၂၀၁၅ ခုနှစ် ဧပြီ ၂၈ ရက် ===============================
ဒီလိုရေးလိုက်လို့ တပ်မတော် အကြီးအကဲတွေနဲ့ တပ်မတော်သား အရာရှိများ အားလုံးကို စော်ကားလိုက်တယ်လို့ မထင်ပါနဲ့။ ဒါပေမယ့် အရေးကြီးတာနဲ့ တကယ်တန်းလက်တွေ့ ဖြစ်နေတာတွေကို ရေးကို ရေးဖို့ လိုပြီထင်လို့ပါ။
ပြီးခဲ့တဲ့ တစ်ရက်က The Voice က လောက်ကိုင် တိုက်ပွဲအကြောင်း ရေးထားတာ ဖတ်လိုက်ရလို့ ကျွန်တော်လည်း အချို့သော အချက်အလက်တွေကို ပြည်သူတွေ သိအောင် ချပြသင့်တယ်လို့ ယူဆမိလို့ပါ။ ကျွန်တော် ရေးသားရတဲ့ ရည်ရွယ်ချက်ကလည်း မြန်မာ့တပ်မတော်ကို တကယ်တန်း ခေတ်မှီစေလိုတဲ့အတွက် မြန်မာ့တပ်မတော်သားတွေ အလကား အသက်တွေ သေကြေနေတာကို လျော့နည်းစေတဲ့အတွက်ဆို မမှားပါဘူး။
air superiority လို့ခေါ်တဲ့ လေကြောင်းစိုးမိုးမှုပါ။ ရန်သူ့မြေပြင် စခန်းတွေကို တိကျတဲ့ GPS သုံးတဲ့ အမြောက်ကြီးတွေနဲ့ စိစိညက်ညက်ကြေအောင် ပစ်ခတ်မယ် တိကျတဲ့ ပဲ့ထိန်းဒုံးတွေနဲ့ ပစ်ခတ်ချေမှုန်းမယ် ဝေဟင်ကနေ တိုက်လေယာဉ်တွေကနေ ပစ်မလွဲတဲ့ ဝေဟင်က မြေပြင်ပစ် (Air to surface missile) တွေနဲ့ ပစ်ခတ်တိုက်ခိုက်မယ်။ ဆင့်ကဲဗုံး ကလပ်စတာ ဗုံးတွေနဲ့ ပစ်ခတ်မယ်။ မြေပြင်တစ်ခုလုံး မွစိညက်သွားညပီး ပရွက်ဆိတ်တစ်ကောင်တောင် အသက်ရှင်ဖို့ မလွယ်တော့တဲ့ အချိန်မှ မြေပြင်တပ်တွေက တက်ရောက် သိမ်းပိုက်မှာပါ။
အဲဒီလိုပြောတော့ မြန်မာ့တပ်မတော်မှာ ဒီလိုလက်နက်တွေ ရှိလို့လားလို့ မေးနိုင်ပါတယ်။ မှန်တာပြောရရင်တော့ အတော်များများ ရှိပါတယ်။ ဒါပေမယ့် ဘာတွေ ဖြစ်နေလဲ။ ဘာကြောင်း အသုံးမပြုသလဲ။ ဘာကြောင့် မပစ်လဲ အဲဒါက အရေးကြီးတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာ တပ်မတော်ရေက လေ့ကျင့်ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ Missile ၂ စင်းပစ်ခတ်လေ့ကျင့်ပါတယ်။ ဟုတ်ကဲ့... မထိပါ... တစ်စင်းမှ ပစ်မှတ်မထိပဲ လွဲချော်သွားပါတယ်။ ဒါ စိတ်ပျက်စရာထင်ပါသလား... စိတ်ပျက်စရာမဟုတ်ပါ။ စစ်ရေးလေ့ကျင့်မှုမှာ ပစ်မှတ်ကို မထိတာ စိတ်ပျက်စရာမဟုတ်ပဲ ယူတတ်ရင် ကောင်းတဲ့ သင်ခန်းစာပါ ရမှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့က လက်တွေ့ပစ်ခတ်ဖူးသွားလို့ပါပဲ။ လက်တွေ့ပစ်ခတ်မှုဟာ simulator တွေနဲ့ ပစ်ခတ်တာနဲ့ အတော်ကွာခြားတယ်ဆိုတာ သိကြပါတယ်။
