ဇူလိုင်လ ၂ ရက်နေ့က ထိုင်းဘုရင့်သမီးတော် သီရိဒုံ မြန်မာပြည်လာမယ်။ ညနေ ၅ နာရီ၊ ရွှေတိဂုံဘုရားကို ဖူးမယ်ဆိုလို့ ကျနော် ရွှေတိဂုံကို ရောက်သွားတယ်။ (တကယ်က အဲ့တာ ကျနော့် အဆိုင်းမန့်မဟုတ်ဘူး။ ဆေးရုံတက်နေတဲ့ ကျနော့်အမေကို ခဏသွားစောင့်ရမှာမို့ ကျနော်ရိုက်စရာရှိတဲ့ နေ့လည်ပိုင်း အဆိုင်းမန့်ကို ကျနော့် စီနီယာကို လွှဲပြီး ညနေပိုင်းမှ သူရိုက်မယ့် အဲ့ဒီ သီရိဒုံခရီးစဉ်ကို ကျနော်သွားရိုက်တာ။ ဒီမှာ ပြဿနာတက်ဖို့ ဖြစ်လာခဲ့တာပဲ။)
ရွှေတိဂုံဘုရားကို ကျနော် ညနေ ၄ နာရီ စွန်းစွန်းကတည်းက ရောက်သွားတယ်။ မိုးရွာနေတယ်။ သီရိဒုံက မလာမလာနဲ့ နောက်ဆုံး ၇ နာရီကျော်မှ ရောက်တယ်။ မီဒီယာတချို့ရိုက်တဲ့ ဧည့်သည်တော်မှတ်တမ်း လက်မှတ်တွေဘာတွေတောင် ကျနော်လုမရိုက် တိုးမရိုက်ပဲ Public ဧရိယာကနေပဲ ရိုက်ဖို့ ကျနော်လုပ်တယ်။
ရွှေတိဂုံဘုရား အောင်မြေမှာ သီရိဒုံ ဆီမီးထွန်းပြီး အရှေ့မြောက်ထောင့်က သာယာဝတီမင်းခေါင်းလောင်းဆီကို အသွား တနင်္ဂနွေထောင့်ရှေ့က ဂဝံရုပ်ပွားတော်တွေရှိတဲ့နားကနေ၊ သာယာဝတီမင်းခေါင်းလောင်းနဲ့ ထီးတော်စေတီကြားက ရေသန့်စက်တွေထားတဲ့ အဆောင်ဘက်ကို ပြေးတယ်။ (အဲ့ဒီအချိန် အဲ့ဒီနေရာကို သီရိဒုံ မရောက်သေးဘူး။ မြောက်ဘက်မုခ်နဲ့ တနင်္ဂနွေထောင့်အကြားလောက်ပဲ ရှိဦးမယ်။ ကျနော့်ဦးတည်ရာက VIP ပုဂ္ဂိုလ်ဖြစ်တဲ့ သီရိဒုံဘက်ကိုမဟုတ်ဘူး။ သူတို့နဲ့ ဆန့်ကျင်ဘက်က လုံခြုံရေးစည်းအပြင်ဘက်ကို သွားတာဖြစ်သလို အဲ့ဒီနေရာမှာ လူလုံးဝ ပြောင်တလင်းခါ ရှင်းနေတယ်။)
အဲ့အချိန်မှာ ကျနော့်နောက်ကနေ ရွှေတိဂုံလုံခြုံရေးဝတ်စုံဝတ်ထားတဲ့ တယောက်က ပြေးပြီး ဆောင့်တွန်းတယ်။ မိုးရေတွေနဲ့ ရွှဲနေတဲ့ ကျောက်ပြားတွေပေါ်ကနေ တရွတ်တိုက် ၇-၈-၉ ပေလောက် ကျနော် ဟပ်ထိုးဖြစ်ပြီး စောင်းတန်း အုတ်ခုံ ရေသန့်စက်တွေရှေ့ကို မှောက်လျက်လဲတယ်။ ကျနော့် Canon 1D Mark III မှာ တပ်ထားတဲ့ 70-200mm F4 L IS USM Lens ခါးလည်ကနေ ကျိုးသွားတယ်။ ကျနော့် ဘယ်လက် လက်မမှာ နည်းနည်းပေါက်ပြဲသွားပြီးတော့၊ ညာဘက်ဒူး ထိသွားတယ်။ (အဲ့တာလဲ စဖြစ်ကာစမှာ မသိဘူး။ နောက်ပိုင်းမှ တော်တော်နာလာတာ။)
