလုပ်သူများ ရွေးကောက်ပွဲ ၀င်ခွင့်မရှိဟု ကန့်သတ် တားမြစ် ထားသည်။ ဒေါ်စုကြည်၏ နေအိမ်ခြံဝင်းကို သက်ဆိုင်ရာက ၀င်ရောက် ရှာဖွေရာတွင် ABSDF သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦးကို စာရွက် စာတမ်းများ နှင့်အတူ သက်သေထင်ရှား ဖမ်းမိ ခဲ့သည်ဟုလည်း မှတ်တမ်းဖန်တီးချက်ရှိသည်။ ဒါတွေကိုရှင်းလင်းဖို့ နှစ်ဖက်တွေ့ဆုံမှုအကြား ဘယ်အတိုင်းအတာအထိ ညှိနှိုင်းမှုရှိပီးပြီလည်း။
ထို့ကြောင့် နိုဝင်ဘာလ ၄ရက်နေ့ခန့်တွင် ပြုလုပ်ဖွယ်ရှိသော စီအီးစီ အစည်းအဝေး၏ အဖြေမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်လျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခွင့်ရရေး ဆိုသည့်အပေါ် တည်ပါလိမ့်မည်။
No comments:
Post a Comment