ခုလို လွဲချော်မှုကို သင်ခန်းစာယူမှ တကယ်တန်းတိုက်ပွဲဝင်တဲ့အခါ ထိရောက်စွာ ပစ်ခတ်ခြေမှုန်းနိုင်မှာပါ။
ဒါပေမယ့် ဒါက navy ရေတပ်တစ်ခုပဲ ရှိပါသေးတယ်။ ဒုံးပျံတွေ အများအပြားပိုင်ဆိုင်တဲ့ လေတပ်နဲ့ လေကြောင်းရန်ကာ တပ်ဖွဲ့တွေက တစ်ခါမှ ပစ်ခတ်မှုမျိုး ကောင်းကောင်းမွန်မွန်မလုပ်ဖူးကြပါ။ တကယ်တော့ ဒါက စိုးရိန်စရာပါ။
ခုလည်း တပ်မတော်နေ့တွေမှာ ထုတ်ထုတ်ပြတဲ့ ဒုံးတွေက expire ဖြစ်နေတဲ့ ဒုံးတွေပါ။ တိုက်ပွဲဖြစ်ရင် သုံးမရပါ။ အဲဒီလို expire ဖြစ်နေတဲ့ ဒုံးတွေကို အလှပြ စစ်ရေးပြမှာ ချီတက်တာကို ထုတ်ပြမယ့်အစား တကယ်တန်း ပစ်ခတ်လေ့ကျင့်ခိုင်းရင် လေကြောင်းရန်ကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေအတွက်အလွန် ကောင်းမွန်တဲ့ အကျိုးအမြတ် ရမှာပါ။ အခုဆို ပခုံးထမ်း တာတိုပစ် igla missile တွေဟာ တစ်စင်းမှ မပစ်ခတ်လိုက်ရပဲ အများအပြား expire တွေ ဖြစ်ကုန်ပါတယ်။ စစ်လက်နက်မှာ expire ဖြစ်တာက အလွန် နှမျောဖို့ ကောင်းပါတယ်။
တကယ်တော့ အဲဒီ ဒုံးတွေ expire မဖြစ်ခင် ကောင်းကင်မှာ glider လို စက်မဲ့လေယာဉ်တွေ ပြည်တွင်းမှာတောင် အလွယ်တကူ ဝယ်နိုင်ပြီဖြစ်နေတဲ့ RC လေယာဉ်တွေကို လွှတ်တင်ပြီး စမ်းသပ် ပစ်ခတ်သင့်တာပါ။ ဒါပေမယ့် အဲဒါတွေ ပစ်ရင် တိုင်းပြည်ပိုက်ဆံတွေကုန်မယ်ဆိုပြီး တလွဲဆံပင်ကောင်း တာဝန်ယူ တာဝန်ခံမှု မရှိတဲ့ တပ်တော် ထိပ်ပိုင်းလူကြီးအချို့ကြောင့် လက်အောက်ငယ်သားတွေလည်း လက်တွေ့ပစ်ခတ် လေ့ကျင့်နိုင်ခြင်း မရှိပဲ လက်နက်တွေဟာ ဝမ်းနည်းဖွယ် expire တွေ ဖြစ်ကုန်ပြီး ဖျက်စီးပြစ်ရတော့တာပါပဲ။
မြောက်ကိုးရီးယားက နည်းပညာယူပြီး ဝယ်ထားတဲ့ ဟွဆောင်း တာတိုပစ် ပဲ့ထိန်း ဒုံးတွေဟာ အခု ကိုးကန့်တိုက်ပွဲမှာ အမှန်တကယ်ကို အသုံးဝင်တာပါ။ နယ်စပ်နဲ့ နီးတဲ့ ရန်သူ့စခန်းတွေကို ဟွာဆောင်းတွေနဲ့ စိစိညက်ညက်ကြေအောင် ပစ်ခတ်ပြမယ်ဆိုရင် မြန်မာ့တပ်မတော် ခြေလျင်တပ်သားတွေ အကျအဆုံး အခုထက် ၁၀ ဆ မက နည်းပါးသွားမှာပါ။ ဒါပေမယ့် မပစ်ပါ။ ဘာကြောင့်လည်း ပစ်ခတ်စမ်းသပ်ဖူးခြင်း လေ့ကျင့်ခြင်း မရှိလို့ မပစ်ရဲပါ တော်ကြာ ပစ်လိုက်မှ တရုတ်ကြီးရဲ့ ရွာကို တိုက်ရိုက်သွားမှန်လို့ ရွာလုံးကျွတ် မသာပေါ်မှ အကုန်နားကား သွားမှာ ကြောက်လို့ပါ။
ဒီ စစ်လက်နက်တွေ ဝယ်တာ ဘာလို့လဲ ဒီစစ်လက်နက်တွေကို ထုတ်လုပ်တာ ဘာလို့လဲ။
ရှင်းရှင်းလေးပါပဲ စစ်ပွဲအောင်နိုင်ချင်လို့ပေါ့...