ကျနော်တော်တော်ဒေါသဖြစ်တယ်။ မိုးရေနဲ့ ချောနေတဲ့ ကျောက်ပြားပေါ်ကနေ တရွတ်တိုက် ရှေ့ ကျောက်ခုံနဲ့ ပြေးတိုက်တာ အခန့်မသင့်ရင် သေနိုင်တယ်။ ဒီဖြစ်ရပ်ကိုမြင်တဲ့ သတင်းထောက် ၂ ယောက်က ပြေးလာပြီး ဘာလို့လုပ်လဲ ပြောတော့ ပထမဆုံးဝင်လာတဲ့ ကောင်လေးကို ထီးနဲ့ မျက်နှာကို ချိန်ပြီး မင်းက ဘာလဲ ဘာညာမေးတယ်။ လုံခြုံရေးယူနီဖောင်းဝတ်တယောက်က ကျနော့်ကို ချောင်ထဲကို ဆွဲခေါ်ဖို့လုပ်တယ်။ ကျနော်ငြင်းတယ်။ ဒီကိစ္စရှင်းရမယ်။ ဘာကြောင့်ဒီလို မိုက်မိုက်ရိုင်းရိုင်းလုပ်သလဲ မေးတယ်။ အဖြေမရဘူး။
သီရိဒုံ သာယာဝတီမင်းခေါင်းလောင်းထဲ ဝင်သွားတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေကို ကျနော်ပြောတယ်။ ဒီကိစ္စ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဘယ်သူရှိလဲ။ ဒီလိုတွန်းလိုက်တဲ့ကိစ္စကို ဘယ်သူတာဝန်ယူ ဖြေရှင်းပေးမလဲ မေးတယ်။ ဘယ်သူမှ ထွက်မလာဘူး။ ကျနော်ထပ်ပြောတယ်။ အော်ပြောတယ်။ လုံခြုံရေးအဖွဲ့ခေါင်းဆောင် မရှိဘူးလား။ တာဝန်ခံဘယ်သူမှ မရှိဘူးလား။ ဘုရားဂေါပက အဖွဲ့ဝင် မရှိဘူးလား။ အော်မေးတယ်။ ဘုရားဖူးတွေ ဝိုင်းကြည့်တယ်။ လုံခြုံရေးတချို့ လာချော့တယ်။ နောက်မှ ပြောပါတဲ့။
နောက်မှပြောမယ်ဆိုရင် တာဝန်ခံတယောက်လာပြော။ ကျနော် ဘေးသွားထိုင်နေပြီး စောင့်မယ်ပြောတယ်။ ရွှေတိဂုံဘုရား လုံခြုံရေးမှာ တာဝန်ရှိတဲ့သူတွေနဲ့ ဂေါပကအဖွဲ့တွေ တယောက်မှ ထွက်မလာဘူး။ ကျနော် ဓါတ်ပုံဆက်မရိုက်ဘူး။ ဒီဖြစ်ရပ်ကို ဒေါသဖြစ်တဲ့ တခြားဓါတ်ပုံသတင်းထောက်တွေလဲ ဒီလောက်မိုက်ရိုင်းတာ ဓါတ်ပုံမရိုက်ဘူးဆိုပြီး ထွက်လာကြတယ်။
နောက်ဆုံး သီရိဒုံ အင်္ဂါထောင့်ကနေ အရှေ့ဘက်စက်လှေကားကနေ ဆင်းသွားတယ်။ ဒီအချိန်မှာ လုံခြုံရေးအဖွဲ့ တွေကို ကျနော်သွားမေးတယ်။ ကျနော့်မှန်ဘီလူးကွဲသွားတယ်။ ကျနော် ဘယ်ကိုမှလဲ မတိုးပဲ အလွတ်ကြီး သွားတဲ့ကိစ္စ တွန်းတာ ဘယ်သူ့ ဖြေရှင်းပေးမှာလဲ ကျနော်မေးတယ်။
အဲ့အချိန်မှာ လုံခြုံရေးဝတ်စုံဝတ်ထားတဲ့သူတယောက်က အင်္ဂါထောင့်ရှေ့ကနေ လှမ်းအော်တယ်။ မင်းဘာသာမင်း ချော်လဲတာတဲ့။ ကျနော့် သူ့ဆီကိုသွားတယ်။ ပြောတယ်။ “ခင်ဗျား ကျုပ်ထက်အသက်ကြီးတယ်။ ခင်ဗျားလုပ်တာ ဘုရားလုံခြုံရေး။ ခင်ဗျားအခုပြောတာ ရွှေတိဂုံပေါ်မှာ။ ဘုရားပေါ်မှာ ခင်ဗျားထပ်ပြော။ ကျုပ်ချော်လဲသလား။ ကျုပ်ကို နောက်က တွန်းသလား။” ဆိုတော့ ပါးစပ်လုံးဝ ပိတ်သွားတယ်။ အဲ့တာ လူလည်ခေါင်မှာ။ ဘုရားဖူးတွေကော။ ဂေါပကတွေ လုံခြုံရေးတွေ သတင်းထောက်တွေ တပြုံတခေါင်းရှေ့မှာ ဒီလူ ဘာတခုမှ ထပ်မပြောတောဘူး။
အဲ့ဒီမှာ ကျနော့်ကို တိုက်ပုံဝတ်ထားတဲ့ ဘုရားလုံခြုံရေး ဂေါပကလူကြီးတယောက်က ပြောတယ်။ မင်းလာမအော်နေနဲ့ မကျေနပ်ရင် ရဲစခန်းသွားမယ်တဲ့။ ကျနော်ပြန်ပြောတယ်။ အိုကေ သွားမယ်ဆိုပြီး သူတို့ နောက် လိုက်သွားတယ်။ အင်္ဂါထောင့် လူတွေအများကြီးရှေ့ကနေ သူတို့နောက် လိုက်သွားတယ်။
စက်လှေကား ဂေါပကရုံးဘက်ကို ထွက်တဲ့ နားရောက်တော့ အဲ့ဒီတိုက်ပုံဝတ်လူကြီးက စကားပြောင်းသွားတယ်။ ရဲစခန်းမသွားနိုင်ဘူးတဲ့ မင်းဘာသာမင်း ချောလဲတာတဲ့။ ကျနော်ပြောတယ် ခင်ဗျား ဘုရားဂေါပက မဟုတ်ဘူးလား။ လူကြီးမဟုတ်ဘူးလား။ ဘုရားလူကြီးဖြစ်ပြီး ဘုရားပေါ်မှာ ခင်ဗျားဘာလို့ လိမ်လဲလို့။” အဲ့အချိန်မှာ ကျနော်နဲ့ အင်ပါယာသတင်းထောက် ကောင်လေးနှစ်ယောက်ပဲ ရှိတယ်။ ပတ်ချာလည်မှာ လုံခြုံရေးအဖွဲ့တွေုဝိုင်းထားတာ အောက်ထစ် ၃၀ လောက်ရှိတယ်။ ကျနော့်ကို ထိုးမယ်ကြိတ်မယ်ဆိုတဲ့ ပုံစံတွေလုပ်တယ်။ သူတို့လူကြီးကို အော်ပြောလို့တဲ့။ ကျနော်ပြောတယ် ခင်ဗျားတို့ကို ပါးစပ်နဲ့ ပြောနေတာ လက်မပါသေးဘူး။ အော်မပြောစေချင်ရင် မလိမ်နဲ့လို့။ ကျနော့်ကို တွန်းထိုးကြတယ်။