စစ်ပွဲအောင်နိုင်ဖို့ ဘာလုပ်ရမလဲ လေ့ကျင့်ရပါတယ်။
ဟုတ်ပြီ လေ့ကျင့်မှုများတဲ့ စစ်တပ်ဟာ အောင်မြင်ခြင်းပဲ။
ကျွန်တော် ဥပမာတစ်ခုပေးမယ် need for speed game ကစားပြီး ကားမောင်းသူတစ်ဦးဟာ ပြင်ပမှ တစ်ခါမှ မမောင်းဖူးပဲ ချက်ခြင်းလက်ငင်းကြီး ကားမောင်းကျွမ်းကျင်ဖို့ဆိုတ မဖြစ်နိုင်ပါ။
ပြင်ပမှပါ တကယ်တန်းမောင်းဖို့ လိုပါတယ်။ တိုက်မှာကြောက်လို့ မမောင်းဘူး game နဲ့ simulator ပဲ မောင်းမယ် ပြိုင်ပွဲမှ တကယ်ကားတက်မောင်းရင် ရှုံးဖို့သာ ပြင်ထားပါတော့။
တကယ်တန်း လက်တွေ့မှာ တွေ့ကြုံရတဲ့အခက်အခဲတွေ ကားအင်ဂျင်တုန်ခါမှုတွေ စတီယာရင်ရဲ့ တုန်ခါမှုတွေ စသည်ဖြင့် ကြုံနိုင်စရာ အများအပြားပါ။
အခု စစ်ရေးမှာလည်း ထိုနည်းလည်းကောင်းပါ။
ကျွန်တော်တို့ လေတပ်ဆိုလည်း ယနေ့တိုင် air to air missile တွေ တစ်စင်းမှ လက်တွေ့ပစ်ခတ်ဖူးခြင်း မရှိပါ။ အကြောင်းပြချက်က ပိုက်ဆံတွေ ကုန်မှာစိုးလို့ပါတဲ့။ ဒါကြောင့် လေသူရဲတွေကို simulator နဲ့သာ ပစ်ခတ် လေ့ကျင့်ခိုင်းပါတယ်။ တကယ်တန်း လေကြောင်းတိုက်ပွဲဖြစ်လာရင် ကိုယ့်ဖက်က လက်တွေ့ ပစ်ခတ်လေ့ကျင့်ခြင်း မရှိခဲ့တာက တိုက်ပွဲမှာ အောင်နိုင်ဖို့ နည်းသွားပါတယ်။
ဒါကြောင့် တလွဲဆံပင်ကောင်းပြီး ကိုယ့်ရာထူးတည်မြဲရေးအတွက် အထက်ကို ဖားချင်လို့ အဘ တကယ်ပစ်ရင် ပိုက်ဆံတွေကုန်ပါတယ် simulator နဲ့ လေ့ကျင့်ပြိး expire ဖြစ်လည်း တပ်မတော်နေ့ စစ်ရေးပြတော့ ထည့်သုံးပေါ့ ဆိုတဲ့ စိတ်ဓါတ်တွေကို ပြောင်းဖို့ လိုနေပါပြီ။
လေတပ်ကလည်း ကိုယ့်မှာ ရှိတဲ့ missile တွေကို expire မဖြစ်ခင် လေသူရဲတွေကို ပစ်ခတ်လေ့ကျင့်ခိုင်းသင့်သလို လေကြောင်းရန်ကာတို့ ဒုံးတပ်ဖွဲ့တို့ကလည်း ကိုယ့်မှာရှိနေတဲ့ pechora တွေကိုလည်း expire မဖြစ်ခင် မောင်းသူမဲ့ လေယာဉ်တွေ grounded ဖြစ်နေတဲ့ အသုံးပြုလို့လဲ မရတော့တဲ့ F-7 တိုက်လေယာဉ် အချို့ကို ပစ်ခတ်လေ့ကျင့်သင့်ပါတယ်။
အခုတော့ ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ကြီး များက ပိုက်ဆံကုန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မပစ်ပဲထား expire ဖြစ်တော့ စစ်ရေးပြပွဲမှာ သုံးတာပေါ့ဆိုတဲ့ စိတ်ဓါတ်တွေ ယူဆချက်တွေကြောင့် မိမိတပ်မတော်သားများဟာ ကျည်ဆံကို ရင်ကော့ရင်း အသက်ပေါင်းများစွာ မသေသင့်ပဲ သေကျေကျဆုံးခဲ့ရပါပြီ...
အချိန်တန်တော့ အဲဒီခေါင်းဆောင်တွေကပဲ ငြိမ်းချမ်းရေးဆိုတဲ့ စားပွဲဝိုင်းတွေမှာ ကိုယ့်စစ်သည်တွေကို အပိုင်းပိုင်းပြတ်အောင် ပစ်ခတ် သတ်ဖြတ်နေတဲ့ သူပုန်ဗိုလ်တွေနဲ့ ဝိုင်ခွက်ခြင်း တိုက်ပြီး ချီးယား လုပ်ကြမှာပါပဲ မဟုတ်လား...
သစ္စာ
၂၀၁၅ ခုနှစ် ဧပြီ ၂၈ ရက်
No comments:
Post a Comment