အဲ့အချိန်မှာ ပေါ်ပြူလာသတင်းဂျာနယ်က ဓါတ်ပုံသတင်းထောက်က ဓါတ်ပုံရိုက်တယ်။ လုံခြုံရေးတွေက သူ့ကင်မရာကို ဝိုင်းဆွဲတယ်။ ထပ်ရိုက်ရင် ကင်မရာရိုက်ခွဲမယ်လို့ ပြောတယ်။ အဲ့အခြေအနေ ဓါတ်ပုံတွေ ဒီမှာ…
ကျနော်ပြောချင်တာက ရွှေတိဂုံဘုရားပေါ်မှာ ကျနော် မူးယစ်ရမ်းကားနေတာမဟုတ်ဘူး။ ခိုး၊ ဆိုး၊ နှိုက် မိလို့ ကလန်ကဆန်လုပ်တာ မဟုတ်ဘူး။ ကင်မရာ နှစ်လုံးလွယ်ထားတဲ့သူ။ နောက် ကျနော်က လုံခြုံရေး အရေးကြီးတဲ့ VIP ဆီကို ဦးတည်တာ မဟုတ်ဘူး။ သူနဲ့ ဆန့်ကျင်ဘက်အရပ်ကို ထွက်နေတဲ့သူ။ ကျနော့်ကို ဘာကြောင့် ဒီလို လုပ်သလဲ။ ကျနော်မကျေနပ်ဘူး။
မကျေနပ်ဘူးဆိုတာ ကျနော့်ကို တွန်းတဲ့သူ တယောက်တည်းတင်မကဘူး။ ဖြစ်စဉ်မှာ တာဝန်ခံတဲ့ ဘုရားလူကြီးဆိုပြီး တိုက်ပုံဝတ် ဘလောင်းဘလဲ ပြောတဲ့သူတွေကော။ လူလည်ခေါင်မှာ ဘယ်သူတာဝန်ရှိသလဲ ထွက်ခဲ့ဆိုတုန်းက လူရာချီတဲ့ လုံခြုံရေးတွေထဲက တယောက်မှာ ထွက်မလာပဲ လူကွယ်ရာ ဘုရားချောင်ထဲရောက်မှ တွန်းလားထိုးလား ဝိုင်းဖြဲတဲ့သူတွေကိုကော မကျေနပ်ဘူး။
နောက် အဆိုးဆုံးကိစ္စက သတင်းထောက်၊ ဓါတ်ပုံ သတင်းထောက်မှန်းသိရက်နဲ့ ဘုရားလုံခြုံရေးက မိုက်မိုက်ရိုင်းရိုင်း လုပ်တဲ့ကိစ္စပဲ။ သတင်းထောက်တွေကို ရွှေတိဂုံလုံခြုံရေးတွေ မိုက်မိုက်ရိုင်းရိုင်းလုပ်တာ ဒီတကြိမ်ပထမဆုံးမဟုတ်ဘူး။ ဟီလာရီကလင်တန်လာတုန်းကကော ယင်လပ်လာတုန်းကကော မိန်းကလေးသတင်းထောက်ကို ရင်ဘတ်တွန်းတာတို့ တီဗီသတင်းထောက်ကို တံတောင်နဲ့တွတ်တာတို့ လုပ်ခဲ့ပေါင်းများပြီ။
ဒီကိစ္စ ဒီလောက်အထိ ကြီးကျယ်သွားဖို့ ကျနော် မစဉ်းစားထားဘူး။ မိုက်ရိုင်းတဲ့ လူအတွက် သူ့အဖွဲ့အစည်းက တာဝန်ခံပြီး ကျနော်ကျေနပ်အောင် ပြောလိုက်ရင်ကို ဒီကိစ္စ ပြီးသွားမှာ။
ကျနော့် ဌာနအတွက် မှန်ဘီလူးတလုံးက ဘာမှမဖြစ်ဘူး (ကျနော့်ကြောင့် risk ဖြစ်သွားတဲ့ မှန်ဘီလူးလဲ မနည်းဘူး။ ကျနော့် ဒဏ်ရာ (ပြည့်သူ့ဆေးရုံကြီးက အရွတ်ထိသွားတယ်လို့ ဆေးစာရေးတယ်။) က ဘာမှ မဖြစ်ဘူး။
ဒါပေမယ့် သတင်းထောက်၊ သတင်းဓါတ်ပုံသမားကို ဗျင်းလိုက်တာ၊ မိုက်မိုက်ရိုင်းရိုင်း လုပ်လိုက်လို့ရတယ် ဆိုတဲ့ ကိစ္စ ကျနော် နောက်ထပ် အဖြစ်မခံနိုင်ဘူး။
ဒဂုံရဲစခန်းကို ကျနော်နဲ့ သက်သေတွေ (ကျနော့်ဘက်က လိုက်ပေးတဲ့ အဓိက သက်သေ တယောက်က ကျနော်နဲ့ မျက်မှန်းတန်းရုံ သတင်းထောက်တယောက်၊ နောက်တယောက်က ကျနော်နဲ့ လုံးဝမဆက်ဆံဖူးတဲ့ သတင်းထောက်တယောက်။) အမှုသွားဖွင့်ပေမယ့် ရဲစခန်းက ရဲအရေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ရပါမယ်လို့ ဆိုတယ်။ ဇူလိုင် ၃ ရက် (ဒီနေ့) မနက် ၁၀ နာရီကို တရားရုံးသွားဖို့ ပြန်ချိန်းတယ်။ ဘုရားဂေါပကအဖွဲ့ကလည်း ကျနော့်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ပြန်ပြီး အမှုဖွင့်တယ် ကြားတယ်။ ဒီတော့ ဘုရားဝတ္တကအဖွဲ့ ကိုယ်စားပြုပြီး မိုက်ရိုင်းတဲ့ ကိစ္စကို တောင်းပန်မယ့် ပုံမရှိဘူး။
ဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရွှေတိဂုံလုံခြုံရေးအဖွဲ့ကို ကျနော် တရားစွဲပါမယ်။ ကျနော် ဘာကောင်မှ မဟုတ်ဘူး။ ဒါပေမယ့် ဓါတ်ပုံသတင်းထောက်မှန်းသိရက်နဲ့ ကိုယ်ထိလက်ရောက် စော်ကားတဲ့ ဒီအပြုအမူကို ဆက်သည်းခံရင်၊ ရွှေတိဂုံတင်မကဘူး ကျနော်တို့ နေရာတကာ ဒီအပေါက်အချိုးခံနေရလိမ့်မယ်။ ဒီအတွက် ကျနော့် ဒီကိစ္စကို ရေဆုံးရေဖျားအထိ၊ ကျနော် တတ်နိုင်သလောက် ဆက်တိုက်သွားမယ်။ ကျနော့်နောက်မှာ ဘယ်သူမှ မရှိတော့ရင်တောင် ဒီကောင်တွေကို ဒီလိုသွားလုပ်လို့ မရဘူးဆိုတဲ့ အသိ ဒီလို လူတန်းစားတွေရသွားတဲ့ အထိ ကျနော် တိုက်မယ်။
"မတရားတာကို မတရားဘူးလို့ မပြောရဲ မဆိုရဲရင် ပြန်မတုံ့ပြန်ရဲရင် ကျနော် သတင်းသမား လုပ်မစားတော့ဘူး။"
PS: ဒီဖြစ်စဉ်မှာ ကျနော့်နောက်က ရဲရဲ လိုက်ရပ်ပေးခဲ့တဲ့ သတင်းသမားတွေကို ကျေးဇူးတင်တယ်။
လင်းဘိုဘို
၁၂/လမန (နိုင်) ၁၂၉၆၈၀
၀၉၄၅၀၀၆၈၁၇၀
No comments:
Post a Comment